Sunday, December 2, 2012

ဗုဒ္ဓ၏ (သံ)ဂုဏ်တော်ပါရမီနှင့် ရဟန်းမှသည် အကျွတ်အလွတ်ဆီသို့


 သံ (သမ္မာသံဗုဒ္ဓ)သည် ပါရမီတော်အဟုန် အဖုံဖုံတို့ကို ညွှန်းဆိုနေသည်။ ကိုယ်တိုင်သိဟုဆိုသော်လည်း နောက်ခံပါရမီ အရှိန်တို့၏တွန်းအားမပါက သိဖို့နေနေသာသာ ကျင့်လိုစိတ်ပင် မပါပြီ။ သူတကာအားကျ ပြီး ငါလည်းရလိုရငြား ကျင့်ပါသော်ကော အကျင့်မှ အသိသို့ထိုးမတက်နိုင်။
 သို့ကြောင့် ဘုရားရှင်၏ နိမိတ်ကြီးလေးပါး မြင်တွေ့ရာတွင် နောက်ဆုံး၏ ပုဗ`္ဗနိမိတ်ဖြစ်သော သာမဏမည်ရုံမျှဖြင့် ကိလေသာငြိမ်းအေးပြီး အိုရေး-နာရေး-သေရေးဘေးမှ လွတ်ရေးအမှန်သည် ရဟန်းဘ၀သာ ဧကန်ပါဟူ တထစ်ချဆုံးဖြတ်နိုင်ခဲ့ခြင်းသည် ထိုပါရမီတော်အရှိန်အဟုန်တို့၏ တွန်းအားပင့်အားကြောင့်သာဖြစ်ချေသည်။အကယ်တိတိ နောက်ဖြည့်ပါရမီမပါ။ 
လူသာမန်သာဖြစ်ခဲ့သော် လူအိုနှင့် ပက်ပင်းတွေ့သော်မှ အတွေ့သည် အတွေ့ဖြင့်သာရပ်တန့်သွားပေမလိမ့်မည်။ အတွေးနှင့်အသိသို့ထိ ခရီးမဆက်တော့ပြီ။

လူနာတို့နှင့်လည်း မကြာမကြာတွေ့ခဲ့ရသည်။ ကိုယ်ကိုတိုင်လည်းခံစားဘူးခဲ့ရသည်။ သို့တစေလည်း အနာပျောက် စိတ်ကောက် မဖြောင့်လာခဲ့။
လူသေတို့နှင့်လည်း မကြာမကြာလိုက်ပို့ခဲ့ရ။ သေကောင်ပက်လက်လည်းတွေ့ခဲ့ရ၏။ သို့တစေလည်း သူ့အသေ ငါ့အသေဖြစ်မလာပြီ။ ၄င်းသေနေ့စေ့လို့သာသေသွားရသည်။ ငါနှင့်ကားမဆိုင်ဟူ အယူရှိသည်။ သန်မာနေတုံးသေမင်း ဗြုန်းစားကြီး မခေါ်ဟူလည်း အယူရှိ၏။
·         ရှင်သူသည် မျက်မြင်ဝယ် မသေသေး၍ သေရေးကိုမကြောက်တတ်
·         ရှုင်သူသည် သေမည့်ရက် ဇယားကွက် မတွေ့မိသေး သေဘေးကို မရွံ့တတ်
·         ရဟန်းတို့ကိုကား နိစ္စဓူဝနေ့စဉ်နှင့်အမျှ ဖူးတွေ့ခွင့်ရနေကြသော်လည်း ထိုရဟန်း၏အကျင့်ကို လှမ်းလင့်၍ ဥာဏ်မယူတတ်ကြပြီ။
·         ရဟန်းသည် လူသားတို့ကို ဆန့်ကျင် မမြင်မြင်အောင်လမ်းထွင်ကျင့်ပြလျက်ရှိ၏။
·         လူသားတို့က မယားနှင့်ပျော် သားနှင့်ပျော်နေကြချိန် ရဟန်းတို့ကတပါးတည်းပျော်ပြနေပါ၏။
·         လူသားများက လောဘရမ္မက်ဖြင့် စီးပွားတက်ရန် ကြိုးစာားနေချိန် သီလကိုဖက် စီးပွားတက်ပုံကို ပြနေ၏။
·         လူသားများက အနိုင်ကျင့် အနိုင်ယူနေချိန် အရှုံးပေး အနိုင်ရပုံကို ပြသနေပါ၏။
·         လူသားများက အစတွင်သာပျော် အဆုံးဝယ် ဒုက္ခပေါ်နေချိန် အစအလယ်အဆုံး ပျော်နေပုံ ပုံဟပ်ပြနေပါ၏။
·         သို့တစေလည်း ပါရမီဥာဏ် အဆံမပါသော လူသားတိုင်း ပြတိုင်းလည်းမသိ။ ကြည့်တိုင်းလည်း မမြင်။ ယှဉ်တိုင်းလျင်ရှောင်ဖြင့် ရဟန်းတွေ့သည် အတွေ့ဖြင့်သာ လမ်းဆုံးရတော့၏။ ရဟန်းဓလေ့သည် မိမိနှင့် မဆိုင်သော အလုပ်ဟူသာ မှတ်ထင်လေတော့၏။


ဘုရားရှင်က ထိုသို့မဟုတ်ခဲ့ပြီ။
အထက်ပါ နိမိတ်ကြီးလေးပါး စိတ်ဝယ်အထင် မြင်ရုံမျှဖြင့် နောက်ခံပါရမီတော် အဟုန်တို့က နှိုးဆွပေးလိုက်ရာ ရွေးရမည့်လမ်းကိုလည်း တန်းသိ၏။ သိသည့်အလျောက်လည်း သူ့ရဟန်းမှ ငါ့ရဟန်းအဖြစ်သို့လည်း တောက်လျောက်ကောက်ယူ၏။ ယူပြီူသည့်နောက်တွင်လည်း သင်္ကန်းဝတ်ရဟန်းမှသည် အကျွတ်အလွတ် ရဟန်းအထိ ကိုယ်တိုင်ကျင့်ကြံတော်မူ၏။ သို့ကြောင့်လျှင် သမ္မာ(သံ) ကိုယ်တော်တိုင်ဟူသော ဂုဏ်ပုဒ် သရုပ်ထွက်ခဲ့ခြင်းတည်း။
ကား ဘုရားရှင်မြင်သော ကိုယ်တော်တိုင်၏ သဘောဓမ္မတာတည်း။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ (ရတနတ္တယ ဇောတိနိကထာ= စာ၁၉၁-၁၉၃)

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts