Sunday, March 31, 2013

သင်္ကန်းကျွန်းမှ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ဓမ္မအငွေ့အသက်များ(update 0n 2 Apr 13)

ကျမသည် ၃၀-၃-၂၀၁၃ နေ့တွင် သင်္ကန်းကျွန်းမြို့နယ်တွင် နေထိုင်သော မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး၏ ဒကာ၊ ဒကာမများထဲက တစ်စုဖြစ်သော ကျမ၏ဆရာ ဒေါက်တာမြသွင်နှင့် ဇနီးဒေါ်ခင်ခင်ဆွေ တို့ထံသို့သွားရောက်ခဲ့ပါသည်။ မတွေ့ရ မမြင်ရတာကြာပြီဖြစ်သော ကျမဆရာမိသားစုအား သွားရောက်ရန် အတွက် တာမွေမှ လိုင်းကာစီးလာရာ လည်ထွက်နေပါတော့သည်။ ဖုန်းတလုံးရှိလို့သာ တော်ပါတော့သည်။ တကယ်တော့ ဆရာတို့ဆီသွားလျင် သင်္ကန်းကျွန်းတွင် ဆရာတော်ဘုရားကြီး၏ အငွေ့အသက်များရရှိမည်ကိုလည်း မလွဲ မသွေဧကန်သိရှိနေပါသောကြောင့် လည်း သွားဖြစ်အောင်သွားလိုက်ခြင်းဖြစ်ပါသည်။ တမနက်လုံးဘုရားတဆူပြီး တဆူ ပတ်နေသော (ပတ်နေသော၊ ပုဆိန်ပေါက် ဖူးနေသောဟုသာ ကိုယ့်ကိုကိုယ်လုံးသုံးသပ်မိပါသည်) ။ မထမ ဗိုလ်တထောင် ၊ နောက် ရွှေတိဂုံ၊ နောက်ထပ် ကိုးထပ်ကြီးဘုရား၊ တာမွေတည်းခိုနေရာ တစ်ခါပြန်လာပြီး သင်္ကန်းကျွန်းဆက်သွားပါသည်။ သုမနလမ်းကို မမဆွေက ကုလားကျောင်းဘက်က မှတ်တိုင်ပြောလိုက်သည် ။ ကျမက ဇ၀နဘက်က မှတ်တိုင်ဘက်ကိုလာသည်။ သို့သော် ကျမက ခေါင်းကို အလုပ်လုပ်လိုက်သည် သုမနလမ်းမကြီးရောက်တော့ ဒီအနားမှာ ဆရာတော်ကြီး သာဝကတွေ တန်းစီပြီး နာမည်ပြောလျင်တော့ တစ်ဦးမဟုတ် တစ်ဦးနှင့် မိမှာဘဲဟု။ ထို့ကြောင့် တွေ့သမျှလူကို ဦးကျော်ဝင်း၊ ဒေါက်တာမြသွင်ဟု မေးရာ မသိကြ။ ဒီနောက် ကြံရာမရတော့ ဘပုကိုမေးရတော့သည်။ ဘပုသည် အနှိပ်ဆရာကြီး နာမည်ကြီးသည့်အတွက် ဘပုကိုတော့ တော်တော်သိကြပေသည်။ ဘပုသား၏ ၆ ထပ်တိုက်ကြီးကိုညွှန်ပြပေးသည်။ ကျမလည်း မမဆွေကိုထိုအနားတွင်ရောက်နေပါသည်ဟု ဖုန်းဆက်လိုက်ရာမှ ဆရာတပည့်မိသားစုများပြန်လည်ဆုံရတော့သည်။ ဘပု ကယ်ပေလို့သာဘဲ။
ဘပုကတော့ ဆေးရုံရောက်နေသည်ဆိုသည်။ ကျမက ကျမမသွားလိုက်ရသော ရွှေဘို ဆွမ်းလောင်းပွဲ အကြောင်းအဓိကမေးသည်။ အလွန်စည်ကားသည်ဆိုဘဲ။ ဆရာတော်ဘုရားကြီးထွက်သလားဆိုတော့ မထွက်ပါတဲ့။အဓိဌာန်ဝင်နေတဲ့အတွက် ဘယ်သူကိုမှကျောင်းအနီးအနားသို့ပင်မကပ်ရဟု ပြောပြပါသည်။
အင်မတန်မှ ပြုံးချိုသော မျက်နှာရှိသလောက် အင်မတန်မှ စိတ်ပြတ်သားသော ဆရာတော်ဘုရားကြီး၏ စိတ်ဓါတ်မှာ အံ့သြစဖွယ်ပင်။ မည်သူကိုမျှအားမနာ၊ အားမနာတော့ အားမပါတော့ပေ။ ကိုယ့်အလုပ်ကိုယ် ဖြောင့်ဖြောင့်လုပ်နိုင်၏။ ဆရာကတော့ ငါတော့ မမိုက်တော့ဘူးဟေ့ဟုဆိုပေသည်။ ဆိုလိုသည်မှာ သူများတကာတွေက မနိုင်အင်ကာ ဖူးခြင်လှချည့်ဟု ဆရာ့အားပြောဆိုတိုင်းး ဆရာက ဆွမ်းခံအ၀င် တံခါးပိတ်မည့်ဆဲဆဲ ကျောင်းတံခါးအား ပခုံးဖြင့် တိုးတိုက်ဝင်၍ ဖူးမျှော်ရအောင်ကော ၊ ရန်ဖြစ်၍လည်းကောင်း၊ မိုးမိတ်တောင် ဆရာ ဒေါက်တာမြသွင် ချဲသွားသည်ဆိုသည်တို့ပြောစမတ်။ ထို့ကြောင့် ငါခံရပေါင်းများပြီ မမိုက်တော့ဘူးဟဆိုခြင်းဖြစ်ပါသည်။
ကျမကလည်း မဟာမြိုင်တွင် ဆရာမှာကြားသည့်အတိုင်း နောက်ဆုံးသပိတ်ပါဆွမ်းလောင်းရာ ဘိုးတော် ဦးမြသိန်းနှင့်စကာများကြကြောင်း၊ ကျမဘက်က မှန်နေသည့်အတွက် ဘိုးမြသိန်းတို့ အလောင်းတော်ကသဖကျောင်းသို့ အတက်တွင် ကားဆရာပျောက်နေရာ၊ ရှာမရသဖြင့် ညနေ (၄)နာရီမှေ၇ာက်လာကြောင်းပြောပြမိပါသည်။ ကျမသည် လက်လုပ်တောင်သို့ မကြာခဏရောက်ကြောင်း၊ လက်လုပ်တောင်တွင်လည်း တရား(၂)ရက်သွားထိုင်ခဲ့ကြောင်း၊ သို့သော် အာရုံကြော မကောင်းသဖြင့် မအိပ်ခြင်ဘဲလျက် မကြာခဏ အိပ်ငိုက်ကြောင်း ပြောပြခဲ့မိပါသည်။ ဆရာတို့နှင့် စကာစမည်တော်တော်ကြာကြာပြောပြီးသော် မမဆွေမှ ကမ္ဘာအေးဘက်သွားမည်ဟုခေါ်ပါသည်။ ကျမတို့သည် တက်စီကားငှားရန်ထွက်လာရာ လမ်းကြားရောက်သော် ကိုကျော်ဝင်းဆိုသော (ဟို ဦးကျော်ဝင်း နှစ်ဦးစလုံးမှာသေကုန်ကျပေပြီ) လူလတ် တစ်ဦးမှ မမဆွေအားမြင်သည်နှင့် နှုတ်ဆက်ပြီး ဆရာတော်ကြီးကပြောတယ် (ဖဲဝိုင်းတစ်ဝိုင်းမှာ ဖဲကစားနေတဲ့သူတွေကို ဘေးကနေကြည့်ပြီး၊ ဟိုဖဲကတော့ ဘယ်လို ဒီဖဲကဘယ်လိုနဲ့ ကြံစည်နေတဲ့သူဟာ ၊ ကိုယ်တိုင်ဖဲဝင်ကစားတဲ့သူနဲ့ မတူဘူးတဲ့။ ကိုယ်တိုင်ဖဲဝင်ကစားတာက ကိုယ်တိုင်လုပ်ကြည့်နေတာတဲ့၊ အဲဒီလိုဘဲ ကိုယ်တိုင်ဘာမှ မလုပ်ဖဲ ၊ ဟိုဘုန်းကြီးကောင်းနိုး၊ ဒီဘုန်းကြီးကောင်းနိုး ဟိုဘုန်းကြီးနောက်လိုက် လိုက် ၊ ဒီဘုန်းကြီးနောက်လိုက်လိုက် လှူလိုက် ၊ ကုသိုလ်လေး ယူလောက်နဲ့ဘဲ လုပ်နေကြတယ်)လို့ မိန့်ဘူးတယ်လို့ စတင်ပြီး ကြားရပါတော့တယ်။
တက်စီငှားတဲ့နေရာရောက်ပါပြီ။ တက်ဆီသမားကလည်း အမတို့တွေငှားနေကြလူပါတဲ့။ ဒါနဲ့ ကားပေါ်ရောက်ပြီး ကျမကလည်း ကျမမေးခြင်တာတွေမေးတာပေါ့လေ။ သိပ်မကြာ ပါဘူး ကားဆရာက ကျမတို့ကို သူဟာ မဟာမြိုင်တောကြီးထဲမှာ ကားသွားမောင်းရင်းနေဘူးတယ်။ သေမလိုလည်းဖြစ်ဘူးတယ်။ သေခါနီးမှာ လူ့ဘီလူးကြီးလိုက လာပြီး ဘာကုသိုလ်တွေရှိသလဲလို့ လာမေးတယ်တဲ့။ သူတို့က ပြန်သတိရအောင်တော့ဖော်ပေးတယ်လို့ ပြောပါတယ်။ ဒါကြောင့် သေခါနီးအရေးကြီးတယ်လို့ သူ့အတွေ့အကြုံကိုပြောပြပါတယ်။ မဟာမြိုင်တောကြီးကလည်း ဘယ်ဘုန်းကြီးကိုမှ တော်တော်တန်တန် လက်မခံကြောင်းပြောပြပါသည်။ ဆရာတော်ဘုရားကြီးက အေးတဲ့အရိပ်ကိုမကြိုက်ဖူးလား၊ ကောင်းတဲ့အစာ ကို မကြိုက်ဖူးလား။ ကိုယ်က ကားမှတ်တိုင်မှာ အရိပ်ထဲနေရတဲ့အခါ အပူထဲကလာတဲ့ အသက်ကြီးဝါကြီးတွေ၊ ခလေးအရွယ်တွေကို ကိုယ့်အရိပ်ကို ပေးတာဟာလည်း အင်မတန်မှ ကုသိုလ်အားကြီးကြောင်းကို မိန့်တော်မူကြောင်း၊ သို့အတွက် အသက်ကြီးဝါကြီး ငယ်ရွယ်သူများအား မိမိအရိပ်အားမျှဝေပေးခြင်း၊ အစားအစာကောင်းများအား မျှဝေပေးခြင်းသည် ကျောင်းဆောက်သကဲ့သို့ အလား ကုသိုလ်ရကြောင်းကိုဆရာတော်ဘုရားကြီးကမိန့်ကြောင်း ကားဆရာမှ ပြောကြားခဲ့ပေသည်။
ကျမအား မမဆွေကလည်း ဦးလေးပု(ဘပု)ဆေးရုံတက်နေကြောင်း၊ ဦးကျော်ဝင်း(၂)ဦးစလုံးလည်း ဆုံးသွားပြီဖြစ်ကြောင်းပြောပြသောအခါ ယခုလမ်းသည်ကား သူ့အလှည့်ပြီး ကိုယ့်အလှည့်သာတည်းဟု သာ သတ်မှတ်မိပါသည်။ ဘပုအားလည်း ကျန်းမာချမ်းသာပါစေကြောင်းဆုတောင်းမေတ္တာပို့သမိပါသည်။ ဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး လူ့ဘ၀တွင် နေထိုင်သွားရာ နေရာဖြစ်သော သင်္ကန်းကျွန်းသို့ ရောက်သော် သင်္ကန်းကျွန်းသားတို့သည် ဆရာတော်ဘုရားကြီး၏ ဓမ္မများအား နှလုံးသားတွင် ခိုအောင်းနေကြရာ ဓမ္မအငွေ့အသက်များ ဓမ္မစကားများအား ကျမသွားရောက်သည့် တနာရီအတွင်းတွင်ပင် ကြားခဲ့နာခဲ့ရသည်ကို ဆရာတော်ဘုရားကြီးအား ကြည်ညိုကြကုန်သော ကမ္ဘာအနှံတွင် ရှိနေသည့် ဗုဒ္ဓဘာသာများအား ပေးဝေငှ မျှလိုက်ပါသည်။
ထိုမှ ကမ္ဘာအေး လှိုဏ်ဂူထဲတွင် ဘုရားကန်တော့ကြပြီး ကျမနေထိုင်ရာ တာမွေမှ ပါရမီကားကြီးဝန်းရှိ ရွှေမန်း သူကားဖြင့် ရေဆင်းသို့ ပြန်လာခဲ့ရပါသည်။ ဆရာတို့နှင့် ဒီထက်မက စကားပြောခြင်ပါသေးသော်လည်း ၊ သဲဖြူဆရာတော်ဘုရားကြီး ထီးတင်ပွဲ မဟာမြိုင်တွင်ကျင်းပလျင် မမဆွေက သွားဦးမည်ဆိုပါသည်။ 
မမဆွေပေးလိုက်သော မိုးမိတ်တွင် ဆရာတော်ဘုရားကြီးဆွမ်းခံကြွရာ တနေ့ပြီး တနေ့မှတ်တမ်းတင်ထားသော အခွေအား ယခုပို့စ်တင်ရင်းမှ ကြည်ညိုစွာကန်တော့ရင်း-
ဆရာတော်ဘုရားကြီး ကျန်းမာချမ်းသာပါစေ ခန္တာ့ဝန် သာသနာ့ဝန်ကို ထမ်းဆောင်နိုင်ပါစေသတည်းဟု ဆုတောင်းပဌာနာပြုရင်း။

ဆရာဒေါက်တာမြသွင် ၊ ဇနီးဒေါ်ခင်ခင်ဆွေနှင့် အမကြီး

မမဆွေ ရတနာသုံးပါးအာရုံပြုနေစဉ် (ရွှေဘို ဆွမ်းလောင်းပွဲ)
   
ဘယ်အစွန်က လက်လုပ်တောင်မှာ ဆရာတော်ကြီးသီတင်းသုံးစဉ်က နိဗ္ဗာန်ဆော် အဘ ဦးစိန်မောင်ပါ။ ကွယ်လွန်သွားရှာပါပြီ။ အလယ်က တိုက်ပုံနဲ့ကတော့ ဘပုပါ။ ဘပုက အများတကာကြားမှာ ထင်းနေတဲ့သူပါ။ ဘပုရဲ့ ညာဘက်ကတော့ ယခုတိုင် ဂေါပကအဖွဲ့ထဲပါနေတဲ့ ဦးတင်အေး (ငယ်စဉ်) ကဖြစ်ပါတယ်။

ဒီပုံကလည်း အပေါ်ကအဖွဲ့ပါဘဲ။ လက်လုပ်တောင်က ဆရာတော်ဘုရားကြီးရှိစဉ်ဆောက်သွားတဲ့ ၀ိဇ္ဇောဒါယ ဓမ္မာရုံအတွင်းမှာ ဖြစ်ပါတယ်ရှင်။ အင်မတန်ဆရာတော်ဘုရားကြီးကို ကြည်ညိုကြတဲ့အဖွဲ့တွေပါ။ အခုတော့ ဘပုက ဆေးရုံ တက်နေရတယ်လို့ ကျမရန်ကုန်ရောက်စဉ်က မမဆွေကပြောပြခဲ့ပါတယ်ရှင်။

မပါမပြီးတာက နဂိုချွန်လို့ဆရာတော်ဘုရားကြီးနာမည်မှည့်ထားတဲ့ စာရေးဆရာဦးသွေးချွန်ပါဘဲ။ ကျမငယ်ငယ်က နက္ခတ္တေ၇ာင်ခြည် မဂ္ဂဇင်းကို အရမ်းဖတ်ခဲ့ပါတယ်။ ဦးသွေးချွန်ဟာ ဗုဒ္ဓဂါယာရောက်အောင် ယင်းတော်ဓါတ်တော်တိုက်မှာ အဓိဌာန်ဝင်တယ်လို့ ဖတ်ခဲ့ဘူးလို့ သူရေးတဲ့ ဆောင်းပါးကြောင့် ကျမတို့ ယင်းတော်(ပျော်ဘွယ်ကျော်ကျော်)မှာရှိတဲ့ ဓါတ်တော်တိုက်ကို ရောက်ခဲ့ရတာဖြစ်ပါတယ်ရှင်။ ဦးသွေးချွန်ဟာ ဆရာတော်ကြီးနောက် တကောက်ကောက်လိုက်ခဲ့တဲ့သူပါ။ ကျမတို့နဲ့လည်း လက်လုပ်တောင်မှာ ဆုံခဲ့ဘူးပါတယ်။ သို့သော် သူနဲ့ ကျမဆရာဒေါက်တာမြသွင်တို့သာစကားပြောကြတယ်၊ ကျမတို့ အဲဒီတုံးက ခလေးပေါ့လေ။ ဒါကြောင့် ဦးသွေးချွန်တို့ ဘပုတို့ ဦးပေါ(မိုင်းဖုန်း) တို့ စတဲ့ ဆရာတော်ကြီးရဲ့အမာခံ ဒကာကြီးတွေကို သိနေတာဖြစ်ပါတယ်ရှင်။
ဘပုလည်း မြန်မြန်ဆေးရုံကဆင်းပြီး မြန်မြန်နေကောင်းပါစေလို့ မေတ္တာပို့သလိုက်ပါတယ်ရှင်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts