Friday, June 15, 2012

ဆရာလား လူကြီးလား သညာလား ပညာလား

ဆရာနှင့် လူကြီး
တကယ်တော့ ဒီစာကိုရေးတာဟာ ခြားနားကွဲပြားတဲ့ လူကြီးနဲ့ ဆရာဆိုတာကို အရင်က စကားသိ သညာသိဘဲ သိခဲ့ရာကနေ ကျမရဲ့ အသက် ၅၅ နှစ်အရွယ်ရောက်မှ ဆရာနဲ့ လူကြီးဟာ ကွဲပြားစရာဘ၀မှာ အမှတ်တရ ကျမဘ၀ရဲ့ သမိုင်းမှတ်တိုင်တခုအဖြစ်စိုက်ထူဖြစ်ခဲ့လို့ပါဘဲရှင်။
ရွှေစေတီဆရာတော်က လူကြီးဆိုတာ အသက်ဘဲကြီးသွားတာ တရားမသိရင် ခလေးဘဲလို့ မကြာခဏ ကျမတို့ အဖွဲ့ကိုပြောလေ့ရှိပါတယ်။ တကယ်တော့ ဆရာတော်ဟာ တရားကို စွဲမြဲအားထုတ်စေခြင်သောစိတ် လမ်းဆုံးရောက်ပြီး တရားအရသာကို ခံစားစေလိုသောစိတ်တို့ဖြင့် ကျမတို့အဖွဲ့တွေ ရွှေစေတီဆရာတော်ထံ သွားရောက် ဂါရ၀ပြုတိုင်း ကြားရတဲ့ သြ၀ါဒစကားတစ်ခွန်းဖြစ်ပါတယ်ရှင်။
ကျမတို့အဖွဲ့ လယ်ဝေးမြို့နယ် ထန်းတပင်ကျေးရွာအနီးတွင် တောရကျောင်းဆောက်တည်သော ၀ိနည်းထိုရ် ဆရာတော်ကြီး ဦးတိဿရ (ရမည်းသင်းမြို့နယ် မယ်အောင်ကန်အနီး နဘူးကျင်းတောရတွင်လည်း သီတင်းသုံးခဲ့ပါသည်) ကိုအကြောင်းပြုပြီး ထန်းတပင်တောရကျောင်းသို့ သူငယ်ချင်းမိသားစုနှင့်အတူ လိုက်ပါသွားလေ့ရှိရာမှ ရွှေစေတီဆရာတော်ကျောင်းသို့ ထန်းတပင်ရောက်တိုင်းရောက်ဖြစ်ခဲ့ပါသည်။ အခုတော့ ထန်းတပင်တောရဆရာတော်ကြီးက ပျံလွန်တော်မူသွားခဲ့ပါပြီ။
အောက်ကပုံကတော့ ကျေးဇူးတော်ရှင်ဘ၀နတ်ထံပျံလွန်သွားပြီဖြစ်တဲ့ ဆရာတော်ကြီးတိဿရ (ရမည်းသင်းမြို့နယ် မယ်အောင်ကန်အနီး နဘူးကျင်းတောရတွင်လည်း သီတင်းသုံးခဲ့ပါသည်)နှင့် နေပြည်တော် ဟော်တယ်ဇုံ ရွှေစေတီကျောင်းတွင်လက်ရှိသီတင်းသုံးနေသောဆရာတော်ဘုရားတို့ ပုံဖြစ်ပါတယ်။

ဝန်ထမ်းတယောက်ဖြစ်သော ကျမတွင် ကျမဆက်ဆံရသည့် အရာရှိခေါ်သည့် လူကြီးပေါင်းများစွာကြုံခဲ့ရပါ သည်။ မေတ္တာဂရုဏာရှိသောလူကြီး၊ တပည့်များကို ချစ်ခင်သောလူကြီး၊ တပည့်များဘက်က မှားမှားမတ်မတ် ရပ်တည်သောလူကြီး၊ ခိုင်းရအောင်ချော့ခိုင်းပြီး မခိုင်းတော့လျင် လွင့်ပစ်တတ်သောလူကြီး၊ နားလည်မှူ မရှိသော လူကြီး၊ အညိုးကြီးသောလူကြီး၊ တပည့်တွေ၏မကောင်းကြောင်းကို အာဏာရှိပြီး ဆုံးဖြတ်ပိုင်ခွင့် ရှိသောသူများထံ အတင်းပြောပြီးတပည့်များကို အမြင်စောင်းအောင်ဖန်တီးနေသော လူလည်လူကြီးစသည်ဖြင့် လူကြီးအစားစားတို့ကို ကြုံခဲ့ဘူးပါသည်။
ကိုယ်က ရိုးရိုးသားသားစိတ်ထားသော်လည်း တဖက်က မထားနိုင်ပါ။ အာဏာမရှိခင်မက အင်မတန် ပျော့ပြောင်းပြီး မိသားစုသဖွယ်ဆက်ဆံခဲ့သော လူကြီးတဦးသည် ငယ်သောအမှုကိုကြီးအောင်လုပ်ပြီး မိမိအပေါ်တွင် ပြသနာမဖြစ်ဖြစ်အောင် ဖန်တီးပေးခဲ့သည်မှာ လွန်ခဲ့သော အောက်တိုဘာ ၂၀၁၂ တွင် ဖြစ်ပါသည်။
ထိုလူကြီး၏ ညစ်ပတ်သော စိတ်ဖြင့် ကိုယ့်ကို ထိခိုက်အောင်လုပ်လိုက်မှ - ဆရာနှင့် လူကြီးတို့၏ တန်ဘိုးကို ကောင်းကောင်းကြီးသိသွားပါတော့သည်။ သူသည်ကား လူကြီးသာဖြစ်သည်။ ဆရာမဟုတ်ပါ။ ကိုယ်ဖန်တီး လိုက်သော ဇတ်လမ်းမှ ဇတ်လိုက်မကို မနိုင်တော့မှ ပြောင်းရွေ့လိုက်သည့်လူကြီး။ ထိုသို့သော လူကြီးများကြား တွင် အသက်ကိုဝအောင်မရှူနိုင်တော့မှ ကျမ လူကြီးတွေထဲမှ ဆရာဟု ဂုဏ်ပြုထိုက်သည့် ဆရာ()ဦး၏ တန်ဘိုးကို ကောင်းစွာသိလိုက်ရပါသည်။
ဆရာတဦးက ဒေါက်တာမြသွင်ဖြစ်ပါသည်။ ပိုးမွှားဌာနတွင် အတူတကွ ဆရာတပည့်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဘူးပါသည်။ ထိုစဉ်က ဆရာ မဟာသိပ္ပံဘွဲ့ရပြီးနိုင်ငံခြားမှ ပြန်ရောက်ခါစ ရန်ကုန်မှ ရေဆင်းသို့ပြောင်းရွေ့လာ ချိန်ဖြစ်ပါသည်။ဆရာသည် ပျော်ပျော်နေတတ်သည်။ အလားတူ ဘာသာရေးလိုက်စားသူလည်းဖြစ်သည်။ ဆရာ့ဇနီးဒေါ်ခင်ခင်ဆွေသည်လည်း ဆရာနှင့်တထပ်တည်းသောစိတ်ရှိသူဖြစ်သည်။ မိသားစုစိတ်အပြည့်ရှိသူ ဖြစ်သည်။ ဆရာကြောင့် ကျမတို့သည် ဘုရားဖူးခရီးများစွာသွားရောက်ခဲ့ရသည်။ကုသိုလ်ကို လုပ်ဖြစ်ခဲ့သည်။ တခါတရံ ဆရာအလုပ် မအားလျင် မမဆွေသည်လည်းကျမနှင့်အပျိုလေးတို့ကို သွားလေရာ ခေါ်သွားတတ် သည်။ ကျွေးရမွေးရ လှူရမှာ ၀န်မလေး။ မကောင်းတာဆိုလျင် ဆိုဆုံးမသည်။ နေမကောင်းထိုင်မသာရှိသူတွေ အိမ်တွေလည်း ဆရာတို့ဇနီးမောင်နှံ နှစ်ဦးရောက်ကြသည်။ ကျောသားရင်သားမခွဲခြားဘဲဆက်ဆံတတ်သည်။
ဒေါက်တာမြသွင်သည် မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ရဟန်းဒကာထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ရဟန်းဒကာကို တစ်ဦးတည်းအဖြစ်မခံ ဆိုသဖြင့် ဆရာအပါအ၀င်ရဟန်းဒကာများမှ ရဟန်းခံပေးသည်ဟုသိရပါသည်။ ဆရာကြောင့် ကျမတို့သည် ဆရာတော်ကြီး သီတင်းသုံးရာအရပ်ဖြစ်သော သာစည် ရွှေကျောင်းကုန်းတောင်၊ ရွှေဘိုမြို့နယ် နတ်တလူတောရ ပုလဲမြို့နယ် ၀ါးသုံးရုံစခန်းများသို့ ရောက်ရှိခဲ့ပြီး ဆရာနှင့်ဇနီးတို့နှင့်အတူ ဆရာတော်ကြီးကျောင်းသို့ရောက်ရှိဖူးမျှော်ရခြင်း လှူရခြင်းများကို ပြုခဲ့ရလေသည်။ ပျဉ်းမနားမြို့နယ် လက်လုပ်တောင်တွင် သီတင်းသုံးစဉ်လည်း ဆရာတို့မိသားစုနှင့် မကြာခဏ ရောက်ရခြင်း၊ လမ်းဖောက်လုပ်အားပေးခြင်းစသည်ဖြင့် သာသနာ့အကျိုးကို ထမ်းဆောင်ခဲ့ရသကဲ့သို့ ဆွမ်းလောင်းရခြင်းကုသိုလ်တို့ကို ရရှိခဲ့ရပါသည်။ ဆရာတို့နှင့်အတူ သာစည်သို့ လိုက်ပါကြပြီး နဘဲရွှေထီးကျောင်းတွင် ခဏရပ်နားကာ ကျမတို့သည် သာစည်မြို့နယ်ရှိ ရွာမှ ဘုန်းတော်ကြီး ကျောင်းများ (ထိုစဉ်ကကျောင်းပေါင်း ၃၀ ကျော်ဟုထင်ပါသည် အတိအကျမမှတ်မိတော့ပါ)ကို ဆရာတော်ကြီးက ၄င်းအားလှူသမျှပစ္စည်းတို့ကို ခွဲဝေလှူတန်းပါတော့သည်။ ထိုစဉ်က ရွှေကျောင်းကုန်းတောင်ပေါ်ရှိ ဆရာတော်ကြီးကျောင်းသို့ သွားရောက်ရန်အတွက် တောင်ပေါ်လမ်း ဘေးတွင် ကပ်ပေါက်နေသော သစ်ပင်ငယ်များကို ဆွဲတက်ခဲ့ရပါသည်။ တနေ့တောင်အောက်သို့ မည်သို့ဆွမ်းခံလေသနည်းဟု စဉ်းစားမိ ပါသည်။
ဆရာတော်သည် ကျမဆရာဒေါက်တာမြသွင်အား သွင်ကြီးဟုလည်းကောင်း ဆရာ့ဇနီးအား ဆွေကြီးဟုလည်း ကောင်းခေါ်လေ့ရှိပါသည်။. ကျမတို့သည် ဆရာတော့်နောက်လိုက်ရသည်ကိုအလွန်ပျော်ခဲ့ပါသည်။ ၁၃၅၇ ခုနှစ်ခန့်တွင် လားဟူလီရှောများအား ဆရာတော်ကြီးသည် မိုင်းဖုန်းမှ ပျဉ်းမနားလက်လုပ်တောင်သို့ ခေါ်လာပါ သည်။ ထိုစဉ် အခွင့်ကောင်းစောင့်နေသော ကျမဆရာသည် ဆရာတော်ကြီးအား ကျမတို့ ရေဆင်းတွင် ဆွမ်းလည်းကပ် တရားလည်းဟောပေးပါ၇န်တောင်းဆိုပြီး စီစဉ်ပါတော့သည်။ ကျမတို့သည် ဆရာတော်ကြီး တရားဟောမည်ဆိုသဖြင့် အလွန်ပျော်ရွှင်ကြပါသည်။ အာဝဇ္ဇန်းကောင်းလှသောဆရာတော်ကြီးတရားများသည် ကျမတို့အားလုံးအား ဟာသဥာဏ်နှောပြီး မျက်ဝါးထင်ထင်ဖြစ်စေ၇န် ဥပမာဖြင့် ပေးတတ်ပြတတ်ပါပေ၏။
ထိုစဉ်က ဆရာတော်ကြီးဟောသောတရားမှာ ကိုယ့်ခန္တာကို ကိုယ်သုတေသနပြန်လုပ်ပါ ဟုဖြစ်ပါသည်။ သစ်ပင်တွေချည်ုးသာသုတေသနလုပ်မနေဘဲ မိမိသယ်ဆောင်ထားသည့် ခန္တာကိုယ်ကြီးကို သုတေသန ပြန်လုပ်ပါ ဟုဖြစ်ပါသည်။ မှတ်သားစရာအကောင်းဆုံးစကားမှာ လူ့ဘ၀ဆိုတာ ကြက်သည် ကုလားရဲ့ ခြင်းတောင်းထဲ ထည့်လာတဲ့ ကြက်တွေနဲ့အလားတူပါတယ်တဲ့။ ကြက်တွေကို ကြက်သည်ကုလားက သတ်ဖို့ ကြက်ခြင်း တောင်းထဲထည့်သယ်လာတာဖြစ်တယ်။ ဒါကို အသိဥာဏ်မရှိတဲ့ကြက်တွေဟာ သူတို့သေရမယ်မှန်း မသိဘဲနဲ့ ကြက်ခြင်းတောင်းထဲမှာ အချင်းချင်းဆိတ်လိုက် ခွပ်လိုက်နဲ့ လုပ်နေကြသတဲ့။ လူ့ဘ၀ဟာလည်း တနေ့မှာ သေမင်းလက်ထဲရောက်ပြီး သေရမယ်။ ဒါဟာကြက်သည်လက်ထဲက ကြက်ခြင်းတောင်းထဲက ကြက်တွေနဲ့ တူတယ်။ ကိုယ့်ကိုကိုယ်ဘယ်နေ့သေမယ်ဆိုတာမသိတော့ အချင်းချင်း ခွပ်ကြ သတ်ကြ ပြိုင်ကြ ဆိုင်ကြ။ ဒေါသ လောဘ မာန စသည်တွေနဲ့ တယောက်ကိုတယောက်လုပ်နေကြတယ်။ တကယ်တော့ သေမင်းက ကိုယ့်ကိုစောင့်နေတယ်။ အဲဒီအခါမှာ ပညာပါတဲ့သူက မသေရာလမ်းဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်အောင်သွားမယ်။ နိဗ္ဗာန်ကိုသွားဘို့ရာ ကိုယ့်ရဲ့ ခန္တာကို ကိုယ်ကိုယ်တိုင်သုတေသနပြုလုပ်ရမယ်လို့ ဟောကြားသွားပါတယ်။ ဒါကတော့မှတ်မိသမျှလေးတွေပါ။
(၁၃၅၀ မှ ၁၃၅၂) အထိ သာစည်ရွှေကျောင်းကုန်းတောင်၊ (၁၃၅၃ မှ ၁၃၅၅) ပျဉ်းမနားလက်လုပ်တောင်၊ (၁၃၅၆ မှ ၁၃၅၈)အထိ သုဝဏ္ဏလျံတောင် (အဲဒီမှာ လားဟူလီရှောတွေ ဗုဒ`္ဓဘာသာဝင်) ၁၃၅၉ ရွှေဘိုမြို့နယ် နတ်တလူတောရ၊ ၁၃၆၁ ပုလဲမြို့နယ်၊ ၀ါးသုံးရုံစခန်း ဒါက ကျမတို့ရောက်ခဲ့တဲ့အရပ်နဲ့ ဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ခုနှစ်တွေဖြစ်ပါတယ်။ ဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ နေရာတွေကအများကြီးပါ။ ဆရာတော်ကြီးရေးထားတဲ့စာအုပ်တွေမှာစာရင်းနဲ့ပါပါတယ်။
ကျမဆရာဟာ ဆရာတော်ကြီး ဘယ်ကို ကြွသွားတယ်ဆိုတဲ့ သတင်းကြားတာနဲ့ သူ့အလုပ်ပိတ်ရက်တွေမှာ ဆရာတော်ရှိမဲ့အရပ်ကိုရောက်သွားလေ့ရှိပါတယ်။ တခါတလေ ဆရာက သတင်းရလို့ရောက်သွား ဆရာတော်ကြီးက အဲဒီအရပ်ကိုစွန့်ပြီးအခြားနေရာရွေ့သွားပါလေရော။ ဆရာက စိတ်ဓါတ်လည်းကျ ကားကလည်းလမ်းမှာအဆင်မပြေဖြစ်လာတယ်လို့ပြောပြပါတယ်။ တခါတလေလည်း ငါသွားရင်ခေါ်မယ်ဟေ့ တပည့်ကြီးရေလို့ပြောပြီး သူစိတ်ထဲပေါ်ရင်ပေါ်သလိုကောက်ထသွားလေ့ရှိပါတယ်။ပြီးမှ ငါတောင်းပန်တယ် တပည့်ကြီးရေ့ ဂတိပေးထားပြီးမခေါ်ဖြစ်လိုက်ဖူးလို့ ငါဆရာဘဲဆိုတဲ့စိတ်မျိုးမထားဘဲ ပြောလေ့ရှိပါတယ်။
ဆရာတော်ကြီးဟာ စိတ်မနောကိုပိုင်သူဖြစ်ပါတယ်။ မိမိတို့ရဲ့စိတ်ထဲကနေ လျောက်လိုက်ရင် ဆရာတော်ကြီး ဟာ အကုန်သိပါတယ်။ ဒါကတော့ကျမကိုယ်တွေ့ဖြစ်ပါတယ်။ ကျမတို့ဆ၇ာတပည့်တွေ ပုလဲသွားတုန်း ကလည်း မဖူးရလို့တားမြစ်ထားတဲ့ စည်းကိုကျော်လို့ ထူးဆန်းတာတွေကြုံခဲ့ရပါတယ်။ ဒါတွေကိုနောင်သီးသန့် ရေးသွားပါမယ်။ ကျမကဲ့သို့သော ဆရာတော်ကြီးကိုကြည်ညိုတဲ့ ဒကာ ဒကာမတွေအများကြီးဖြစ်ပါတယ်။ ကျမတို့ဟာ ဆရာတို့မိသားစုကျေးဇူးကြောင့် သီလသမာဓိဂုဏ်ပြည့်စုံသော ဆရာတော်ကြီးကို ဖူးတွေ့ပူဇော် ရတာဖြစ်ပါတယ်။ ဒီကျေးဇူးရဲ့တန်ဘိုးဟာ ကြီးမားလှပါတယ်ရှင်။
နောက်ပြီး ကျမဆရာဟာ ဆရာတော်ကြီး ရသေ့ဘ၀က ကျိုက်လတ်မှာဘုရားတည်စဉ် ဘိလပ်မြေအိတ်များ လိုအပ်တာများကို ၀ယ်လှူခဲ့ရမှာ ၀န်ထမ်းဆိုတော့ လကုန်မှပေးစနစ်နဲ့ လှူခဲ့တယ်ဆိုတဲ့သဒ္ဓါတရားကို မချီးကျူးဘဲမနေနိုင်ပါဘူး။ ဆရာတော်ကြီးဟာ ၀န်ထမ်းတွေဘ၀ကိုနားလည်တဲ့အတွက် ၀န်ထမ်းတွေ ဒါနကို ဦးစားမပေးနဲ့ သီလကိုလုံခြုံအောင်နေ သီလကိုအသားပေးလို့ မကြာခဏတိုက်တွန်းတာကို ကြားနာခဲ့ဘူး ပါတယ်။
ဆရာကောင်းကိုအမှီပြုပြီး တပည့်ကလည်း ဆရာရှေ့ကသွားတဲ့လမ်းကိုလျှောက်တတ် သွားပါတယ်။ လမ်းလျောက်သင်တဲ့ခလေးလိုပါဘဲ။ နင်ဒီလိုသွားဟဲ့။ ဒီလိုလုပ်ဟဲ့နဲ့။ ကောင်းတာကို ညွှန်သွန်သင်ပြသပေး တာမှ တကဲ့ဆရာကောင်းပါ။ တချို့ဆိုရင် မိဘကတောင်မပြသပေးနိုင်တာတွေရှိပါတယ်။ ဒါကြောင့်လည်း တရားနာသင့်တယ် ကျောင်းကန်ဘုရားများကိုသွားသင့်တယ် ဆရာတော်သံဃာတော်များကိုဟောကြားတာကို မှတ်သားနာယူသင့်တယ်။ ကိုယ်တိုင်လည်း နိုင်သလောက်ကျင့်ကြံသင့်ပါတယ်။ မလွဲမသွေတွေ့ကြုံရမဲ့ သေခြင်းတရားကိုလည်း မေ့ထားဘို့မသင့်ပါဘူး။ သဘာဝဘေးဆိုးကြီးများရဲ့ အန္တရာယ်တွေကြောင့် လူပေါင်း မြောက်များစွာအသက်အိုးအိမ် စည်းစိမ်မဲ့ကြတဲ့အခါ အဲဒီအထဲ ငါမှမပါတာလို့လည်း သဘောမထားသင့်ပါဘူး။
ခေတ်ကာလအရ အစားအသောက်ကအစ ကျမအနေနဲ့ကြောက်လန့်မိပါတယ် စားစရာတောင်မရှိသလို ခံစားမိ ပေမဲ့ မလွတ်နိုင်တော့လည်းစားနေရတာပါဘဲ။ လှပတဲ့ ကော်ဖီထုပ်တွေ ပန်းမုန်လာတွေတွေ့တိုင်း ဆေးကျွင်းအာနိသင်လို့ခေါ်တဲ့ ပိုးသတ်ဆေးတွေရဲ့အာနိသင်တွေ ဘယ်လောက် ဒီအစားအသောက်ပေါ်မှာ ကျန်နေသလဲ မမြင်နိုင်ပါဘူး။ ဖရဲသီးတွေဆေးထိုးတာ အသီးတွေကို လှအောင်ကြီးအောင် ဟော်မုန်းတွေ ဖြန်းကြတာ။ တကယ်တော့ အန္တရာယ်တွေချည်းပါဘဲ။ ဒါတွေဟာ ချက်ခြင်းမဟုတ်ပေမဲ့ အသက်ကို တဖြေးဖြေး ချွေယူနေတာပါ။ နောက်ဆုံးလတ်ဆတ်တဲ့လေကို ရှူဘို့တောင် ခက်လာပါလိမ့်မယ်။  အဲဒီလိုခေတ်ကြီးက ပြောင်းလဲလာလေ အဖက်ဖက်က ကြောက်စရာကောင်းလေဖြစ်ပါတယ်။
သေခြင်းနဲ့နီးနေတဲ့ခေတ်ကာလတွေမှာ မိမိအား ဒါန သီလ ဘာဝနာ စသည်တို့နဲ့ နီးစပ်အောင် အကျွမ်းဝင်အောင်ညွှန်ပြခဲ့၊ ဆုံးမခဲ့၊ ပံ့ပိုးပေးခဲ့တဲ့ ဆရာသမားတိုင်းဟာ ဆရာကောင်း ဆရာမြတ်တွေပါဘဲ။ သညာဆိုတာ အတန်းစာတွေပါ။ သညာကို ပညာနဲ့မှားပြီး ပညာတတ်တယ် ပြောနေကြခြင်းသာရယ်ပါ။ မြတ်စွာဘုရား၏ တရားများသည်သာ ပညာဥာဏ်ယှဉ်တဲ့ ပညာစစ်စစ်တွေပါ။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ အထူးမေတ္တာပို့မှာ
ဒုဘိန္တွရာ- မကောင်းမှုကြောင့် ပျက်ဆီးနေသူများကို ပညာယ-ချင့်ချိန်တိုင်းထွာ ဥာဏ်ပညာဖြင့ိဝိဇ္ဈန္တု-ထိုးဖောက်လှစ်ပြူ သင်ခန်းစာယူတတ်ကြပါစေ။ ဟိံကာလေ-ဆုတ်ခေတ်ကာလ ဖုဓမ္မတာ-ကြုံတွေ့ရမြဲ ဖြစ်ကုန်သော၊ အဓမ္မကာမ၀ါဒပိ-မတရားလိုချင်ခြင်း၊ မတရားအနိုင်ကျင့်ခြင်းများကိုလည်း၊ ပညာယ-ပညာဖြင့် ၀ိမုဉ္စန္တု- အလွတ်ရှောင်ကွင်းကင်းရှင်းကြပါစေဟု ပို့သထားပါသည်။
ယခုဖော်ပြထားသည်က တပိုဒ်သာဖြစ်ပါသည်။
ကျမ၏ ဆရာကား ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအလယ်တွင် ကျမထံသို့ရောက်ရှိလာပါသည်။ ဆရာသည် ကျမအားဆရာတော်ကြီးထံသွားရန်တိုက်တွန်းသွားပါသည်။ ရန်ကုန်မှ သူတို့အဖွဲ့နှင့်လိုက်လျင် လမ်းစ၇ိတ်ကြီး သဖြင့် ပျဉ်းမနားအဖွဲ့နှင့်လိုက်ဖြစ်အောင်လိုက်ရန် ပျဉ်းမနားအဖွဲ့များနှင့်ပါ ချိတ်ဆက်ပေးခဲ့ပါသည်။ နောင်တွင် ဆရာတော်ကြီးအဖူးမခံတော့မည်ကို စိုးရိမ်လို့ ဒီနှစ်သွားဖြစ်အောင်သွားဟုပြောပါသည်။ ကျမသည်လည်း ဆရာ့စကားကို မြေ၀ယ်မကျနားထောင်တတ်သောတပည့်ပီသစွာ ဆရာတော်ကြီးရှိရာ ကလေးမြို့နယ်အပိုင် မဟာမြိုင်တောကြီးသို့ (--၂၀၁၂ နှင့် --၂၀၁၂)နေ့တွင် အခက်အခဲများကြားမှေ၇ာက်ရှိသွားပါ တော့သည်။
ဆွမ်းလောင်းယုံမျှသာလောင်းခဲ့ရပါသော်လည်း အဝေးကနေသာ အကျွတ်အလွတ်ကျောင်းကို ဖူးရပါ သော်လည်း နှစ်ပေါင်းများစွာ ပျောက်ဆုံးသွားသော ရတနာမြတ်အားပြန်တွေ့ရသကဲ့သို့ တသသဖြစ်မိပါသည်။ သို့ရာတွင် ဆရာတော်ကြီးဟောပြောသောစကားများကား ငါ့ဆီခက်ခက်ခဲခဲနဲ့ ဘာလာလုပ်တာတုန်း။ လာမဲ့အစား ဒီကိုယ်တော်ကြီးအတွက်ဆိုပြီး တရား မိနစ်လောက်ပိုထိုင်ပါလား။ ကိုယ်ကိုမွေးတဲ့မိဘနှစ်ပါး အတွက်ဆိုပြီးတရား မိနစ်ပိုထိုင်ပါလား  ဆိုသောစကားကို ဟောကြားတာကို အခွေများထဲမှတဆင့် ကြားယောင်မိပါတော့သည်။
နောင်သံသရာပါမည့် အနှစ်ကိုတည့်တည့်ကြီးလမ်းညွှန်ပြနေပေတော့သည်။ ဆရာတော်ကြီးသည် မိုးမိတ်ဖက်သို့ရွေ့ပြောင်းသွားကြောင်း မမဆွေထံမှ ကြားရသည်။ မမဆွေရော ဆရာရော လိုက်သွားကြသည်။ နယ်စုံမှအဖွဲ့စုံ ကြိတ်ကြိတ်တိုးမက စည်ကားသည်ကို အခွေထဲတွင် မြင်တွေ့ရပေသည်။ ယခုတော့ ယခင်အတိုင်းပြန်စည်းချသွားပြန်ပါတော့သည်။ မည်သူမျှမလာရတဲ့။ ခြံဝန်း()ထပ်ကာထားသည်တဲ့။ ရွှေဘိုထပ်ရွေ့သွားပြန်ပြီတဲ့ လက်လုပ်တောင်မှ ဦးခေမာထံမှသတင်းရပါတော့သည်။
ကျမဆရာကား ဆရာပီသစွာချေတကား။ ကျမမဟာမြိုင်မသွားမှီ မမဆွေထံဖုန်းဆက်သည်။ မေးမြန်းသည် ထိုအခါ ဆရာ့အသံအားဖုန်းထဲမှ အတိုင်းသားကြားနေရသည်။ ပြောလိုက်စမ်း တပည့်ကြီးကို ဆရာတော့် ဘုန်းပေမဲ့ဆွမ်း သပိတ်ထဲ ပါအောင်လောင်းခဲ့လို့။နောက်ဆုံးမှနေမှ ဆွမ်းကသပိတ်ထဲပါမှာ ဒါက မမဆွေ လက်လုပ်တောင်ဆွမ်းလောင်းတုန်းက ဆရာတော်ဆွမ်းမ၀ဖြစ်မှာစိုးလို့ နောက်ဆုံးကနေသွားလောင်းတာ ဘာကြောင့်ဆိုတာသင်ပေးခဲ့တာပါ။ ဟိုရောက်တော့ မမဆွေလုပ်သလို နောက်ဆုံးနားကလောင်းလိုက်ပါတယ်
ဆရာတယောက်၏ တပည့်အပေါ်မှာထားခဲ့သော မေတ္တာစေတနာသည်ကား ပင်စင်ယူသွားသည်မှာ (၁၀)နှစ် ကျော်သွားသော်လည်း ယခုထက်တိုင်မလျော့ပါး။ သာသနာကိစ္စများတွင် သွန်သင်နေဆဲ ဆွဲခေါ်နေဆဲပါလား လို့ ဆရာတို့ဇနီးမောင်နှံရဲ့ ဗုဒ္ဓဘာသာပီသသောစိတ်ကို လေးစားချီးကျူးမိပါသည်။ ဆရာဆိုသည်မှာ လူကြီးနဲ့ လွန်စွာကွာခြားလှပါချေတကား။ လူကြီးသည်ကား မိမိအတ္တသာလျင်အဓိက အာဏာသာလျင်အဓိက ဥစ္စာသာ လျင်အဓိက။ ဆရာသည်ကား……. သို့ကြောင့် ရွှေစေတီဆရာတော်မကြာခဏပြောလေ့ရှိသောစကားတခွန်းဘယ်လောက်အသက်ကြီးကြီး အသက်ကြီးလို့ လူကြီးဖြစ်တာ တရားမရှိရင် ခလေးဘဲတဲ့။  အခုတော့ ဘယ်လောက်ဘဲအာဏာရှိရှိ ဥစ္စာရှိရှိတရားမရှိရင် ခလေးဘဲလို့ ပြော၇တော့မလို……………..
အော်…..ကြက်သည်တောင်းထဲက ကြက်တွေ ကြက်သည်က လည်မလှီးခင် ခွတ်ကျ ခုတ်ကျ ဆိတ်ကျ ဆွကျ ပေဦးတော့ သံသရာကြီးဆိုတာ မမြင်ရတော့ မိုက်လုံးကြီးကြီးနဲ့ လုပ်ခြင်ရာတွေလုပ် အသက်လည်းပြည့်ရော အာဏာတွေ ဘေးထားပြီး ပင်စင်ယူသွားကြပါပြီကော။
မေတ္တာဖြင့်

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts