ဘယ်တုံးကမှ ဘယ်သောအခါမှ ရွှေဘိုဆိုသောမြို့ကို လာရောက်လည်ပတ်ဖို့ စိတ်ကူးမရှိခဲ့ပါ။ မန္တလေးနဲ့ ကသာမြို့ ရထားလမ်းတကျောမှာ ရှိနေတဲ့မြို့တွေကို ကျမစိတ်သိပ်မ၀င်စားခဲ့ပါဘူး။ ကျမက သဘာဝအလှအပတွေ ရှိတဲ့နေရာ တောတောင်တွေ မြစ်တွေမြင်ရမှ စိတ်ချမ်းသာတတ်သူပါရှင်။ ၁၉၇၄ စိုက်ပျိုးရေးတက္ကသိုလ်တက်စဉ်က ကျမမှာခင်မင်တဲ့ သူငယ်ချင်းတစ်ဦးရှိခဲ့ဘူးပါတယ်။ သူကတော့ ကိုဘိုကြီးပါဘဲ။ သူကအသားညိုညို မျက်နှာက လေးဒေါင့် မကျတကျ ပုဆိုးအရှည်ကြီးဝတ်ပြီး ညာဖက်လက်နဲ့ ပုဆိုးကို စွန်ဒေါင်ဆွဲဆွဲပြီး အေးအေးလေးလေး နေတတ်တဲ့ သူပါ။
ကျမတို့ စေတနာရှင်သက်သာဆိုင်အဖွဲ့ တေးဂီတဖျော်ဖြေရေးအစီအစဉ်လုပ်တဲ့အခါ ဂစ်တာတီးတော်တဲ့ ကိုဘိုကြီးနဲ့ ပိုပြီးခင်မင်သွားပါတယ်။ သူ့အတွက် လက်ချာစာတွေ အုပ်လိုက်ကူးပေးရတာမို့ သူကလည်းကျမကိုတော်တော်ခင်ပါတယ်။ ခင်မင်သူတော်တော်များများကြုံသလိုအလုပ်ဝင်ကြပါသည်။ ကျမ ကချင်ပြည်နယ်သူဖြစ်သော်လည်းအိမ်သို့မပြန်ဖြစ်တော့ဘဲ သူငယ်ချင်းများနှင့်အတူရေဆင်းတွင်ပင်အလုပ်ဝင်ဖြစ်ခဲ့ပါသည်။ကိုဘိုကြီးနဲ့လည်း အဆက်အသွယ် ပြတ် သွားပါချေတော့သည်။
မထင်ဘဲရောက်လာပါပြီ ရွှေဘိုဆီ။ ထိုအချိန်က ကန့်ဘလူမြို့နယ် ရွှေဘိုမြို့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသီတင်းသုံးသောအချိန်ဖြစ်ပြီး တရားစခန်း ဖွင့်သောအချိန်ကာလ ဖြစ်ပါသည်။ ကျမ၏ဆရာမိသားစုနှင့်အတူ ရွှေဘိုမြို့နယ်၊ ကျီကျင်းကျေးရွာ၊ ဆရာတော်ဘုရားကြီးသီတင်းသုံးရာ နတ်တလူ တောရစခန်းကိုရောက်လာကြပါတော့သည်။ ရန်ကုန်မှ သာဝက ဦးလေးပု၊ ဦးကျော်ဝင်းစသည်တို့အဖွဲ့များပြားလှစွာသော သာဝကများ ဝေနေယျများ အလျိုလျိုရောက်လာကြပါသည်။ ယောဂီများ နေထိုင်ရန် ၀ါးကျောင်းတဲတန်းများကလည်း အများအပြား။ ထိုစဉ်က ဗိုလ်မှူးမြသန်းစံ(စာရေးဆရာဦးမြသန်းစံ) တရား လာထိုင်မည်ဖြစ်သဖြင့် ဆရာတော်သည် သီးသန့်အဆောင်ဆောက်ပေးရန်ညွှန်ကြားထားသဖြင့် ဆောက်ပေးနေပါသည်။ စစ်စည်းကမ်းနှင့်အရပ်စည်းကမ်းသည် မတူညီသည့် အတွက်ကြောင့် သီးသန့်ဆောက်ပေးခြင်းဖြစ်ကြောင်းဆရာတော်ကြီးက မိန့်ပါသည်။
ညနေပိုင်းတွင် ယောဂီများအားရေပေးရန်အတွက် ပိုက်မလုံလောက်သောကြောင့် လိုအပ်သောပစ္စည်းများဝယ်ရန် ဆရာ့သား မောင်ဆယ်ပြား (ဆရာတော်ကြီး ပေးထားသောနာမည်-ကျော်ထင်ဦး)နှင့်အတူ ကျမတို့သည်ရွှေဘိုမြို့ထဲသို့ နတ်တလူတောရမှ ဆင်းလာခဲ့ပါသည်။ မြို့ထဲရောက်သော် ရုပ်ပျိုဆေးကြော်ငြာကြီး အား ဈေးထဲတွင်တွေ့လိုက်ရပါသည်။ ကျမသည်ချက်ခြင်း ကိုဘိုကြီးကိုသတိရလိုက်သည်။ ဆရာတော်ကြီးရောက်နေတာသိရဲ့လား ဖူးရရဲ့လားဆိုသည့်စိတ် ဖူးစေခြင်သောစိတ်ဖြင့် ပိတ်ကြော်ငြာကြီးအောက်မှ ဖုံးနံပါတ်အတိုင်း ဖုံးဆက်လိုက်ပါသည်။ သူကား မန္တလေးသို့ ဆင်းသွားသည်ဟုသိရသဖြင့် သူ့အလုပ်ရုံမှ မန်နေဂျာအား ဆရာတော်ကြီးထံသွားဖူးရန်၊ သင်္ကန်းလှူဘို့တပါးတည်းယူသွားရန်၊ အကယ်လို့ ဆရာတော်ကြီးထံသွားလိုပါက ရွှေဘိုမှဒေါက်တာအိုကေ နှင့် ဆက်သွယ်စုံစမ်းရန်မှာကြားထားခဲ့ပါသည်။ နောက်(၃)နှစ်ကြာသော် ကျမနှင့်ရုပ်ပျိုဦးဘိုကြီး ဆုံကြပါသည်။ သူက သူငယ်ချင်းများရှိတဲ့ ရေဆင်းကို တမင်ဝင်လာမှ တွေ့ရခြင်းဖြစ်ပါသည်။ သူ့ကိုတွေ့သည်နှင့် ဆရာတော့်ထံရောက်ပြီလားဟုမေးရာ ဆရာတော့်ထံ မရောက်သေးဟုသိရပြန်ပါသည်။ တခါသူသည်နိုင်ငံတော်မှ ချီးမြှင့်သည့် သုဓမ္မမဏိဇောတဓရ၊ သီဟာသုဓမ္မမဏိဇောတဓရဘွဲ့ အားအပ်နှင်းခံရသဖြင့် ၄င်းဘွဲ့ယူပြီး အပြန်ခရီးတွင် ရေဆင်းသို့ ဇနီး၊ သမီးများနှင့်မိသားစုနှင့်တကွ ကျမအိမ်သို့ ၀င်လာပါသည်။ ကျမကမေးရာဆရာတော်ကြီးထံရောက်ပြီးပြီလားဟုမေးရာ သူ့အဖြေကားကျမကိုစိတ်ပျက်စေသည်။ ကျမသည်စိတ်ပျက်ပျက်နှင့် ဒို့တောင်ရွှေဘိုလိုနေရာကို အဝေးကြီးက လာရတာဟုပြောမိပါသည်။ သည်လိုနှင့်နှစ်တော်တော်ကြာမတွေ့ဖြစ်ဘဲနေပြန်ပါသည်။
၁၉၈၀ ခုနှစ်၏ အာစရိယပူဇော်ပွဲတွင် ကိုဘိုကြီးလာမည်ဟူသောသတင်းသည် ရှေ့ပြေးရောက်လာ၏။ သူမလာခင် ကျမနှင့် ဖုန်း(၂)ကြိမ်လောက်ဆက်ဖြစ်သည်။ ဖုန်းထဲတွင် မဟာဗောဓိမြိုင်ဆရာတော်ကြီးကို သူဖူးပြီးပြီ၊ ရေဆင်းရောက်ရောက်ခြင်း နင့်ကိုလာတွေ့မယ်ဟုပြောပါသည်။ ၁၉၈၀ ခုနှစ်များ၏ အာစရိယပူဇော်ပွဲနေ့တွင် ဦးဘိုကြီးသည် ကျမရှိရာ ရုံးခန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာပါတော့သည်။ (ငါ ဆရာတော်ကြီးဆီရောက်ခဲ့တယ်ဟ။ ဘုန်းကြီးက တကယ် ထူးဆန်းတယ်ဟာ ငါ့ကိုလည်းမသိဘဲနဲ့ ရုပ်ပျိုဦးဘိုကြီးမဟုတ်လား။ မာနကလည်းတယ်ကြီးသကိုး။ ရွှေဘိုမှာရှိတုန်းက တခါမှ မရောက်လာဘဲ အခုမှရောက်လာတော့တယ်)လို့ပြောတယ်ဟာ။ ငါလည်း လန့်သွားတာဘဲ ငါ့ကို ရုပ်ပျိုဘိုကြီးမှန်း ဘယ်လိုသိသလဲဟုအားရပါးရ ပြောပြပါတော့သည်။ သူကား ဆရာတော်ကြီးသည် သူ့ကို မသိဘဲနှင့် သိနေသည့်အဖြစ်ကို အံ့သြ၀မ်းသာနေပုံရပါတော့သည်။ သူ့မျက်နှာတွင်ကားဆရာတော်ဘုရားကြီးအကြောင်း ပြောရင်းတောင် ကြည်ညိုစိတ် ပီတိဖြစ်နေစိတ်များက အရောင်ဟပ်လျက်ရှိပါသည်။ ကျမလည်း ဘာကြောင့်ဆရာတော်ကြီးထံ ဖူးမျှော်ခိုင်းတယ်ဆိုတာသိပြီမဟုတ်လားဟု စိတ်ပေါက်ပေါက်နှင့် ပြောလိုက်မိပါသည်။ စေတနာကိုနားမလည်ဘူး။ ဒို့ဖြင့်ဆရာတော်ကြီးကြွသွားတဲ့နောက် ဒို့ဆရာမိသားစုလိုက်တိုင်း မလိုက်ရမှာ စိုးလွန်းလို့ဟု ပြောမိပါသည်။ ဒို့ဆရာက ပင်စင်ယူသွားတော့ ရန်ကုန်ပြောင်းသွားတော့ ဝေးသွားသလို ဆရာတော်ဘုရားကြီးဆီလည်း ထပ်မရောက်တော့ဘူးဟု ကျမမှ ပြောမိပါသည်။ သူနှင့်ထပ်မတွေ့တော့ပါ ဖုန်းနဲ့တော့ စကားပြောမိပါသည်။ သို့နှင့် လွတ်တော်အမတ်ရွေးပွဲတွင် ၀င်ပြိုင်မည်ဖြစ်ပြီး သူစည်းလုံးရေးအတွက် ရွာတွေဆင်းနေသည် ဟုသိရပါသည်။ သူလည်းထိုအခါမှ စပြီးမအားတော့ပါ။ လွတ်တော်အမတ်ဖြစ်လာပြီး ပထမအကြိမ်လွတ်တော်လာတက်စဉ်လည်း ကျမတို့သူငယ်ချင်း အုပ်စုနှင့် ဖုန်းသာဆက်သွယ်မိပါသည်။ နောင်တွင် သူနေမကောင်းကြောင်း၊ နိုင်ငံခြားတွင်ဆေးသွားကုကြောင်း ကြားသိရပါသည်။ ဇန`န၀ါရီလ ၂၈ ရက်နေ့တွင် နေပြည်တော်တွင် လွတ်တော်တက်ရောက်ရင်းကွယ်လွန်သွားပါသည်။ ကွယ်လွန်သောနေ့ကနေ့ခင်း(၁၂)နာရီတွင် သူ့အလောင်းကို နေပြည်တော်မှ သယ်သွားကြောင်း ဖုန်းသတင်းရောက်လာပါသည်။ သူမဆုံးမှီ (၁)ပတ်ခန့်က သူ့ဇနီးထံ ဖုန်းဆက်မေးလိုက်ပါသေးသည်။ သူ့ကျန်းမာရေး အခြေအနေကောင်းနေသည်ဟုသိထားရသည့် ကျမတို့သူငယ်ချင်းများမှာ အံ့သြမဆုံး ဖြစ်သွားပါသည်။
သူက ရှေ့ကသေခြင်းတရားကိုပြသွားပါသည်။ ကျမတို့လည်းမကြာမီသူ့နောက်လိုက်ရပါလိမ့်မည်။ ရွှေဘို၊ ၇န်ကြီးအောင်ရပ်အိမ်သို့ သူအသက်ရှင်စဉ်ရွှေဘိုသို့ ဆရာတော်ကြီးထံလာတုန်းကတော့ မရောက်ဘဲ သူသေမှသူ့အိမ်သို့ အသုဘရှုသွားခဲ့ကြပါသည်။ သေခြင်းကားဆန်းတော့မဆန်း ကိုယ့်အလှည့်ကို ထမင်းစားပြီးစောင့်နေရသည်သာဖြစ်သည်။ ကျမသည်လည်း ဆရာတော်ကြီးထံအရောက်သွားမည် ကွေးသောလက်မဆန့်မှီဟု ဆုံးဖြတ်ချက်ချကာ အပြေးလေး မဟာမြိုင်သို့ ရောက်သွားပါတော့သည်။ မဟာမြိုင်ရောက်သော် ရွှေဘိုမြို့မှ ဆရာတော်ကြီးကပ္ပိယ ဒေါက်တာကြီး ဦးသန်းထွေးအောင်မှ ခေါင်နန်းမလ္လင် ဓမ္မေသစခမ်း၏ ကွန်ကရစ်လမ်းတွင် ရုပ်ပျိုဦးဘိုကြီးမိသားစုမှ သိန်း(၃၀)ကျပ်ပါဝင်လှူဒါန်းထားကြောင်းနှင့် ဆရာတော်ကြီးသည် သူ့ကို ပထမအကြိမ် လာဖူးသောအခါ သာမန်လိုသာ ဆက်ဆံလိုက်သော်လည့်း၊ ဒုတိယအကြိမ် ဆရာတော်ကြီးထံ လာရောက်ဖူးမျှော်သောအခါ ဆရာတော်ဘုရားကြီးက ကိုဘိုကြီးမှ ကျမကိုပြောသလို မိန့်ကြောင်းပြောပြပါသည်။ စိတ်ကိုနိုင်သောသူတို့သည် စိတ်စွမ်းအားကို လူတဦး၏ အမည်နာမကအစ ပြောဆိုနိုင်သည် စိတ်ကို အသုံးချနိုင်သည်မှာ အံ့ဘွယ်ဖြစ်ပါသည်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအခွေထဲတွင် ရွှေဘိုအဖွဲ့များ ဂါရ၀ပြုသွားသည့်အခါ တရားနာနေသော ကိုဘိုကြီးကိုပုံကို ဖော်ပြလိုက်ပါသည်။ လူသားအကျိုးကို များစွာဆောင်ရွက်ခဲ့သော ကျမတို့ သူငယ်ချင်းကို ဂုဏ်ပြုလျက်…।ကောင်းရာသုဂတိဘုံမှ သာဓုခေါ်နိုင်ပါစေ။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး