Sunday, June 17, 2012

ဒီလမှာ ကျမအကြိုက်အစားအသောက်များနှင့် အင်ဥဟင်းတခွက်


ဒီလမှာ ကျမအကြိုက်အစားအသောက်များနှင့် အင်ဥဟင်းတခွက်
ဗန်းမော်သူပီပီ အစားအသောက်ကောင်းကောင်းကိုကြိုက်တတ်တယ်လေ။ မြီးရှည်ကအစ ချက်ပုံက လုံးဝမတူဘူး။ နောက်တရုပ်နှစ်သစ်ကူးမှာမှ စားရတတ်တဲ့ လခွန်စီလို့ခေါ်တဲ့ ရေစိမ်ခေါက်ဆွဲ ၊ လခွန်စီဆိုတာ ရှမ်းနာမည်လား တရုပ်နာမည်လား ကွဲကွဲပြားပြားမသိဘူး။ ကျမတို့ဘက်မှာ အခေါ်အဝေါ်တွေက ရောနေတယ်။ ချိဖန်ဝမ်း (ပုဂံလုံး)၊ ခွိုင်စေး(တူ)ဆိုရင် တရုပ်လိုခေါ်ဝေါ်တာ။ ပကပ်စော(မုန်ညင်းချဉ်ဟင်းရေ) ရှမ်းလိုဖြစ်သွား ပြန်ရော။ မျှစ်ချဉ် ခေါက်ဆွဲတွေဟာ ကျမတို့မြို့ရဲ့နာမည်ကြီးအစားအစာထဲမှာပါလေ့ရဲ့။ ဒေညင်းသီးဆိုရင် ရှယ်ဘဲ၊ တရုပ်ဆီးသီးဆိုရင်လည်း ရှယ်ဘဲ။ ဗန်းမော်မှာ ကျွဲဒေညင်း၊ စာကလေးဒေညင်းလို့နှစ်မျိုးရှိတယ်။ ကျွဲဒေညင်း ကပြားပြားကြီးကြီး၊ စာကလေးဒေညင်းက လုံးလုံးဝိုင်းဝိုင်းသေးသေး။ မန္တလေးကိုအများကြီးသင်္ဘောနဲ့တင် ရောင်းချရတယ်။ မုန်ညင်းစိမ်းဆိုတာကလည်းပေါပါဘိသနဲ့။  မုန်ညင်းချဉ်လုပ်တာလေ။ အခုတော့ မုန်ညင်းစိမ်းက ရှားမှရှား၊ ၀တုန်လို့ ခေါ်တဲ့ ၀ပေါင်း(၀ဥကိုပေါင်းထားတာ) ဆိုရင် မြင်ကို မမြင်ရဘူးဘူး။  ၀ဥမရှိလို့လေ။ ကိုယ့်ဒေသက အစားအသောက်ကို အရမ်းလွမ်းမိပါတယ်။ မချောရဲ့ အစိမ်းရောင်လွင်ပြင်ထဲ ၀င်ကြည့်လိုက်ရင် စားခြင်တဲ့ စိတ်တွေက ခဏခဏပေါ်လာလို့ အဲဒီဆိုက်ထဲ ခဏခဏ၀င်မကြည့်ရဲဘူး။ ဟင်းချက်တဲ့နည်းမှ မဟုတ်ရင် facebook ကနေဘဲ ဖတ်ဖြစ်လိုက်တယ်။ ကျမ ဗန်းမော်စာတွေစားခြင်တိုင်း စောဝေညိုလို့ ကလောင်နာမည်ရတဲ့ နောင်ခိုက ဦးဇင်း အွန်လိုင်းတက်လာရင် မပြောဘဲမနေနိုင်ပြောပြောမိတယ်။ ဟိုဟာစားခြင်လိုက်တာ ဒါစားခြင်လိုက်တာဆိုပြီးပေါ့။ တကယ် ဗန်းမော် ပြန်ရောက်တော့ ဦးဇင်းဆီသွားကန်တော့ရင်း နောင်ခိုက မျစ်ချဉ်ခေါက်ဆွဲဟာ တမြို့လုံးမှာ အကောင်းဆုံးဆို တာမသိလိုက်ရလို့ မစားခဲ့လိုက်ရပါဘူး။
ဒီလကတော့ ကျမအလွန်ကြိုက်တဲ့ ဒေညင်းသီးပေါ်တဲ့လပါဘဲ။ ဒေညင်းသီးတွေကြည့်လိုက်ရင် အသင့်အတင့် လေးကောင်းရင် ၁၀ လုံးကို ၅၀၀ိ/တဲ့လေ။ ပိန်စိပိန်ညှပ်ဆိုရင် ၁၀ လုံး ၃၀၀ိ/-တဲ့။ တခါစားလိုက်ရ(၁၀)လုံးကို အကုန်မုန့်စားသလိုစားတာ။ အဲဒီလိုစားတာ ကျမတယောက်ထဲမဟုတ်ဖူး ကချင်ပြည်နယ် ကလူတွေက ဒီလိုချည်းဘဲ။ အကျောကတက်တော့ ဆွမ်းလောင်းမယ်လို့ အင်ဥတွေချက်ထားတာ မလောင်း လိုက်ရတော့ဘူး။ နေမကောင်းဖြစ်ပြီလေ။
ကဲ ဒီနေ့တော့ ကျမချက်တဲ့ အင်ဥဟင်းလေးအကြောင်းပေါ့။ 
အင်ဥလေးတွေကို ပြောင်အောင်ဆေးရတယ်။ ရေဆင်းက အင်ပင်တွေချည်းပါဘဲ။ အခုတော့ နေပြည်တော်ဖြစ်တော့ အင်တောလည်း ပါးသွားတာပေါ့။ အင်ဥဆိုတာ ကြာကြာလည်းမပေါ်ဘူး။အလွန်ဆုံးဒီမှာ တပတ်-၁၀ ရက်အတွင်းဘဲ တွေ့၇တယ်။ အဲဒီရက် အတွင်းမြန်မြန်ဝယ်ချက်စားမှ အင်ဥဟင်းစားရမှာ နောက်မို့ ဒီတနှစ်အတွင်းအင်ဥစားလိုက်ရမှာမဟုတ်ဖူး။ အင်ဥဆိုတာတကယ်တော့ မှိုတမျိုးပါ။ ချတောင်ဘို့တွေကို ဆန်ကွဲတွေကြဲထားရင်နောင်ကို မှိုထွက်သလိုပေါ့။ သူကလည်းအင်ဖက်တွေအောက်မှာပေါက်နေတဲ့ မှိုလုံးလေးတွေပါဘဲ။
အင်ဥကို အကြိမ်ကြိမ်အထပ်ထပ်ဆေးရပါတယ်။ ကြောက်စရာအကောင်းဆုံးက သဲရှပ်တာပေါ့။ အင်ဥကို ရေထဲအရင်ထည့်စိမ်ထား။ သဲတွေကျတော့မှ သွန်ပြီး ပြောင်အောင် အထပ်ထပ်ဆေးရတယ်။ အဲဒါတော့ လက်ဝင်တယ်လေ။ ကျမက အင်ဥအလုံးတွေကိုတခုခြင်းလက်နဲ့သပ်ကြည့်တယ် သဲပါနေရင် လက်သဲလေး နဲ့ ကော်ပစ်လိုက်တာဘဲ။
(၁) ကြက်သွန်ဖြူတစ်ဥ အခွံနွာပြီး ဒါးပြားနဲ့ရိုက်
(၂) အင်ဥတွေကို သေးရင် ထက်ခြမ်းခွဲ ကြီးရင်အကွင်းလိုက်လေးတွေလှီး
(၃) ဆား အချို့မှုန့် ဆနွမ်းမှုန့် ဆီလိုတယ်လေ။
ဆီအိုးတယ်ပြီး ကြက်သွန်ဖြူကိုထဲ့လိုက်။ ပြီးရင် ဆနွမ်းသင့်ယုံထဲ့မယ်။ ပြီးတော့မှအင်ဥကိုထည့်လိုက်။ဆား အချိုမှုန့်တို့ကို ကိုယ့်အကြိုက်ထည့်ပေါ့။ ရေကို သင့်ယုံထည့်ရမယ်။ အင်ဥရဲ့အပြင်ခွံကမာတယ်လေ။ ဒါကြောင့် နှပ်မနှပ်ကို စစ်ဆေးကြည့်ရမယ်။ အနှပ်လိုရင် ရေထပ်ထည့်ပြီးပြန်နှပ်ပေါ့။ အဲဒါဆို ဆီပြန်အင်ဥဟင်း တခွက် ရပါပြီ။
ဆွမ်းလောင်းဘို့အဆင်သင့်ပါဘဲ။ စနေ တနင်္ဂနွေမှ ဆွမ်းလောင်းဘို့အခွင့်အရေးရတာမို့ မပျက်မကွက်လောင်း လိုက်ခြင်ပါရဲ့ရှင်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts