မဟာဗောဓိမြိုင်ဆရာတော်ကြီးတရားခွေများကိုဒိုင်ခံရိုက်ကူးသော အောင်နီဦးဗွီဒီယို(တန့်ဆည်)အတွက် အမှတ်တရ စာစုလေးဖြင့် ဂုဏ်ပြုလိုပါသည်။
ကျမမိတ်ဆွေ ထိပ်တန်းတေးသံသွင်းမှ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏အခွေကိုဓမ္မဒါနအဖြစ်ပေး လိုက်ပါသည်။ အခွေနောက်ကျောတွင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမှ မေတ္တာရှင်ဇ၀နကို ပြောကြားသော သြ၀ါဒစကားများထဲမှ ကျမအလွန်သဘောကျသော (ဟုတ်လည်းခံ မဟုတ်လည်းခံ) စာစုကိုရေးထားပေးသည်။
ဘုရား ရဟန္တာကလွဲလို့ အကုန်လုံးအမှားမကင်းနိုင်ဘူး။ အရေးကြီးတာက စေတနာမှန်ဘို့ဘဲ။ကိုယ်လုပ်မဲ့ ပြောမယ့်ကိစ္စတွေဘုရားအဆုံးအမနဲ့ ညီမညီစိစစ်ကြည့်ပါ။ သူတို့ဝေဖန်တာမှားနေရင် ကိုယ့်လုပ်ရပ် စေတနာသူတို့မသိလို့ဘဲ ဆိုပြီး ပြုံးပြုံးလေးနဲ့ခံလိုက်ပါ။ သူပြောတာမှန်နေရင်တော့ ကိုယ်က သူပြောတဲ့အတိုင်း ငါမလုပ်မိတာဘဲဆိုပြီး ခံသာခံပေတော့ပေါ့။(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)
အခွေနောက်ကျောအဖုံးပေါ်တွင်ပါသော တရားပုဒ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ရွှေမြင်တင်တောင်မှ မပဒါန်းဂူသို့ကြွချီခြင်းနှင့်တရားဟောခြင်း
၂။ မဟာဗောဓိမြိုင်ဆရာတော်မှ သံဝေဂဆရာတော် အရှင်သောမအား သြ၀ါဒမိန့်ကြားတော်မူခြင်း
၃။ အရှင်သောမ-အဓိပ္ပါယ်ရှိသောနေ့တရားတော်(မိုးမိတ်)
၎။ မဟာဗောဓိမြိုင်ဆရာတော်ကြီးအား အရှင်ဇ၀နမှ သွားရောက်ဖူးမျှော်သြ၀ါဒခံယူခြင်း
၅။ အရှင်ဇ၀န-သင်လူတစ်ယောက်ဖြစ်ပြီလားတရားတော်(မိုးမိတ်)
ထိုအခွေကို မန္တလေး၊ ……. တရားပြန့်ပွားရေးမှ ဖြန့်ဖြူးပါသည်။ နံပါတ်(၁)မှာ အမှန်အကန်ပါ။ နံပါတ်(၂)တွင်သြ၀ါဒစကား အမြီးအဖျားလေး ၁၀ မိနစ်စာသာပါပါသည်။ ကျန်တာ အရှင်သောမတရားဖြစ်ပါသည်။
နံပါတ်(၄)အပုဒ်မှာလုံးဝမပါပါ။ အဓိက ဆရာတော်ဘုရားကြီးတရားခွေများကို ဒုက္ခခံပြီးရိုက်ကူးသူမှာ အောင်နီဦး ဗွီဒီယို(တန်ဆည်)ဖြစ်ပါသည်။ မဟာမြိုင်တောကြီးထဲကို တစ်ကြိမ်ဗွီဒီယိုရိုက်ကူးရန် သွားရောက်ရသည်မှာလွယ်ကူသည်မဟုတ်။ အခက်အခဲများစွာရင်ဆိုင်ရသည်။ တောနက်ကြီးကိုသွားရ သည့်အတွက်လမ်းအခက်အခဲ၊ ပြီးလျင် မယ်တော်ကြီး ပန်ထွာဘုရင်မ၏ မကြည်မကြည်သလို လုပ်တတ်သည့် အခက်အခဲ။ မယ်တော်ကြီးက သူစိတ်မထင်လျင် ကားဘီးတွေဖေါက်တတ်တဲ့အတွက် သူ့နန်းနေရာမှ ဆရာတော်ကြီးသီတင်းသုံးရာ ခေါင်နန်းပလ္လင်ဓမ္မေသစခန်းအထိ (၈-၉)မိုင်ခရီးကို လမ်းတွင်ဘာမှမရှိဘဲ လမ်းလျောက်ခဲ့ရသူ၊ လမ်းတွင် ဘီးဖေါက်ပစ်လို့ မဟာမြိုင်မလာရဘဲ ရွှေဘိုကိုခေါက်သွားရတဲ့သူ၊အပြန်လမ်းမှာ ကားဘီးဖေါက်လို့ တန်ဆည်အထိမိုင်(၄၀)လမ်းလျောက်ခဲ့ရသူတွေရှိပါတယ်။ အခက်အခဲအမျိုးမျိုးကြုံခဲ့ကြရတဲ့ သူတွေပါ။ ဆရာတော်ဘုရားကြီးကိုယ်တိုင်လည်း သူ့ထံလာသူတွေကို မိပန်ကြီး (မယ်တော်ကြီး ပန်ထွာဘုရင်မ)ကပညာပြတတ်တာကိုသိလို့ မိပန်ကြီးရေ လျော့လျော့ပေါ့ပေါ့ လုပ်ပါဟယ်လို့ ပြောဆိုခဲ့ပါတယ်။ အရှင်ဆန္ဒဓိကာ လာဖူးတုံးကလည်း ဆရာတော်ကြီးသည် ဦးဆန်ကြီး ဒီတခေါက်မိပန်ကြီးနဲ့အဆင်ပြေရဲ့လားလို့ မေးပါတယ်။ တောကြီးတောင်ကြီးထဲ ကားတွေဘီးပေါက် တိုင်ကီထဲကရေတွေပွက်ပွက်ဆူတာမျိုးတွေ ဖြစ်လေ့ရှိကြသလို ချောချောမွေ့မွေ့ရောက်သွားသူတွေလည်းရှိကြပါတယ်၊ဒီတော့ ကျောင်းရောက်ဖို့ ခက်ခက်ခဲခဲကိုသွားကြလာကြရတာပါ။ ဆရာတော်ကြီးထံလာကြတဲ့အဖွဲ့တွေနဲ့ ဦးသန်းရှိန်က အခက်အခဲမျိုးစုံကြားမှ မှတ်တမ်းတင်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဦးသန်းရှိန်အပြင် အဖွဲ့လိုက်လာကန်တော့တဲ့ (ဇီးကုန်း၊ ရွှေဘို စသည်)တချို့သာလျင် သူတို့ကင်မရာမင်းနဲ့သူတို့ပါတာဖြစ်ပါတယ်။ အဓိကရိုက်ကူးခဲ့တာ ကတော့ ဦးသန်းရှိန်၊ ဒေါ်ခင်မာနှင်း(အောင်နီဦး ဗွီဒီယိုဖြစ်ပါတယ်)။ ဆရာတော်ဘုရားကြီးတရားတွေနာကြားရတိုင်း သူတို့ ရိုက်ကူးပေးခဲ့လို့ဆိုပြီး ကျေးဇူးတင်မိခဲ့တာ အကြိမ်ကြိမ်ပါဘဲ။ သူတို့မိသားစုခက်ခက်ခဲခဲရိုက်ကူးထားသော အပုဒ်(၂)ပုဒ်ကို ဓမ္မဒါနမဟုတ်ပါဘဲ စီးပွားရေးသဘောမျိုး လုပ်ရဲသည်ကို အတော်အံ့သြမိပါသည်။ ကျမသည် မဟာမြိုင်တောကြီးထဲရောက်စဉ် ဆရာတော်ကြီးများ အခွေလိုခြင်သောကြောင့် ဒေါက်တာကြီးဦးသန်းထွေးအောင်နှင့်စကားစပ်ပြောမိရမှ ဆရာတော်ဘုရားကြီးသည် သူ၏တရားတော်များကို စီးပွားရေးလုပ်သည်ကိုမကြိုက်ဟုပြောပြပါသည်။
ကျမ အောင်နီဦး (ဦးသန်းရှိန်၏ဇနီး) ဒေါ်ခင်မာနှင်းကို ဒီကိစ္စအကြောင်းဖုန်းနှင့်ပြောဖြစ်ပါသည်။ ဆရာတော်ဘုရားနာမည်ကြီးသည်ကိုအကြောင်းပြုပြီး နာမည်ကိုတပ် သူတပါးရိုက်ကူးထားသောအခွေကို ရိုက်ကူးသူ၏ခွင့်ပြုချက်မရဘဲ ထုတ်ဝေဖြန့်ချီခြင်းကားတခု၊ နံပါတ် ၄ အပုဒ်လုံးဝမပါခြင်း။နံပါတ် ၂ အပုဒ်တွင် (၁၆)မိနစ်စာလောက်သာပါပါသည်။ တော်ပေစွတကား။
အဖုံးနောက်ကျောတွင် ရေးထားသည့်အတိုင်း ဆရာတော်ကြီး၏ ဟုတ်လည်းခံ မဟုတ်လည်းခံ အဆုံးအမ အတိုင်း၊ ဦးသန်းရှိန်နဲ့အမဒေါ်ခင်မာနှင်းတို့ရေ၊ ဦးသန်းရှိန် မပဒါန်း သို့လိုက်သွားပြီး ခက်ခက်ခဲခဲ ရိုက်ကူးထားခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းကို ကာယကံရှင်ထံမှ ခွင့်ပြုချက်လေးတောင်မယူဘဲ ထုတ်ဝေထားတာကို သိချက်နဲ့ ဆရာတော်ကြီးကို လေးစားကြည်ညိုသူများပီပီ ဟုတ်လည်းခံ မဟုတ်လည်းခံလိုက်ကြ ပေတော့ရယ်လို့။
ကျမအတွက် ဆရာတော်ဘုရားကြီး၏တရားတော်ဗွီဒီယိုခွေများစွာကို အဆင်ပြေအောင်စီစဉ်ပြီး တန်ဆည်မှာနေ မုံရွာအထိ ပို့ပေးလိုက်တဲ့ အောင်နီဦးဗွီဒီယိုမိသားစုကို ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ရေးသားလိုက်ရပါသည်ရှင်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး