Wednesday, July 4, 2012

ထူးခြားသောစိတ်စွမ်းအင် (သာစည်)

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ပျဉ်းမနားမှနေပြီး သာစည် ရွှေကျောင်းကုန်းတောင်သို့ ကြွမည်ဆိုသော် ကျမ၏ဆရာနဲ့မိသားစုနှင့်အတူတကွ ကျမတို့လည်း လိုက်ပါပို့ဆောင်မည်ဖြစ်ပါသည်။ (ခုနှစ်နှင့်လကို မမှတ်မိတော့ပါ။ ဆရာတော်ဘုရားကြီး၏ စာအုပ်ထဲတွင်ရှာဖွေပါသော်လည်း မတွေ့သဖြင့် မဖော်ပြနိုင်သည်ကို ခွင့်လွတ်ပါရန်) ပျဉ်းမနား ရန်ကုန်အဖွဲ့ အမြို့မြို့အနယ်နယ်က ဆရာတော်ဘုရားကြီး၏ ဒကာဒကာမများ၏ ပုံစံပေါင်းစုံသောကားများသည် လက်လုပ်တောင် ရွှေနန်းသွင်း ဘုရားကုန်းတော်ဝန်းထဲတွင် အကုန်အဆင်သင့် ရောက်ရှိလာပါပြီ။ ကျမတို့ကားမှာကား ဘတ်(စ်)ဖြစ်ရာ ဆရာတော်ကြီးမှ သာစည်ရှိ ရွာများမှဘုန်းကြီးကျောင်း များတွင် ပြန်လှူမည့် လှူဘွယ်ပစ္စည်းများ ဆာလာအိတ်ကြီးများကား ကားနောက်ဖက်တွင်အပြည့်တင်ထား သည့် ဘီအမ်ဘစ်ဖြစ်ပါသည်။ သင်္ကန်း၊ အမွေးတိုင်၊ ဖယောင်းတိုင်ထုပ်၊ ဘလာစာအုပ် စသည့် အမယ်ပေါင်း များစွာအား အမျိုးအစားတူတွေ သူ့အထုပ်နှင့်သူ။
ဆရာတော်ဘုရားကြီးစီးမည့်ကားက ဆလွန်း အဖြူရောင်၏နောက်တွင်ကားများစွာ အကုန်စတင်တန်းစီကြပါပြီ။ ထိုအခါ ကျမတို့ရုံးကားသည် စက်နိုးမရတော့ ကားဆရာဦးကိုကိုလည်း ကြိုးစားသည်။ နောက်ဆုံးတော့ တွန်းနိုး ရတော့သည်။ အသံကသိပ်မထွက်ရဲ။ ကြိတ်ကြိတ် တိတ်တိတ်လေး။ တော်နေကြားသွားမယ်ပေါ့။ ကျောင်းနဲ့ ကျမတို့ ရုံးကားနဲ့ အတော်လေးလှမ်းပါသည်။ ဘာလို့ဆို ကျမတို့က နောက်ဆုံးကလိုက်ရမည့် ကားဖြစ်သည့် အတွက်ကြောင့်ပင်။
လမ်းတွင် တပ်ကုန်း ပျော်ဘွယ်မှ ဆရာတော်ဘုရားကြီးအား ဖူးမျှော်လိုသူများသည် သောင်းသောင်းဖျဖျ ကြိုဆိုကြ၏။ ကားတန်းကြီးအားလည်း ဖျော်ရည်များတိုက်ကြသည်။ သာစည်အ၀င်တွင်လည်း ကြိုဆို လေသည်။ သို့နှင့် ဆရာတော်ဘုရားကြီး ယာယီသီတင်းသုံးမည့် သာစည်မြို့၊ နဘဲရွှေထီးကျောင်းသို့ရောက်လာ ပါတော့သည်။ ကျောင်းထဲမှ အဆောင်တခုတွင် ဆရာတော်ဘုရားကြီးနားနေ ကျိန်းစက်ရန် အခန်းပေးထား၏။ ကျမတို့အားလုံးသည် ထိုကျောင်းရောက်သည်နှင့် ဆရာတော်ဘုရားကြီးထံဝပ်ပြုကြလေသည်။ ကျမတို့အဖွဲ့ အလှည့်ရောက်သော် ဆရာတော်ဘုရားကြီးသည် ကျမရဲ့ဆရာဒေါက်တာမြသွင်အား (သွင်ကြီးက ခရီးဝေး သွားမှာကို ကားအစုပ်ကြီးယူလာရသလားဗျာ။ တွန်းတွန်း နဲ့ ဒို့များကျောင်းကတောင်ကြားပါတယ်ဗျာ) ဟု မိန့်သတည်း။ ကျမတို့အားလုံးမှာ တယောက်မျက်နှာတယောက်ကြည့်လျက်က တအံ့တသြမှင်သက်မိပါသည်။
တကယ်တော့ ကျမတို့ကားတွန်းသောနေရာနှင့်ဆရာတော့်ကျောင်းမှာ တဖာလုံကျော်ကျော် ဝေးပါသည်။ တိုးတိုးတိတ်တိတ် သိုသိုသိပ်သိပ်ကားတွန်းနေကြသည် အသံထွက်သည်ဆိုယုံမျှ။ ဆရာတော်ဘုရားကြီး ကျောင်းကလည်း အများအားဖြင့် တံခါးဖွင့်ခဲပါသည်။ မည်သို့ကြားပါသနည်းဟူ၍သာ။ သူတော်ကောင်းကြီးများ ၏ ဘုန်းတံခိုးကားသိရခက် သိနိုင်ခဲလှစွတကား။
ကျမတို့ကားနှင့်သယ်လာသော ပစ္စည်းအမယ်စုံကို ဆရာတော်ဘုရားကြီးသည် လှူဒါန်းမည့် ရွာကျောင်းများ အရေအတွက်အလိုက် ခွဲဝေခိုင်းပြီး နောက်ရက်တွင် သာစည်မြို့နယ်အတွင်း ရွာကျောင်းများမှ သံဃာတော်များ အား နေ့ဆွမ်းကပ်ပြီး လှူဒါန်းလိုက်ပါသတည်း။ ရွာကျောင်းမှလည်း ထွန်စက်များ လှည်းများဖြင့်လာကြသည်မှာ ကြည်နူးဘွယ်ကောင်းလှပါတော့သည်။ အားလုံးပေါင်းကျောင်း(၃၀)ကျော်မည်ထင်ပါသည်။ ကာလကြာတော့ ဂဏန်းအတိအကျကိုကား မမှတ်မိတော့ပါ။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts