မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ တရားတပုဒ်ကိုနာရင်း ကျမအဖေကို သတိရစရာ အကြောင်းပေါ်လာပါသည်။
ဆရာတော်ဘုရားကြီးထံသို့ ဒကာတဦးလာရောက်ဖူးမျှော်သည်။ ဆရာတော်ဘုရားကြီးသည် ထိုသူနှင့် အတော်ရင်းနှီးပြီး ပြောမနာဆိုမနာဖြစ်ပုံရပါသည်။ ဆရာတော်ကြီးက တရုပ်ဆိုရင် တရားဟောစရာမလိုဘူး။ တရုပ်က သေရင် တစ္ဆေဖြစ်မှာဗျဟူသတည်း။ ထိုဒကာမှာ တရုပ်လူမျိုးဖြစ်မည်သေခြာပါသည်။ ဆရာတော်ဘုရားကြီးက အားမနာပြောပုံထောက်လျင် အစွဲကြီးသောတရုပ်လူမျိုးဖြစ်ဟု မှန်းလို့ရပါသည်။ ထိုစကားကို ကြားသောအခါ ကျမတို့ငယ်စဉ်ထဲမှ နှစ်စဉ်တရုပ်သင်္ချိုင်းကန်တော့ ရပုံကို ပြန်လည် သတိရမိပါသည်။
ကျမတို့ဗန်းမော်တွင်နေစဉ်က နှစ်စဉ်တစ္ဆေကြီးပွဲဟုခေါ်သော ချင်းမင်ကျဲ့ သင်္ဂြိုင်းကန်တော့ပွဲကို မေလထဲတွင် တရုပ်သဂြိင်္ုင်းတွင် သွားရောက်ကန်တော့လေ့ရှိပါသည်။ ကျမ(၁၀)တန်းအောင်သည့်အထိ တနှစ်မှ ပျက်ကွက် ခြင်းမရှိသွားခဲ့ရပါသည်။ မကန်တော့မှီကြိုတင်ပြင်ဆင်ရသည်ကား ချဲ့လျင်ချဲ့သလောက်ပင်ဖြစ်သည်။ အထူးသဖြင့် ကျမ၏ ကြီးကြီးသည် ငွေကြေးကလည်းရှိတော့ ချဲ့တော့သည် ကြက်ကောင်လုံး၊ ၀က်သားဆိုလျင် အတုံးတစ်တုံးကို အနည်းဆုံး (၅၀)သားရှိသည်။ ကျန်သည့်ရာသီပေါ်အသီးပေါင်းစုံ၊ အရက်၊ စီးကရက်၊ ငွေစက္ကူ ရွှေစက္ကူ နှင့် မပါမဖြစ်သောပစ္စည်းမှာ ကျပ်စေ့(၂)စေ့ဖြစ်ပါသည်။ ကျပ်စေ့(၂)စေ့မှာ ခေါင်း၊ ပန်းပစ်ရန် ဖြစ်ပါသည်။
သင်္ဂြိုင်းကို နှစ်စဉ်သွားရသောအခါ ရင်းနှီးသည့်နေရာလိုဖြစ်နေသည်။ တစ္ဆေဆိုတာလည်း အလကားပါပေါ့။ ဂူတွေကလည်း လှတပတ။ ထိုအချိန်မရောက်ခင် လူတိုင်းသည် မိမိတို့၏ ဘိုးဘွား ဆွေမျိုးများ၏ ဂူကိုကြိုတင် သန့်ရှင်းရေးလုပ်ထားကြ။ ဆေးသုတ်တန်သုတ်ထားကြပါသည်။ ကျမတို့ဘက်က ဆိုရိုးအရ အရင်ဆုံး ဒီနေရာမှ စတင်မြှပ်နှံခဲ့သူသည် သင်္ဂြိုင်းစောင့်နတ်ဖြစ်သွားသည်။ တစ္ဆေကြီးပေါ့လေ။ သူက ဒီသဂြိင်္ုင်းရဲ့ အုပ်ချုပ်ရေး အရာရှိပေါ့။ ဒါကြောင့် သူကိုလည်း ပသရသည်။ ကျမတို့ ဖိုးဖွားဆွေမျိုးများကို တစ်တုံးပသလျင် သူ့လည်းတစ်တုံးဖြစ်ပါသည်။ သူ့ကိုကား လာကန်တော့သူအားလုံးက သွားကန်တော့ရပါသည်။
တကယ်တော့ ကျမတို့အဖိုးဂူတွင် ကန်တော့ရန်ဖြစ်သော်လည်း ကျမတို့အဖိုးဂူမှာချောင်ကြသဖြင့် ဘကြီးဂူတွင် ကန်တော့သောအခါ အဖိုးနှင့် ကျန်သောဆွေမျိုးများဂူသို့သွားရောက်ပြီး ဘကြီးဂူကိုကြွလာကြပါ။ အဲဒီမှာ ကန်တော့ပါမယ်ဆိုပြီး ရွှေစက္ကူငွေစက္ကူနဲ့ သွားဖိတ်ရပါတယ်။ ပြီးလျင် သေဆုံးသူဆွေမျိုးများ အရေအတွက် အလိုက် ထမင်းဝိုင်းမှာပြင်သလို ပုဂံသီးသန့်စီနဲ့ပြင်ပေးရပါတယ်။ အရက်ကြိုက်တတ်တဲ့သူအတွက် အရက်ကို ခွက်နဲ့ထည့်ပေးရပါတယ်။ ပြီးတော့ ကျပ်ပြားစေ့(၂)ကို ခေါင်းပန်း အဓိဌာန်နဲ့ လူစုံတက်စုံရောက်မရောက် စစ်ပါတယ်။ ရောက်ပြီဆိုတော့မှ စီးကရက်မီးညှိတာတို့လုပ်ပေးရပါတယ်။ ပြီးလျင် စွန့်တန်သလောက် စွန့်ထားခဲ့ပြီး သဂြိုင်းက ဇရပ်ထဲမှာ ကျမတို့တွေ စုစားကြပါတယ်။ ကဲဒီနှစ်အတွက် တပွဲတော့ အောင်မြင်စွာ ပြီးသွားပြန်ပြီပေါ့။ပြသနာက မကြုံစဖူးစလာပါတယ်။ ကျမတို့ ဘကြီးဝမ်းကွဲဒေါက်တာအောင်သန်းထံက ကြေးနန်းလာတာဖြစ်ပါတယ်။ ဘာလဲဆိုတော့ ကျမဘကြီးဟာ ထူးထူးဆန်းဆန်း သူ့ရဲ့ဖခင်၏ အရိုးကို ကောက်ပေးရန် အဖေအား အကူအညီတောင်းခြင်းဖြစ်ပါသည်။ ထိုစဉ်က ကြေးနန်းခေတ်ဖြစ်ရာ ဘာကြောင့်ဟုလည်း မသိနိုင်ပါ။အဖေက အဲဒီတုံးကပြောပြပါသည်။ ဘကြီးက အယူသီးသူမဟုတ် အရင်အရိုးကောက်မလားဟုမေးရာ သေသူသေပြီဘဲ သူအယူမသီးဘူးဟုပြောခဲ့ပါသည်တဲ့။ ခုသော် ဘာကြောင့် ခုနှစ်ကျော်မှ အရိုးကောက်ခိုင်းသနည်း၊။ ထုံးစံအရ (၅)နှစ်ပြည့်လျင်အရိုးကောက်၊ အရိုးကို တတ်နိုင်သူတွေက ငွေနန်းကြိုးဖြင့်သီပြီး အိုးထဲထည့်ကာ ဂူပြန်သွင်းရသည်ဟုပြောပြပါသည်။ ယခုကား(၅)နှစ်မက(၇)နှစ်ကျော်ပင်ဖြစ်နေပါပြီ။
အဖေသည်လုပ်စရာရှိတာလုပ်ပြီး ဂူသွင်းပြီးသည့်နှစ် သဂြိင်္ုင်းကန်တော့ချိန်တွင် ဘကြီးသည်မန္တလေးမှဗန်းမော် သို့တက်လာပါသည်။ ထိုအခါမှ ကျမအဖေကို သူ့အိမ်မက်အကြောင်းပြောပြခဲ့ပါသည်။ သူအဖေ ထုန်ထုန် (ဦးအထုန်)မှ အိမ်မက်လာပေးသည်။ ငါ့အရိုးကောက်ပေးဟု။ ဘကြီးက ဆရာဝန်လည်းဖြစ်လေရာ အယုံအကြည်မရှိသူဖြစ်သည့်အလျောက် အိမ်မက်ကို ဂရုမစိုက်။ တစ်လလောက်ကြာသော် နောက်ထပ်တကြိမ် အိမ်မက်ထပ်ပေးပြန်ပါသည်။ ဘကြီးကလည်း အေးအေးဆေးဆေးဘဲ။ သို့သော် ဒုတိယအကြိမ် အိမ်မက် ပေးပြီး သူ့သားအငယ်ဆုံး-အောင်မျိုးသန်းသည် အကြီးအကျယ်ဖျားတော့သည်။ အဖျားကကြီး ဆေးကုလည်း မပျောက် တစ်ပတ်ကြာသော် သူကိုယ်တိုင်ဆရာဝန်ဖြစ်လျက် သူ့သားအဖျားကြအောင် မကုနိုင်သဖြင့် အတော်စိတ်ဓါတ်ကျသွားသည်ဟုဆိုသည်။ စိတ်အရမ်းပျက်နေစဉ် အိမ်မက်ထပ်ပေးပြန်သည်တဲ့ မင်းငါ့ကို ဂူမသွင်းသေးဘူးလားဟု။ ဘကြီးသည် ဒါတော့ ပုံမှန်မဟုတ်ဖူးဆိုကာ ကျမအဖေထံကြေးနန်းရိုက်ပြီး ငွေ ၅၀၀၀ိ။ စာတိုက်မှ ငွေလွဲပို့လိုက်သည့်နေ့ညနေတွင် ထူးထူးဆန်းဆန်းအောင်မျိုးသန်းအဖျားကျပြီးချက်ခြင်း အကောင်းကြီးဖြစ်သွားသည်ဟု ပြောပြပါသည်။ သူလည်း မယုံနိုင်အောင်ဟုဆိုပါသည်။
ဘကြီးသည် သဂြိင်္ုင်းကန်တော့ပြီး မန္တလေးသို့ပြန်သွားပါသည်။ ကျမလည်းစိတ်ထဲတစ်မျိုးဖြစ်နေပါသည်။ ရိုးရာအရ သေသော် ၀ိဥာဉ်တွေကို ထိမ်းချုပ်ထားသည်ဟု အယူရှိသည်ဟုဆို၏။ ၀ိဥာဉ်များကလည်း စောင့်ရှောက်နေသည်ဟု။ မကျွတ်မလွတ်သည့်သဘော။ မွေးလာကတည်းက ဒီအယူအဆက လက်ခံထားကြသည်။ အစွဲလမ်းသည် သိတတ်စထဲမှ တရုပ်တို့၏ နှလုံးသားတွင် ပနက်ရိုက်ထားသလို ဖြစ်နေပါတော့သည်။ သို့သော် တရုပ်တိုင်းတော့မဟုတ်ပါ။ ဗုဒ`္ဓဘာသာစစ်စစ်ဖြစ်နေသော တရားအားထုတ်ပြီး သော တရုပ်တွေဗမာပြည်တွင် အများအပြားရှိပါသည်။ ဗမာပြည်တွင် တရုပ်ဖြစ်ရခြင်းကလည်း ကုသိုလ် ကောင်းမှုတစ်မျိုးဖြစ်ပါသည်။ ထေရ၀ါဒလမ်းစဉ်ကိုလိုက်သောသူတို့နှင့် နီးစပ်ခြင်းနှင့်ယှဉ်လာသော ပါရမီတို့သည် ထွက်ပေါ်လာကြစမြဲ။ ပါရမီသည် အချိန်တန်လျင် မနေပေါ်ထွက်လာကြသည်။ တခါတရံတွင် ငုတ်လျိုးနေသော ပါရမီအခံတို့ကို ဥာဏ်ဖြင့် ဖော်ထုတ်နိုင်ပါသည်။ အဓိက ဗဟုသုတများခြင်း၊ တရားဓမ္မ အထိအတွေ့များခြင်း၊ ပတ်ဝန်းကျင်ကောင်း၊ သူတော်ကောင်းများနှင့်နီးစပ်ခြင်းဖြင့် အစွန်းရောက်သော အယူဝါဒကို မိမိတို့ဥာဏ်ဖြင့်ပယ်သတ်တတ်နိုင်ရန်လိုအပ်ပါသည်။
ကျမအဖေသည် ထိုအဖြစ်အပျက်ပြီး အသက်အတော်အတန်ရလာသော် သူသေလျင် တရုပ်သင်္ချိုင်းတွင် မမြှပ်နှင့်ဟု အတန်တန်မှာသည်ဆိုပါသည်။ အဖေကို သူ့ဆန္ဒအတိုင်း မြန်မာသင်္ချိုင်းတွင် မြှပ်နှံလိုက်ပါသည်။ အဖေသည် ရိုးရာအစွဲအယူကိုရအောင် ရုန်းထွက်သွားသည်။ တကယ်တော့ ဘယ်သချိုင်းတွင်မြှပ်မြှပ် စိတ်အစွဲသာအရေးကြီးပါသည်။ သို့သော်သူကား တစ္ဆေကြီး၏ ချယ်လှယ်မှုကို မခံပါ။ သူ့အတွေးတွင် အကယ်လို့ တရုပ်သချိုင်းတွင်မြှပ်နှံသော် အစွဲကြောင့် ချယ်လှယ်ခံရမည်ကိုသူကြောက်သည်။ အဖေသည် ဗန်းမော်သို့ ဆရာတော်ဘုရားကြီးများကြွလာလျင် သူ့အမ၏ဂျစ်ကားကိုပန်းရထားပျံပုံစံမျိုး ဆင်ပြင်ပေးခဲ့ သည့်အလုပ်ဖြင့်ကုသိုလ်ယူပါသည်။ အထူးသဖြင့် ဝေဘူဆရာတော်ဘုရားကြီးကြွလာစဉ် စီးပွားရေး သမားများရိုက်သော ဖလင်များတွင် ဆရာတော်ဘုရားကြီးပုံများမထင်ဘဲ အဖေရိုက်သော ဖလင်(၂)လိပ်တွင် ဝေဘူဆရာတော်ဘုရားကြီးပုံများထင်ပါသည်။ အဖေပြောပုံအရ သူက အိမ်တွင်ကိုးကွယ်ရန်အတွက် ဆရာတော်ဘုရားကြီးကို ကန်တော့ပြီး မနောဖြင့် ဓါတ်ပုံရိုက်ခွင့်ကိုတောင်းခဲ့သည်ဟုပြောပါသည်။
အရိယာသူတော်ကောင်းကြီးများကား စိတ်အကြံကိုကောင်းစွာသိသည်တကား။ ကျမတို့ တရုပ်လူမျိုးများ တရုပ်စပ်များသည်လည်း ဆရာတော်ဘုရားကြီးမိန့်သကဲ့သို့ အစွန်းရောက်အယူဝါဒမှ ရုန်းထွက်နိုင်ကြပါစေ ဟု ရည်ရွယ်ပြီး တကယ့်အဖြစ်အပျက်အား ပုံဖော်ရေးသားလိုက်ရပါတော့သည်။မည်သည့်အယူဝါဒဖြစ်စေ အစွန်းရောက်နေသည်ကို ခွဲခြားသိရန် အစွန်းအားပယ်သတ်တတ်ရန်သာလိုပါသည်။
ဒေါက်တာအောင်သန်းမှာ သီပေါမြို့၊ မြစ်ကြီးနာမြို့တွင် မြို့နယ်ဆရာဝန်ကြီးအဖြစ်လုပ်ခဲ့ပြီး နောက်ဆုံး ပဲခူးဆေးရုံတွင် ဆေးရုံအုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၉တွင်ကျမအဖေကွယ်လွန်ပြီး ဘကြီးသည်လည်း မကြာမတင်တွင်ကွယ်လွန်သွားပါသည်။ ကျန်းမာချမ်းသာ၍ အစွန်းရောက်ဝါဒ အစွန်းရောက်မွေးရာပါအစွဲများမှ ဥာဏ်ဖြင့်လွတ်မြောက်အောင်ရုန်းထွက်နိုင်ကြပါစေသတည်း။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး