Tuesday, July 3, 2012

အိမ်ထောင်၊ လူထောင်၊ ရဟန်းထောင်၊ ကျောင်းထောင် နှင့်ကြောင်ထောင်


တခါက မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးထံကို နိုင်ငံရေးနဲ့ ထိမ်းသိမ်းခံခဲ့ရတဲ့ ဆရာဝန် စာရေးဆရာ အမျိုးသမီးတစ်ဦးဟာ လာရောက်ဖူးမျှော်ပါတယ်။ ဆရာတော်ကြီးက ထုံးစံအတိုင်း ဟိုမေး ဒီမေး မေးပြီး တရားကိုဟောသွားပါတယ်။ သူမကလည်း ထောင်ထဲတွင်တရားထိုင်သည့်အကြောင်းကို ဆရာတော် ဘုရားကြီးကို လျောက်ထားတော်မူပါတယ်။ ဆရာတော်ဘုရားကြီးဟာ လာရောက်ဖူးမျှော်တဲ့သူတွေ ကို ဒို့များကတော့ ဟိုပြောဒီပြော ပြောဦးမယ် ဆိုကာ စိတ်ဝင်စားဘွယ်ရာ ဓမ္မရသများကို ကွင်းကွင်းကွက်ကွက် မြင်အောင် ဥပမာနဲ့တကွပြောလေ့ရှိပါတယ်။

ဒီတခါလည်း ထောင်အကြောင်းပြောရင်း၊ အိမ်ထောင်ဆိုတာကတော့ လူတိုင်းသိကြတဲ့အတိုင်း အိမ်ယာ ထူထောင်လိုက်တဲ့အခါ ကိုယ်လုပ်ခြင်သလို လုပ်လို့မရ နှစ်ဦးမှထပ်တိုးသံယောဇဉ်ကြိုးတွေ ထပ်သထက် ထပ် ရစ်သထက်ရစ်လာတာမို့ ဒါတွေကို ဦးစားပေးရတာနဲ့ ထောင်ကျသလို တင်စားခဲ့ကြလို့ အိမ်ထောင်တဲ့။

ထောင်ကတော့ ပစ်မှု၊ ပစ်ဒဏ် အမျိုးမျိုး နဲ့ဖြစ်ဖြစ်၊ ကြံရာပါနဲ့ဖြစ်ဖြစ် သူများကိစ္စကူညီလို့ဘဲ အလကားနေရင်း ဆွမ်းခံရင်း ငှက်သင့်သလို ထောင်ကျတာမျိုးရှိသလို ၊ နိုင်ငံရေးအကျဉ်းသားဆိုပြီးကျတဲ့ ထောင်ကျတာလည်း ရှိပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကရှင်းပြ မိန့်ကြားတာကတော့ သံဃာ့ထောင်ပါတဲ့။ ဒီစကားကို ကြားတော့ စာရေးဆရာမကလည်း မကြားဖူးဘူးလို့ပြောပါတယ်။ လောကမှာ ရတနာဆိုတာ ရှိပါတယ်တဲ့။ ရတနာဆိုတာ မိမိတို့နဲ့ အသုံးတည့်တဲ့ ပစ္စည်း၊ မိမိတို့မြတ်နိုးတဲ့ပစ္စည်းတွေဟာ ရတနာများဖြစ်ပါတယ်။ လူဆိုလျင် လူ့ရတနာ ရွှေငွေဥစ္စာပစ္စည်း၊ မျောက်မှာလည်း မျောက်ရတနာဖြစ်တဲ့ အစားအစာတွေရှိသတဲ့။ ခွေးစားတဲ့မစင်ဟာ မျောက်အတွက် ရတနာမဖြစ်နိုင်ဘူးတဲ့။ ခွေးစားတဲ့ မစင်ဟာ ခွေးအတွက်တော့ ရတနာဘဲ။ သို့သော် မျောက်အတွက်တော့ မစင်ဟာ ရတနာမဟုတ်ဖူး။ လူတွေဟာ လည်း စိန်ရွှေတွေကို ရတနာအဖြစ် သတ်မှတ်ထားလို့ ကိုယ့်သားသမီးလေးတွေကို ဆင်ပေးရင်တောင် သေချာဝတ်နော် ချွေးနဲ့သွေးနဲ့ ရှာထားရတာ။ မပျောက်စေနဲ့နေလို့ ပြောကြတယ်မဟုတ်လား။ ဒါတွေဟာ လူ့တွေရဲ့ရတနာတွေဖြစ်တယ်။

ရဟန်းရဲ့ရတနာကတော့ သပိတ်၊ သင်္ကန်း၊ကျောင်း စသည်တို့ဖြစ်တယ်။ ဒီဟာ ရတနာတွေဘဲ အသုံးဝင်တာကိုး။ ဒါကြောင့်လဲ ရဟန်းကြီး ဦးတိဟာ သင်္ကန်းစွဲပြီး သန်းကြီးဖြစ်သွားတာဘဲ။ ဒါကြောင့် ရဟန်း သံဃာမှာလည်း အဲဒီလိုထောင်ဆိုတာရှိတယ်။ ဆရာတော်ဘုရားကြီးဟာ အစွဲသည် ကြောက်စရာ ကောင်းကြောင်း ထောင်ဥပမာနှင့် နှိုင်းယှဉ်ပြခြင်းဖြစ်ပါသည်။

ကျောင်းထောင်ကတော့ သာစည် ငါးဆူကျောင်းဆရာတော်ဘုရားကြီး ဒိဌဓမ္မဘုန်းဘုန်း ဦးပဏ္ဍ၀ က မိန့်ကြားခဲ့ဘူးတာဖြစ်ပါတယ်။ လူတွေက အိမ်ထောင်သားမွေးပြုပြီး အိမ်ဆိုတဲ့ထောင်မှာကျနေကြသလို ဘုန်းဘုန်းတို့ကလည်း ကိုယ့်ကျောင်းလေးကို တနေ့တနေ့ပတ်ကြည့်ပြီး ဟိုဟာလေးတော့လိုတယ်။ ဟိုနေရာလေးကို ပြန်ပြင်ရမယ်။ ဒီနေရာလေးမှာ ဒါလေးလုပ်ဦးမယ်နဲ့။ ကျောင်းထောင်ကျနေတာပါဘဲ လို့ မိန့်တော်မူပါတယ်။ ငါးဆူဆရာတော်ဘုရားကြီးဟာ သာစည်နယ်တ၀ှက်မှ ရမည်းသင်း ပျော်ဘွယ် အထိ ကြည်ညိုသူများပြားပါတယ်။ ငါးဆူဆရာတော်ဘုရားကြီးကို ဘာသာခြားတွေမှ အစ ဆွမ်းကျိုင့်တွေပို့ကြ လောက်အောင် ကြည်ညိုခံရတဲ့ ဆရာတော်ကြီးဖြစ်ပါတယ်။ ကျောသားရင်သားမခွဲခြားဘဲ လာသမျှကို အေးချမ်းစွာ အဖူးအမျှော်ခံခြင်းတို့ဖြစ်သည့်အပြင် ဆရာတော်ကြီးကျောင်းမှာ လယ်တီမူဖြင့် တရားစခန်း နှစ်ပေါက်ရှိပြီး ဆရာတော်ကြီးအရိပ်မှာလာခိုလှုံနေတဲ့ ယောဂီတွေဟာလည်း အများအပြားရှိပါတယ်။

ကျမကအခုတလော အပြင်ထွက်ခြင်လည်းမထွက်ရ ပျဉ်းမနားသူငယ်ချင်းအိမ်ညအိပ်လည်းသွားမရ တော်တော်ခက်ခဲတဲ့အခြေအနေကြုံနေရပါတယ်။ ဘာကြောင့်လည်းဆိုရင် ကျမအိမ်မှာ ကြောင်ငယ်လေး တွေ ရှိနေတဲ့အတွက် ကျမဟာ သူတို့ကို ပစ်ပြီး ဘယ်မှ မသွားနိုင်မလာနိုင် သွားပြန်ရင်လည်း ကြာကြာမနေနိုင် သူတို့ထမင်းစားချိန် စားရဘို့ဟာ ကျမတာဝန်ဖြစ်နေပါတယ်။ သူတို့ကို ခွေးကိုက်ခံလို့သေရခြင်း ဒုက္ခမှ လွတ်မြောက်အောင် ကာကွယ်ပေးဘို့ဟာလည်း ကျမတာဝန်လိုဖြစ်နေပါတယ်။ ဒါကြောင့် ကျမကတော့ အိမ်ထောင်မရှိလို့ အိမ်ထောင်မကျပေမဲ့ ကြောင်ထောင်တော့ ကျနေတာဖြစ်ပါတယ်လို့။

မေတ္တာရည်လျက်

==========================================================

စတဲ့ပြသနာက သင်္ကြန်ပိတ်ရက်ကစတာပါ။ ထုံးစံအတိုင်း ကျမဟာပိတ်ရက်မှာ တနေရာရာသွားပြီး တရားထိုင်ဖြစ်လျင်ဖြစ် မဖြစ်လျင် အဓိဌာန်ဝင်တာကို လုပ်ခဲ့ပါတယ်။ ဒီနှစ်မှာ ကျမဟာခါတိုင်းသွားနေကြ ပုဂံကိုမသွားတော့ဘဲ ကျမဟာ ပြင်ဦးလွင်(မေမြို့)အနီးစခန်းမှာရှိတဲ့ ချမ်းမြေ့ရိပ်သာမှာ တရားသွားထိုင်ပါတယ်။ အဲဒီကပြန်လာတော့ ကျမရဲ့ကြောင်က မီးဖွားပြီးသွားပါပြီ။ သူ့ကို အိမ်ဘေးက သူ့အရင်သခင်ဖြစ်တဲ့ မူမူထံမှာ အပ်နှံထားခဲ့ရပါတယ်။ သူကဘဲ ကြောင်ကိုလာလာကျွေးပေးတာ ပါ။ ကျမပြန်လာတော့ ကျမကြောင်ဟာ သူ့ခလေးတွေကို အသံလေးပေးပြီး အိမ်ခန်းထဲကို ရှေ့ကသွားလိုက် ပြန်ထွက်လိုက်နဲ့ ပြသရှာပါတယ်။ ဟော ခလေးတွေဟာ တဖြေးဖြေးကြီးလာပါပြီ။ ကျမတို့အနားမှာ ခွေးလမ်းသရဲ အုပ်တအုပ်က မထင်တဲ့နေရာက ထွက်ထွက်လာပြီး ကြောင်တွေကိုကိုက်လို့ ကျမအရင်အသုတ်က ကြောင်သုံးကောင်စလုံး သေသွားပါတယ်။ အဲဒီအချိန်က ကျမခရီးသွားနေပါတယ်။ သို့သော် ကျမညီမက အိမ်မှာရှိနေတဲ့ကြားက ကြောင်လေး(၃)ကောင်စလုံးရှေ့ဆင့်နောက်ဆင့် သေသွားပါတယ်။ အဲဒီကြောင်တွေကို အခု ရုံးသွားရင် အိမ်ထဲထား အပြင်မထွက်ရ ပြန်လာရင် ထမင်းကျွေး နောက် ညည အပြင်ထွက်ခွင့်ပေးရတယ်။

တိရစ္ဆာန်တွေနဲ့ပတ်သက်ပြီး မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ တိရစ္ဆာန်တွေကို သနားကြင်နာဘို့ ဆုံးမခဲ့ပါတယ်။ တိရစာ

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts