Saturday, July 7, 2012

ဒို့လည်းလိုက်မယ် ချန်မထားနဲ့ (လက်လုပ်တောင်လုပ်အားပေးပွဲ ပါဝင်နွဲ)

မဟာဗောဓိမြိုင်ဆရာတော်ကြီးသီတင်းသုံးသည့်အရပ်အလိုက်ဘွဲ့တော်မဟုတ်သော အမည်နာမများရှိခဲ့ပါ သည်။ ပျဉ်းမနားတွင် လက်လုပ်တောင်ဆရာတော်ကြီး၊ သာစည်တွင် ရွှေကျောင်းကုန်းဆရာတော်၊ မိုင်းဖုံးဘက် သုဝဏ္ဏလျံတောင်တွင် မဟာဗောဓိမြိုင်ဆရာတော်ဟု ဘွဲ့တပ်ကြလေသည်။ ပျဉ်းမနားလက်လုပ်တောင်တွင် သီတင်းသုံးစဉ် ကျမတို့သည် မကြာခဏ ဆရာဒေါက်တာမြသွင်မိသားစုကြောင့် ဆရာတော်ကြီးထံ ဆွမ်းလောင်းရန်ေ၇ာက်လေ့ရှိကြပါသည်။ ထိုအချိန်တွင် ကျောင်းမှာ တောရကျောင်းဖြစ်ရာ အ၀င်လမ်းမှာ ကြမ်းတမ်းလျက်ရှိပါသည်။ ကြံကွင်းများပိုင်ရှင်က ဆရာတော်ကြီး ဆွမ်းခံကြွလျင်အဆင်ပြေစေရန် ကြံခင်းမြေကိုဖဲ့လှူဒါန်းတဲ့အတွက် ဆရာဟာ သူ့ရုံးကခလေးများ လုပ်ဖော်ကိုင်ဖက်များနဲ့ လမ်းဖို့လုပ်အားပေး သွားလေ့ရှိပါတယ်။ ဆရာက သူ့တပည့်တွေနဲ့မကြာခဏသွားပေမဲ့ ကျမက တခြားဌာနကို ပြောင်းလိုက်တဲ့ အတွက် တခါတရံမှသာ လိုက်ဖြစ်သွားပါတယ်။
တရက်မှာ ကျမလုပ်အားပေးလိုက်သွားပါတယ်။ ပထမဆရာတော်ကြီးဆွမ်းခံကြွတာကို ဆွမ်းလောင်းပါတယ်။ ပြီးတော့ မနက်ပိုင်းလုပ်အားပေးကြပါတယ်။ လုပ်ရတဲ့အလုပ်က မြေသယ်တဲ့အလုပ်ပါ။ ခြင်းတောင်းတွေနဲ့ လယ်ကွက်ထဲကမြေကိုသယ်ပြီး လမ်းမပေါ်ဖို့ရတယ်။ အတန်းကြီးကတော့ လူ(၂၀)လောက်ရှိတယ်။ မြေပေါက်တဲ့ခလေး(၃)ဥိး ကလည်း နိုင်အောင်မပေါက်နိုင်ဘူး။ မြေကြီးတွေဆိုတော့ အလေးကြီးမို့ တန်းစီပြီး လက်ဆင့်ကမ်းသယ်ကြရပါတယ်။လေးတော့ ဖြေးဖြေးခြင်းသယ်ရပါတယ်။ လုပ်သလောက်ခရီးလည်း သိပ်မတွင်ပါဘူး။ ခလေးတွေက မြေပေါက်ဖို့စောင့်နေ ကျမတို့သယ်တဲ့အဖွဲ့ကနှေးနေလို့ ခြင်းတွေက သူတို့ထံ ပြန်ရောက်ဖို့ စောင့်နေရပါတယ်။
တမနက်ကုန်ပါပြီ။ ဆရာတော်ဘုရားကြီးရဲ့သွန်ဆွမ်း၊ ရောပြောင်းဆွမ်းကို ကျမတို့ကိုကျွေးပါတယ်။ကျမတို လည်းမောမော ဆာဆာနဲ့ ထမင်းတွေလွေးပြီး အိပ်တဲ့သူတွေကအိပ်၊ ကျမကတော့ အိပ်ခြင်ပေမဲ့ အခြေအနေ ကမပေးဘူး။ နေရာခက်တယ်လေ။ ဒါကြောင့် ကျမရယ် ဆယ်ပြားရယ် လက်လုပ်တောင်ကြီးကို ပတ်ကြည့်ကြ တယ်။ ကမူလေးပေါ်မှာ အိုဟောင်းနေတဲ့ စေတီတဆူရှိတယ်။ ဘေးမှာ ဆရာတော့်ပျဉ်ထောင်ကျောင်းလေး ရှိပါတယ်။ ဒီစေတီက ရှေးဟောင်းစေတီမို့ ဘယ်သူတွေက ဘယ်အချိန်က တည်ထားတာလဲလို့ စဉ်းစားမိပါတယ်။ ဆရာတော်ကြီးကျောင်းဘေးနားကနေ တိတ်တိတ်လေး ပတ်ပြီးကြည့်ရင်းကနေ ဒီတောင်မှာအစောင့်အရှောက်တွေရှိတယ်လို့ ဆရာပြောတာကို သွားသတိရမိလိုက်တယ်လေ။ သူတို့ကို ကျမတို့နဲ့လုပ်အားပေးဘို့ ဖိတ်ခေါ်လိုက်တယ်။ တကယ်တော့ နောက်လိုက်တာပါ။ (နင်တို့ ဒီတောင်မှာ နေရတာ မပျင်းဘူးလား။ ကုသိုလ်ရအောင် ဒို့တွေနဲ့ လာကူလုပ်ပါလား။ ညနေဆို နေပူတော့ နင်တို့ကူရင် မြန်မြန်ပြီးတာပေါ့)ဆိုပြီး ပါးစပ်ကနေပြောလိုက်မိပါတယ်။
ညနေပိုင်းလုပ်ငန်းစမဲ့အချိန်ရောက်ပါပြီ။ နေကလည်းပူတော့ ခပ်ပျင်းပျင်းနဲ့ဘဲတန်းစီလိုက်ကြတယ်။ နေပူထဲရောက်တာနဲ့ ချွေးတွေက တလုံးလုံး။ အဖွဲ့တွေကတော့ ညီညာကြပါတယ်။ ကုသိုလ်ရေးမို့ ညီညီညာညာဘဲ မြေခြင်းတွေကို လက်ဆင့်ကမ်းပြီးသယ်ကြပါတော့တယ်။ တော်တော်လေးကြာလာတဲ့အခါမှာ မြေခြင်းတွေဟာ သယ်ရင်းသယ်ရင်း အရမ်းမြန်လာပါတယ်။ မြန်လာတာမှာ မနက်ပိုင်းက မြေခြင်းကို အားထည့်ပြီး မနည်းမ ဘေးကလူကို လက်လွဲပေးပြီး လက်ဆင့်ကမ်းလိုက်ရတာ။ အခုတော့ ခေါင်းလေး လှည့်လိုက် ယုံလေးဘဲ။ လက်ပေါ်မှာခဏလေး မလိုက်ယုံလေးမလိုက်ရတယ်။ မြေပေါက်တဲ့နေရာမှာ မနက်ကဆိုရင် အပြန်ခြင်း တခြင်းရောက်ဖို့မနည်း။ အခုတော့ ခြင်းတွေဟာံ မြန်လွန်းလို့ ပုဂံပြားပျံတွေလို တခြင်းပြီးတခြင်း ပလူပျံပြီးပစ်ပေးနေရပါတယ်။ အဲဒီတုံးကမြေခြင်းတောင်းတွေဟာ (စက်ရုံတွေမှာ မြင်ရတဲ့ တာလပတ်ပေါ် သွားနေသလို ပစ္စည်းလို) မြန်နေတာမို့ ကျမတို့ဟာ စိတ်အနား လူအနားတောင်မရဘဲ ဒလစပ်လုပ်နေရပါတော့တယ်။
ညနေ (၅)နာရီမှ လုပ်အားပေးသိမ်းပြီး ရေဆင်းပြန်ကြပါတယ်။ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ကျမကတော့ တယောက်ထဲမို့ မမဆွေတို့ အိမ်မှာဘဲ ထမင်းစားပြီးတော့ ကျမတို့ ၀ိုင်းထိုင် ပြီးစကားပြောကြ တာပေါ့။ အဲဒီတော့မှ ကျမတို့ဟာ အင်မတန်လျင်မြန်တဲ့ညနေပိုင်းမြေသယ်တာကို သတိရပြီး ပြောမိကြပါတယ်။ ထူးဆန်းတယ်ပေါ့။ အဲဒီတော့မှ ကျမတို့ဟာ ပါးစပ်ဆော့ပြီး တောင်စောင့် ကျောင်းစောင့် ဥစ္စာစောင့်ဆိုတဲ့ အစောင့်အရှောက်တွေကို ကျမတို့ကို ကူညီဘို့ ဖိတ်ခေါ်လာတာကို ပြန်သတိရမိကြပါတယ်။ ကျမက (အမလေး ငါတော့ တွေးတွေးပြီးကြောက်လာပြီ)လို့ပြောတော့ ဆရာက ဘာကြောက်စရာရှိလဲ နင်နဲ့ဖိုးဆယ်ပြား က သူတို့ကုသိုလ်ရအောင်ဖိတ်လိုက်လို့ ကျေးဇူးတောင်တင်နေဦးမှာ။
သူတို့ဟာ တကယ်ကို ထူးထူးကဲကဲနဲ့ သိသိသာသာ သူတို့ကူညီနေတယ်လို့ သိအောင်ကို ပြလိုက်တာပါ။ သူတို့ကူလို့ လျင်မြန်တဲ့နှုန်းကို ပြန်စမ်းစစ်ရင် ကျမတို့လုပ်တာထက် ၃ ဆလောက်မြန်ပါတယ်။ သူတို့လည်းကုသိုလ်ရ ကျမတို့လည်း အလုပ်အဆင်ပြေ ခရီးတွင်သွားပါတယ်။ အစောင့်အရှောက်ဆိုတာ တကယ်ရှိတာဘဲ။ သူတို့လည်း ကူညီပြီးလုပ်အားပေးကုသိုလ်ယူတတ်ကြတာဘဲ။ မဖိတ်လို့သာဘဲဖြစ်မှာ။ ဖိတ်တော့ ကူညီသားလို့။ အဲဒီကာလတုံးကတော့ ယခုလောက်အထိ မသုံးသပ်မိပေမဲ့ ကျမအသက်ရလာတဲ့ အမျှအတွေ့အကြုံလည်း များလာတဲ့အခါ လူတရစ်နတ်တရစ်တည်ထားတဲ့ဘုရားဆိုတာတွေဟာ ယုံကြည်စရာဖြစ်လာပါတော့တယ်။ လူတွေတင်မက နတ်တွေ အစောင့်အရှောက်တွေ ၀ိဇ္ဗာပုဂိုံလ်တွေ သာသနာတော်ကိုစောင့်ရှောက်နေကြပါတယ်။ ဒါကြောင့် သူတို့ကိုလည်း ကုသိုလ်ရေးတွေမှာ ချန်မထားကြပါနဲ့ ဖိတ်ဖြစ်အောင်ဖိတ်ပါ။ တရားနာ ရေစက်ချမချခင် လုပ်အားပေးဘဲဖြစ်ဖြစ် ဖိတ်ဖြစ်အောင်ဖိတ်ပါ။ သူတို့ဟာလည်း ကုသိုလ်လိုခြင်ကြပါတယ်။ ဒါကြောင့် သူတို့ကိုလည်း မေ့လို့ဘဲဖြစ်ဖြစ် မချန်ထားကြပါနဲ့လို့။
ဆရာတော်ဘုရားကြီးဆိုလျင် မိမိရဲ့အတိတ်ဘ၀ကိုပြန်သိတဲ့ ဇာတိသရဥာဏ်ကို ရတဲ့ဘုန်းဘုန်းဖြစ်ပါတယ်။ လူတိုင်းမရနိုင်ပါဘူး။ ဒါတွေဟာ ပါရမီတွေ ဆုတောင်းတွေနဲ့ဆိုင်ပါတယ်။ မြတ်စွာဘုရားလက်ထက်တော်မှာ ဆိုရင်လည်း မျောက်ဘ၀ကလာလို့ မြောင်းခုန်တဲ့ ရှင်သာရိပုတ္တရာ ဟာ နာမည်ကြီးပါတယ်။ နောက်ထပ်မြောင်းကို ထပ်ခုန်ရင် နောက်ဆုံးသင်္ကန်းတစုံကို လှူမဲ့သူက မလှူတော့မဲ့စိတ်အကြံကိုသိပြီး ခုန်ကူးရမဲ့မြောင်းကျမှ ခုန်မကူးဘဲ မြောင်းထဲဆင်းလျောက်ပြီး ကြွတဲ့အတွက် စိတ်အကြံကိုသိတဲ့နေရာမှာ မှတ်ကျောက်အတင်ခံရတဲ့ ဧတဒဂ်ရ -ရဟန္တာ ဖြစ်ပါတယ်လို့ ဆရာတော်ဘုရားကြီးက ဟောတော်မူပါတယ်။
မိမိမှာ ပါရမီနဲ့ဆုတောင်းတွေနည်းခဲ့လို့ တကယ့်သီလစင်ကြယ်တဲ့ စရဏအားကောင်းတဲ့ (ဆရာတော် ဘုရားကြီးတို့လိုဘဲဖြစ်ဖြစ် သံဃာတော်တွေဘဲ ဖြစ်ဖြစ် လူပုဂိုံလ်ထဲကဘဲဖြစ်ဖြစ်) သူတို့ဖြစ်သလို ကိုယ်မဖြစ်တိုင်း၊ ဘာတွေမှန်းမသိဘူး မဖြစ်နိုင်ဘူး မဟုတ်နိုင်ဘူး ကဲ့ရဲ့ ဝေဖန်ကြတတ်တာမျိုးတွေ လည်းဖြစ်တတ်ပါတယ်။ အဲဒီလိုအခါမှာ အတုတွေကို ဝေဖန်မိရင် ကိစ္စမရှိပေမဲ့ အစစ်တွေကို ပြောမိဆိုမိပစ်မှားမိရင်တော့ အပစ်ဖြစ်တတ်ပါတယ်ဆိုတာလေးကိုတော့ ကျမ စေတနာနဲ့ ပြောလိုက်ပါရစေရှင်။ အစစ်အမှန်ကို ကြုံဆုံပြီး ကြည်ညိုဆည်းကပ်ခွင့်ရတဲ့သူတွေဟာ ကုသိုလ်ထူးတဲ့သူမျိုးတွေဖြစ်ပါတယ်။ ကျမကတော့ ရွာကဖြစ်ဖြစ် ဆင်းရဲ့တဲ့သူဖြစ်ြဖစ် ဆရာတော်ဘုရားကြီးတွေ အနားမှာနေပြီး ဆွမ်းလောင်းခွင့်၊ ဝေယျာဝစ္စလုပ်ပေးခွင့်ရတာကို အားကျလွန်း လို့ပါရှင်လို။မဟာမြိုင်တောထဲမှာဆို ဒေါက်တာသန်းထွေးအောင်၊ ဦးကျော်လွင်တို့ဆို ရွှေဘိုနဲ့ သာစည်က အိုးပစ်အိမ်ပစ်နဲ့နေကြတယ်။ တော်ယုံတန်ယုံ ပါရမီမျိုးတော့မဟုတ်ဖူး။
တကမ္ဘာလုံးတွင်ရှိသော ဆရာတော်ဘုရားကြီးများနှင့် သံဃာတော်များ၏ သီလ သမာဓိ ပညာဂုဏ်ကို ရည်မှတ်ဦးညွတ် ကန်တော့ရင်း ရေးသားလိုက်ပါတယ်ရှင်။

1 ဖတ်သူများပြောစကား:

  1. ဆရာတော်သီတင်းသုံးတဲ့နေရာမှာ အန်တီတို့လို လုပ်အားပေးချင်လိုက်တာ။ဘုန်းဘုန်းရဲ့ သာသနာပြုမဟာခရီးသည်၊ အိပ်မက်ဖြင့်ဖွင့်ပြောသောစကားများ၊စသည့်စသည့်စာအုပ်တော်တော်များများဖတ်ဖြစ်ပါတယ်။ဘုန်းဘုန်းက သူရှိတဲ့နေရာ ဧည့်သည်တွေလိုက်လာရင်မကြိုက်မှန်းသိပေမယ့်နောက်အခေါက်တွေ ဆရာတော်သွားဖူးရင် လိုက်ခဲ့လို့ရမလားအန်တီ။

    ReplyDelete

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts