နတ်တို့၏ချစ်ခင်လျင် ကြည်ညိုလျင်လည်း လူစည်ကားအောင် နာမည်ကြီးအောင်ပြုလုပ်တတ်ကြောင်းကို ဆရာတော်ကြီးက မိန့်ဆိုခြင်း ဖြစ်ပါသည်။ ကျင့်ကြံအားထုတ်လိုသဖြင့် တောတောင်မှီသည့် သူတော်ကောင်းအစားစားအတွက်ကား လူတို့နှင့်ဝေးရာသို့သာ ထိုးထွင်းထွက်သွားကြသည်မဟုတ်ပါလား။
ထိုအချိန်က ဆရာတော်ဦးဇောတိက(မဟာမြိုင်)သည်လည်း လယ်ဝေးနှင့်ပျဉ်းမနားမြို့အစပ်ဧရိယာ၊ မဲထီးကျေးရွာ၊ ကြာပင်ကျေးရွာ(ယခုနေပြည်တော်ဖြစ်သဖြင့် ရွှေကြာပင်ဟုအမည်ပြောင်းသွားပါသည်) တို့မှ သွားရောက်နိုင်သည့် ဆရာတော်ကြီး ဦးတိဿရ တည်ထောင်ထားသည့် ထန်းတပင်တောရကျောင်းအတွင်းရှိ မဟာမြိုင်ဟုအမည်ပေးထားသော တောင်ကမူလေး(နေပြည်တော်ဖြစ်သောအခါကုမုဒြာဟော်တယ်နောက်ကျောတွင်ဖြစ်သွားပါသည်)တွင် ကျောင်းဆောက်ပြီးသီတင်းသုံးနေ၏။ ထိုခေတ်ထိုကာလက ရန်ကုန်သို့ကြွလိုလျင် ပျဉ်းမနားသို့လာရောက်ပြီး ပျဉ်းမနားမှတဆင့်ရထားဖြင့် ကြွရ၏။ ကားများအခုလောက် မတွင်ကျယ်သေးပေ။ ဆရာတော် ဦးဇောတိကသည် ရန်ကုန် သို့ကြွရန် ပျဉ်းမနားမြို့၊ ၇န်နိုင်ရပ်ကွက်ရှိ လေသာကျောင်းတွင် ခဏရပ်နားနေချိန်ဖြစ်ပါသည်။ မဟာမြိုင်ကျောင်း၏ ဒကာမ မှာကျမသူငယ်ချင်း မထွေး၏ မိခင်ဒေါ်လှမူဖြစ်ပါသည်။ ဒေါ်လှမူသည် ဘာသာရေးအင်မတန်ကိုင်းရှိုင်းသူဖြစ်သည့်အပြင် ဆရာတော့်အား မိမိသားကဲ့သို့သဘောထားသူဖြစ်ပါသည်။ ၀ိနည်းများလည်းထိုက်သင့်သလောက်နားလည်သူဖြစ်ပါသည်။ ကျမ၏ သင်ဆရာကား ဒေါ်လှမူဖြစ်ပါသည်။ ကျမ ပထမဦးဆုံးမဟာစည်ရိပ်သာသို့တရားထိုင်ရန် လိုက်ပို့သုမှာလည်း ဒေါ်လှမူသာဖြစ်ပြီး စတုမတုကို နေအပူရှိန်ဖြင့်ချက်၍ ကျောင်းသို့ပို့ပေးသည်မှာလည်း ဒေါ်လှမူသာဖြစ်ပါသည်။
ဒေါ်လှမူ၏ကျေးဇူးကား မိမိအပေါ်တွင် ကြီးမားလှပေ၏။ သမီးသည်လည်း မအေတူသမီးဖြစ်ပေသည်။ မထွေးက ကျမနေ ထိုင်ရာရေဆင်းသို့ လူကြုံဖြင့်လှမ်းမှာလိုက်သည်။ ဆရာတော်ဦးဇောတိက ကြွလာမည် ပျဉ်းမနားဆင်းလာပါဆိုသည်နှင့် ကျမသည် ပျဉ်းမနားသို့ရောက်ခဲ့ပါတော့သည်။ ညနေစောင်းလျင်ဆရာတော်ရှိရာလေသာကျောင်းသို့ တစုတဝေး ချီတက် ကြပါတော့သည်။
ဆရာတော်ဦးဇောတိကသည် အင်မတန်အေးချမ်းသည်။ စကားပြောလျင် အသံတိုးတိုး ညင်ညင်သာသာပြောသည်။ ကျမတို့အုပ်စုသည် အလွန်ဆုံးရှိမှ(၁၀)ဦးမျှသာ။ ထိုအခါ လူအုပ်ကြီးသည်ကျောင်းပေါ်သို့တိုးဝှေ့တက်လာ၏။ လူ ၄၀၀-၅၀၀ ကြားရှိမည်ထင်သည်။ ဆရာတော်နားနေသော အောက်ထပ်သည် ပြည့်လျံကုန်၏။ ကျောင်းအပြင်ဘက်တွင်လည်း လူများစွာ လျံထွက်နေ၏။ ဆရာတော်သည် အံ့သြကြီးစွာကြည့်နေ၏။ ဆရာတော့်ရှေ့တွင် ဖယောင်းတိုင် အမွေးတိုင်ထုပ်များ ပုံနေလေတော့သည်။ အတော်ကြာကြာဆရာတော်ဦးဇောတိကနှင့်တကာများအသံငြိမ်နေသော်လည်း လူအုပ်ကြီးကမူ တိုးဝှေ့ဆူညံနေဆဲ။ ဆရာတော်သည် နောက်ဆုံး (ဘာဖြစ်တာလဲ။ ထူးဆန်းလိုက်တာ) ဟုမေးမြန်းလေသည်။ မည်သူမှ မဖြေကြ အတော်ကြာ၏။ နောက်ဆုံးတွင် မထွေး၏ဖခင် ဦးလှတင်မှ ရဟန္တာတပါးဈာန်ပျံတာကို မြင်လိုက်တဲ့သူက မြင်လိုက်လို့ တမြို့လုံးအုပ်အော်သောင်းနင်းဖြစ်နေတာပါဆရာတော်ဟု လျောက်လိုက်လေ၏။ ထိုအခါ ဆရာတော်မှ (ဘုန်းဘုန်းကတော့ မဟုတ်ပါဘူး။ ရဟန္တာလည်းမဟုတ်ပါဘူး။ ဖယောင်းတိုင်တွေ အမွေးတိုင်တွေလည်းဘုရားမှာပူ ဇော်လိုက်ကြပါ) ဟု လူအုပ်ကြီးအားအမိန့်ရှိလေသည်။ ကဲကန်တော့ပြီးရင်လည်း ပြန်ကြပါဟု တကာများမှ တောင်းပန်တော့ မှ လူအုပ်ကြီးသည်လည်းပြန်ကြလေတော့သည်။
သူတော်ကောင်းတို့၏ သီလ သမာဓိ ပညာ သုံးသိက္ခာသည် အထက်သို့ထိုးဖေါက်လာသည်နှင့်အမျှ နတ်များ၊ ၀ိဇ္ဇာပုဂ္ဂိုလ်များက လာဘ်လာဘပေါများအောင်၊ အများကြည်ညိုအောင် ဖန်ဆင်းတတ်သည်ဆိုသော အသိဥာဏ်လေး တော့ လက်ခနဲ ကျမခေါင်းထဲသို့ဝင်သွားခဲ့ပါသည်။ တချို့ကိစ္စများတွင် လောကီကဲ့သို့မဟုတ် လောကုတ္တရာပိုင်း သမထပိုင်းကား ဆန်းကျယ်လှပါသည်။ အဘိဥာဏ်ရသော ပုဂ္ဗိုလ်များ သံဃာများ များစွာရှိပါသည်။ အသိထူး ပညာထူးများကို ပိုင်ဆိုင်ထားသောသူတော်ကောင်းများ၏ ဥာဏ်အား မိမိတို့လိုက်မမှီနိုင်တိုင်း ဟုတ်မှာမဟုတ်ဖူးဟု မပြောသင့်ပေ။ အလားတူ သူတော်ကောင်းဟန်ဆောင်ပြီးလာသော လမိုင်းများကိုလည်း သတိပြုအပ်ပေသည်။
ဆရာတော်ကြီးများသည် မိမိတို့ဝေနေယျ သာဝကများအပေါ်မေတ္တာ ဂရုဏာအပြည့်ဖြင့် ကျင့်ကြံအားထုတ်လျက်ရှိကြ ပေသည်။ ၄င်းတို့အားအမှီပြု၍ ကုသိုလ်ထူး၊ ဥာဏ်ထူး၊ တရားထူးများရနိုင်ရန် အမှီကောင်းများဖြစ်ကြသည်။ မည်သည့် ဆရာတော်ကြီးများမဆို ကိုးကွယ်ဆည်းကပ်ခြင်းထက် မြတ်စွာဘုရား၏ မြတ်သောဒေသနာတို့မှ အမြတ်ဆုံးသော တရားအား အားထုတ်ကြရန် တိုက်တွန်းနိုးဆော်ရင်း ဘ၀ အရင်းအစားမရှုံးအောင်ကယ်တင်လျက်ရှိကြပါသည်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး