![]() |
မုဒ်ဦးအတက်မှ မြတ်စွာဘုရားအား ဗျာဒိတ်တော်ခံနေသည့် သုမေဒါရှင်ရသေ့ပုံတော် |
![]() |
လှေထွင်းတောင်အတက် အလယ်လောက်မှာ အသစ်တည်ထားတဲ့ နဂါးဘုရား |
![]() |
လှေထွင်းတောင် အ၀င်ဝ နတ်နန်း |
![]() |
လှေထွင်းတောင်၏ မုဒ်ဦးအ၀င် ဆင်နှစ်ကောင်အား ပြုလုပ်နေစဉ် |
![]() | |
အထက်ဆုံးမရောက်မှီအလယ် နဂါးဘုရားမှ အကြားအမြင်ဆရာမ ဒေါ်ကြည်ညွန့်တည်ထားတဲ့ ဘိုးမင်းခေါင်နှင့် ဘိုးဘိုးအောင်နန်း |
တောင်က အမြင့်ကြီးပါ။ မန္တလေးတောင်လောက်မြင့်တယ် ထင်ပါတယ်။ အပေါ်အထိတက်နေရင် ပုတီးစိပ်ဖို့ အချိန်နည်းသွားမှာ စိုးတာကြောင့် လမ်းတ၀က်မှာ မြင်လိုက်တဲ့ နဂါးပတ်ထားတဲ့တိုင်ရှိတဲ့ စေတီတဆူမှာဘဲ ပုတီးစိပ်ဖြစ်လိုက်ပါတယ်။ အရင်က တခေါက်ရောက်ဖို့ အတော်ခဲယဉ်းတဲ့နေရာပါ။ သူက ကျမတို့ရေဆင်းနဲ့ ပျဉ်းမနားကြားမှာရှိတာပါ။ လှေထွင်းတောင်သို့ဆိုတာကို ပျဉ်းမနားဘက်ကလာရင် ကျောက်ချက်ရွာကိုကျော်လိုက်ပြီးတာနဲ့တွေ့ရပါလိမ့်မယ်။ လမ်းတွေက အခုတော့ ကွန်ကရိတ်ခင်းထားတော့ ဖြူးနေပါတယ်။ ပထမအသွားမှာ ကွန်ကရစ်လမ်းအတိုင်းလိုက်ခဲ့တော့ လူလည်းပြတ်တယ် နည်းနည်းလည်းပိုဝေးပါတယ်။ အပြန်မှာ ရွာဘက်ကလမ်းအတိုင်း လာလိုက်တော့ တော်တော်လေးနီးပါတယ်။ ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံဘက်ကို သွားတဲ့လမ်းပေါ်မှာရှိပါတယ်။ ကျမရောက်သွားတော့ ဘုရားဖူးကားတွေတောင်တော်တော်လေးတွေ့ရပြီး ဘုရားဖူးတွေနဲ့စည်ကာ်းနေပါတယ်။
ပျဉ်းမနားမှာ မယ်တော်ဖြူ၊ မယ်တော်ညိုဆိုပြီး ညီအမနှစ်ယောက်က လှေထွင်းတောင်နဲ့ ဆင်ဖြူတောင်ကို ပိုင်တယ်လို့အယုံအကြည်ရှိကြပါတယ်။ လှေထွင်းတောင်က အမေညိုပိုင်ပြီး ဆင်ဖြူတောင်က အမေဖြူပိုင်တယ်လို့ ပျဉ်းမနားနယ်သူနယ်သားများက အယူရှိပါတယ်။ တောင်ပေါ်တက်ရင် မဟုတ်တဲ့စကားတွေ မပြောနဲ့လို့လည်း မှာကြားတတ်ကြပါတယ်။ ဆင်ဖြူတောင်ကတော့ ပျဉ်းမနားဘက်ကနေ သကြားစက်ဘက်ထွက်တဲ့လမ်းကနေသွားမှရပါတယ်။ နေပြည်တော်ဖြစ်လာတဲ့ အခါ ကျမတို့ကျောင်းသူဘ၀က တက်ခဲ့ရတဲ့တောတွေလည်း ရှင်းလင်းပြီး သာသနာ့ အဆောက်အဦတွေလည်း အများကြီးထိုးထိုးထောင်ထောင် တိုးတက်ဆောက်လုပ်လာတာကို မြင်ရပါတယ်။ ယခင်က ပေါင်းလောင်းရေအားလျှပ်စစ်ဟာ တည်ဆောက်ဆဲကာလမို့ ရေအားလျှပ်စစ်ယူထားတဲ့ ချောင်းပေါ်ကို ခွဆောက်ထားတဲ့ ကြိုးတံတားကို လှုပ်လှုပ်လှုပ်လှုပ် အသဲတယားယားလျှောက်ခဲ့ရတာ အမှတ်ရနေမိပါတယ်။ အခုတော့ ၀င်ခွင့်မရတော့ပါဘူး။ ချောင်းဟာ ရေစီးသန်တဲ့အတွက် လူစားတယ်လို့ နာမည်ကြီးပါတယ်။ တခါက ပစ်ကနစ်ထွက်တာ ကျမကိုခေါ်ပေမဲ့ ကျမလိုက်မသွားဖြစ်ခဲ့ပါဘူး။ အဲဒီအခေါက်မှာဘဲ ကျမတို့ ပစ်ကနစ်အဖွဲ့က ကားဆရာလေး ကိုခင်မောင်ကြည်ဟာ ရေဆင်းကူးရာကနေ ရေနစ်ခဲ့လို့ ဆင်းဆယ်တဲ့ ကိုဂျိန်းဆိုတဲ့ သူပါ နှစ်ဦးစလုံးရေနစ်သေဆုံးတဲ့အတွက် -အကုန်ရှုတ်ယှက်ခတ်ကုန်ကြပါတယ်။ ကျမလည်း သူတို့နဲ့အတူ လိုက်ပါမသွားတာ ကံကောင်းတယ်ပြောရပါမယ်။ မှတ်မှတ်ရရ သီတင်းကျွတ်နှစ်ကျိတ်ရှစ်ဆူပွဲနဲ့ပါတိုးနေတဲ့အတွက် ကိုဂျိန်းတို့ရဲ့မိတ်ဆွေ နာမည်ကျော် အဆိုတော် စိုင်းထီးဆိုင်ပါ ရေဆင်းရောက်လာပြီး သူ့သူငယ်ချင်း ကိုအယ်လင်ရဲ့အကို ကိုဂျိန်းရဲ့ အသုဘကို လာမေးခဲ့တာ ကြုံခဲ့ရပါတယ်။ ကျမတို့လည်း ပေါင်းလောင်းရေအားလျှပ်စစ်တည်ခဲ့တဲ့ ရေတံခွန်ရဲ့ အန္တရာယ်ကြောင့် အသက်ဆုံးရှုံးသွားတဲ့ အပေါင်းအသင်းနှစ်ဦးအတွက် အဲဒီနှစ်ဟာ ပျော်ရွှင်စရာအစား ၀မ်းနည်းစရာ အမှတ်တရ ဖြစ်ကျန်ရစ်ခဲ့ပါတယ်။ ခုနှစ်ကိုတော့မမှတ်မိတော့ပါဘူး။
ဒါဟာ လှေထွင်းတောင်နဲ့ပတ်သက်တဲ့ ကျမဘ၀မှာ ကြုံခဲ့ရတဲ့အမှတ်တရလေးတစ်ခုပါ။
နေပြည်တော်တည်စက တခါရောက်ပြီး တောင်ပေါ်အထိတက် စရဏသွားလုပ်ကြပါသေးတယ်။ အဲဒီအချိန်က ဒီအဆောက်အဦတွေမရှိသေးပါဘူး။ အခုဆိုရင် ဘုရားဖူးတွေနဲ့ပါ စည်ကားလို့ နေပါတော့တယ်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး