ဓမ္မေသက-
သီလသည် ဖွင့်ထားခြင်းမဟုတ်။
စောင့်စည်းပိတ်ဆို့ခြင်းဆိုသည်ကို သင်လက်ခံနိုင်လောက်အံ့ထင်၏။ အာရုံကိုမဖြတ်တောက်ပါဘဲ။
အာရုံနောက်လိုက်စားနေသမျှ သင့်သီလသည် စင်ကြယ်သော သီလမျိုး မဖြစ်လာသေးဆိုသည်ကိုလည်း
သင်သဘောပေါက်အံ့ထင်၏။ သီလဟူသည် အလေ့အကျင့်ယူခြင်း ဆိုသည်ကိုလည်း သင်သဘောပေါက်သင့်၏။
ထိုအလေ့အကျင့်ကား စိတ်၏လေ့ကျင့်ခြင်းဆိုသည်ကို လည်း သင်သိုမှီထားသင့်သေး၏။
အကယ်တိတိ
သင်ကား သီလမှပါရမီသို့ တက်လိုလျှင်-
သင့်စိတ်ကို
သတိအစေင့်ထား နွားကျောင်းသား နွားကျောင်းသားဘိသို့ ထိန်းကျောင်းပါလေ။ သင့်ကို ဘယ်သွားမလို့လဲ
အများကမေးရာ သင်သည် ကျောင်းသွားမလို့ဟူ၍ အဖြေပေးတတ်လှချေ၏။ ကျောင်းသို့ ရောက်သော် သင်ကား
မကျောင်းဖြစ်ခဲ့ချေ။ ထိုကျောင်းသည်လည်း စိတ်ထိန်းကျောင်းရာ ကျောင်းကားဖြစ်မလာပြီ. ကျောင်းဆိုသော
အမည်နှင့်လည်း မလိုက်ဖက်ပြီ။
သင်သည် ယနေ့တစ်ရက်လုံးလုံး
စစ်မြေပြင်ရှိ စစ်သားတစ်ယောက်၏သို့ သတိလက်နက်ကို ချမထားရာ သရဏဂုံ ကျည်တောင့် အဖြောင့်ထိုးထားကာ
မည်သည့်အာရုံလာလာ သင့်သတိက လက်ချက်ဦးပြီးသား ဖြစ်စေရမည်။
-
အမြင်သည် အမြင်သာ ဖြစ်စေရမည်။
ငါ၊ သူ မပါစေရ။
-
အကြားသည် အကြားဖြင့်သာ
ရပ်တန့်ရမည်။ ဘာ၊ ညာ မပါစေရ။
-
အနံ့သည် အနံ့ဖြင့်ကုန်ဆုံးရမည်။
အာရုံလိုက်၍ ကြိုက်ကွက်မဖော်စေရ။
-
အစား၌ အချိုသည် အချိုဖြင့်ပြီးရမည်။
အာရုံခံ၍ ကြိုက်ဟန်မပြရ။
-
ချဉ်။ ငံ၊ စပ်၊ ခါး ရသာများတို့ အာရုံဖက်၍ ကြိုက်ကွက်မထွင်ရ။
သင့်စိတ်က
ဆိုင်ရာ တံခါးဝမှ ကြိုဆိုကာ အာရုံနှင့် လေသာတို့ကိုအထဲဖိတ်ခေါ်သွားခြင်းမျိုးလည်း မရှိစေရ။
စိတ်ကမခေါ် အာရုံခေါ်ရာ စိတ်လိုက်ပါသွားခြင်းမျိုးလည်း မရှိစေရ။ ယနေ့သည် သင့်စိတ် အာရုံမှ
ဆိတ်သုဉ်းနေစေရ၏။ ကိုယ်စိတ်နှစ်ဖြာ အေးဆေးစွာ ကျင့်သုံးနေသော သီတင်းသုံခြင်းမျိုးသာ
ဖြစ်စေရ၏။
ထိုသို့ သင့်စိတ်ကို
အာရုံတို့က မည်သည့် တံခါးပေါက်မှ လာရောက်တိုက်တိုက်၊ သတိမမေ့ တွေ့သမျှ အမှတ်ဖြင့်သာ
ဆက်ဆံတွေ့မည်ဆိုပါက သင်သည်လည်းကောင်း၊ သင့်စိတ်သည်လည်း ကောင်း၊ ပူပန်ခြင်းကင်း အနှိပ်စက်ခံရခြင်းလည်း
အလျဉ်းမရှိတော့သဖြင့် ထိုသီလသည် ဦးစွာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းကိုဖြစ်စေမည်။
ယနေ့ကား ကြွေးမတင်နေ့၊
ယနေ့ကား အဟောင်းကြွေးဆပ်သောနေ့တည်း။ " မစောင့်စည်းသော် ယနေ့ကြွေးသစ်ပေါ်ရန်
မျှော်သောနေ့"
ကြွေးကင်းသူ လုပ်သမျှ ကိုယ့်ဖို့ချည်းသာ
ဓမ္မေသက-
အာရုံကင်းဆိတ်
ကိုယ်စိတ်နှစ်ပါးလုံးဆိတ်ငြိမ်သွားသောအကျင့်သည် သီလသိက္ခာဟူ၍ မှတ်သားထား ခဲ့ရာ၏။ ထိုသီလမျိုးသည်သာ
ကာယကံသောင်းကျန်းမှု။ ၀စီကံသောင်းကျန်းမှုမျိုးတို့မှ ကင်းစင်၏။ တစ်ဖန် မနောကံသောင်းကျန်းမှုများမှလည်း ကင်းစင်၏။
သို့ကြောင့် သင့်အား အကျင့်စင်ကြယ် လေသူဟူ၍ သာသနာစောင့်တို့က ကင်ပွန်းတပ် နာမည်ရွေး၍
ပေးချေတော့အံ့။
မျက်စိရှိမြင်၏။ ဘာလဲဟူ၍ လိုက်လံမစုံစမ်း။
နားရှိ ကြားမည်သာ၊ ဘာလဲဟူ၍ နားမစွင့်။
သည့်အတူ အခြားအာရုံများတွင်လည်း သူ့တံခါးနှင့် သူအသွား၊ ကူးလား။ ခတ်လားမှလွဲ၍
ပညတ်အရာမထင် ကိလေသာ အဆာမ၀င်သောအဖြစ်သို့ ရောက်ချေရကား စိတ်တွင်းဖြစ် အဟောင်းတွေးလည်း
မကြွသာ အာရုံတိုက် အသစ်ကြွေးလည်းပပြီးသာ ဖြစ်လာပြီ။
-
ကြားပွဲစားမပင်းသဖြင့်
ဘာမဆို အရင်းအတိုင်းရလာပြီ။
-
နောက်ယောင်ခံ
အတောင်းလိုက်သော်မှ ဂရုစိုက်စရာမရှိပြီ။
ထိုသို့တစ်ရက်လုံးလုံး
အကြွေးကင်းသဖြင့် ကိလေသာပညတ် အပင်းမပါ အဆာမ၀င် အမြင်၊ အမြင်သာဖြစ်တော့လျှင် သင်ကား
သင့်စိတ်ကို သင့်ခန္တာကြားသို့ ထိုးသွင်းလျှက်က သင့်အရှိကို သင့်အသိဖြင့် လှန်လျောကြည့်သာပြီ
ဖြစ်ချေတော့ရကား။
ထိ၊ သိ၌ ငါရှိ၊ မရှိ ဦးစွာကြည့်။
ငါမရှိလေမှန်း သင်အတပ်သိလျှင် သူရှိ မရှိ
စဉ်းစားဖို့ပင်မလိုပြီ။
တစ်ဖန် ထိုခန္တာကြားရှိ
ထိ၊ သိ ကိုချည်းကြည့်ရာမှ အထိနှင့်အသိ၊ အသိနှင့်အထိ ထိုနှစ်မျိုးသည်သာ အလှည့်ကျဖြင့်
အပေးအယူလုပ်၍ ဖြစ်စဉ်အမျှင်မပြတ် ဆက်စပ်ပေးနေပါသည်ကို အပိုင်သိလျှင် အခြား ပြင်ပတို့နှင့်
ဆက်ဆံရသော အမြင်အကြားစသည်များ၌လည်း မိမိကိုင်စွဲထားသော သတိလက်နက်ဖြင့် ချိန်ကြည့်။
၎င်းတို့၌လည်း မြင်, သိ-သိ, မြင်။ တစ်ဖန် ကြား သိ-သိ ကြား စသည်အားဖြင့် ရုပ်သဘာဝ၊ နာမ်သဘာဝတို့၏
တိုးထိကစားနေကြသည်ကိုသာ တွေ့ရချေတော့မည်။
-မည်သူက ငါပါဟ ဒါပါဟ
ပြောပြော သင်ကား လက်မခံတော့ပြီ၊
-မည်သူက ဘာနဲ့ဘာ ဆိုဆို
သင်ကား ရုပ်ပျက်နာမ်ပျက်မှ မပိုပြီ။
ဤသို့ သီလ၌တည်၍ သီလကိုမှီ၍
သင်ထံ သင့်ဥာဏ် ကိုယ်တွေ့ပေါ်လာလျှင်၊ သီလမှ ပါရမီလမ်းဝ စခန်းစသို့ ခြေချမိလာပြီဟူ၍
သင့်ကိုယ်သင်ယုံပါလေ။ သီလဟူသည် လေ့ကျင့်ခြင်းဆိုသော စကားသည် ကျင့်သူ၌သာတည်ကြောင်း ရိပ်မိခဲ့ပါလေ။
ထိုသို့အရှိကိုသိ၍ ထိုအရှိပေါ်သို့သာ
ဥာဏ်ကျက်စားခွင့်သာလာသော် သီလတို့၏ ကျိုးပေါက်ကြောင်း ကြိုက်စိတ်၊ မကြိုက်စိတ်များ
မကပ်သာပြီ။ ငါတကော ကောမှုလည်းမ၀င်သာပြီ။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး