ကျမပိုင်ဆိုင်သော အမှိုက်ပုံးတစ်လုံး
ဘယ်အချိန်ကမွေးခဲ့တယ်ဆိုတာ
မသိပေမဲ့ လူလို့နားလည်လာတဲ့အခါမှာ မိမိဟာ မွေးဖွားလာတာပါလားလို့။ အခုခေတ်လို ခေတ်မှီတဲ့ခေတ်မဟုတ်လေတော့
ငယ်စဉ်မှာ အဖွားတွေ အမေတွေပြောသမျှယုံခဲ့ရပါတယ်။ ဥပမာ- ထမင်းကိုလဲလျောင်းပြီးမစားနဲ့
မြွေဖြစ်တတ်တယ်ဆိုတာမျိုးအဖွားကပြောရင် မြွေဖြစ်မှာကြောက်ခဲ့တယ် တခါ အမေကို သမီးကိုဘယ်လိုမွေးလာတာလဲလို့မေးရင်
ဗိုက်ကြီးကအလိုလိုကွဲလာပြီး ခလေးလေးအလိုလိုထွက်လာတာ ဟောပြီးတော့ သူ့အလိုလိုပြန်ပိတ်သွားတာဘဲတဲ့။
ဒါကိုလည်း တကယ်ထင်ခဲ့မိပါတယ်နော်။ ထမင်းအိုးဖုံးကိုမတီးနဲ့ မခေါက်နဲ့ ကျားလာတတ်တယ်ဆိုရင်လည်း
တကယ်ထင်ခဲ့တယ်။ ကျားဆိုတာကိုမှ မမြင်ဘူးဘဲ ကျားပုံတွေကို ကြည့်ပြီး အဖွားတို့ပြောတဲ့
ပုံပြင်ထဲက ကြောက်စရာကောင်းတဲ့ကျားကြီးကိုတွေးကြောက်ခဲ့မိတယ်။
အဖွားဘုရားကန်တော့ဆိုပြီး
သြကာသသင်ရင်လိုက်ဆိုရတယ်။ ဘာလဲလို့တော့မသိဘူး။ လိုက်ဆိုဆို လိုက်ဆိုလိုက်တာပါဘဲ။ သို့ပေမဲ့
နည်းနည်းလေးသိတတ်လာတော့ ခံစားတတ်လာပြီလေ။ အဖြူသက်သက်နှလုံးသားမှာ ခံစားချက်ဆိုတာတွေပေါ်လာပြီ။
ဒါကကောင်းတယ် ဒါကမကောင်းဘူး။ ဒါကတော်တော်ဆိုးတယ်။ ဒါကိုဒေါသထွက်တယ် ငိုမယ် ရီမယ် ရုပ်ရှင်ကြည့်မယ်
အဖေကချုပ်ချယ်တော့ အဖေ့ကိုမသိမသာဆန့်ကျင်မယ်။ ဒါတွေဟာ သင်စရာမလိုတဲ့ညာဉ်တွေမွေးရာပါလာတာတွေပါ။
ဒါတွေကစပြီးခံစားမှုတွေနဲ့အတူ ကျမမှာမွေးရာပါ ဖွားဖက်တော် အမှိုက်ပုံးတစ်လုံးပါလာတယ်ဆိုတာကိုတော့
ကျမဟာမသိခဲ့တာအမှန်ပါ။ ကျမရဲ့စိတ်ကြီးမှုအလိုက်ခံစားမှုကလည်းပြင်းထန်သလို ကျမရင်ထဲမှာ
အကြိတ်အခဲအဖုအထစ်တွေဟာပြည့်နက်လို့နေပါတော့တယ်။ အထူးသဖြင့်မကြေနပ်မှုတွေ အမွေကိစ္စတွေကြောင့်
မိသားစုတွေရန်ဖြစ်ကြတာတွေ။ တကယ်တော့ ပိုက်ဆံကသူ့ဖာသာနေတာပါ လောဘတွေကလွမ်းမိုးနေတာပါ။
ကျမဘ၀ရဲ့နှလုံးသားရဲ့နက်ရှိုင်းတဲ့နေရာမှာ ချစ်ခြင်း မုန်းခြင်း အာဃာတတွေဟာ နက်ရှိုင်းစွာလက်ခံထားလိုက်ပါတယ်။
ဒါ့အပြင် မထင်မှတ်တဲ့လောကဓံတွေကလည်း လစ်ကာပြူကာဟိုကလာ ဒီကလာ ကျမကလက်ခံလေလေ သူတို့က
သူတို့အိမ်လို ကျမနှလုံးသားထဲမှာ ခိုဝင်လေလေပါ။ လူဆိုတာ ကောင်းတာလေးကိုသာဝဲလည်လည်မခံစားခြင်ပေမဲ့
မကောင်းတာကြရင် စိတ်ထဲကဖျောက်ဖျက်မရအောင် သိုမှီးသိမ်းဆည်းပြီး နှစ်ပေါင်းများစွာမမေ့နိုင်
တသသဖြစ်နေတတ်တယ်လေ။ အကြီးစားအမှိုက်အသေးလေးတွေက အစသိုမှီးထားရာက အမှိုက်ပုံကြီးဖြစ်မှန်းမသိဖြစ်နေတာကို
သတိမပြုမိ လိုက်ပါဘူး။
ဒီလိုနဲ့
တခါမှာ အရွယ်မတိမ်းမယိမ်းအကိုဝမ်းကွဲတစ်ဦးဟာ မထင်မှတ်ဖဲဆုံးသွားပါတော့တယ်။မိမိကိုယ်တိုင်
တက္ကသိုလ်တက်နေတဲ့အတွက် မိဘတွေက စိတ်ထိခိုက်မှာစိုးလို့ အကြောင်းမကြားပေးခဲ့ပါဘူး။
အလောင်းကို မမြင်ရဘဲနဲ့ အကိုသေတာကို ဘယ်လိုယုံရမှာလဲပေါ့။ ဒါတွေဟာ ပရိဒေ၀အဆင့်ရောက်သွားပါတယ်။
မိဘကိုလည်း မကျေနပ်ဖူး။ ကိုယ့်ကိုကိုယ်လည်းမကျေနပ်ဖူး။ ရင်ထဲမှာလည်း ဟာနေတာ ပြောမပြနိုင်အောင်ပါဘဲ။
ဒါတွေကို မခံစားနိုင်တော့ မဟာစည်ရိပ်သာမှာ ဘုမသိဘမသိတရား သွားထိုင်မိပါတယ်။ မထိုင်ခင်ကလည်း
သူငယ်ချင်းအမေကို မေးမိပါတယ် တရားသွားထိုင်ရင် စိတ်ချမ်းသာမှုရနိုင်သလားလို့ပေါ့။ စိတ်ချမ်းသာမှုရနိုင်တယ်ဆိုပြီး
သူငယ်ချင်းအမေက သူကိုယ်တိုင် ရိပ်သာကိုလိုက်ပို့ပေးပါတယ်။ အဲဒီသူငယ်ချင်းအမေဟာ ဆရာတော်ဦးဇောတိက(မဟာမြိုင်)ကိုအင်မတန်မှ
ချစ်ခင်ကြည်ညိုတဲ့ ဒကာမကြီးလည်းဖြစ်တဲ့ ဒေါ်လှမူဖြစ်ပါတယ်။
စိတ်ဟာ လှိုင်းထခုန်ပေါက်နေရာမှ
တဖြေးဖြေးနဲ့ငြိမ်သက်လာပါတယ်။ လှိုင်းတပိုးထန်နေတဲ့ပင်လယ်ပြင်ဟာ လှိုင်းလေငြိမ်သက်သလိုငြိမ်သက်လာပါတယ်။
အဲဒီအခါမှ ကျမရဲ့ မွေးရာပါအမှိုက်ပုံးထဲကအမှိုက်တွေကို သွန်ပြင်နေတယ်ဆိုတာကျမကိုယ်ကျမမသိခဲ့ပါဘူး။
နေ့စဉ်လိုလို ဘ၀မှာ ကိုယ်ကျင်လည်တဲ့ပတ်ဝန်းကျင်အလိုက် သောက ဒုက္ခသုခစတဲ့ ခံစားမှုမျိုးစုံကို
ကျမတို့ကနေ့စဉ်လက်ခံရရှိနေပါတယ်။ ကျမတို့ရဲ့စိတ်က အမှိုက်ပုံးတခုလို့ ခံစားမှုအမှိုက်မျိုးစုံကို
အမြဲလိုလိုထည့်ပေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ကျမတို့ဟာ ကိုယ့်ကိုကိုယ် သတိမထားမိပါဘူး။
စိတ်ဆိုတာ
ကုသိုလ်မဖြစ်ရင် အကုသိုလ်လို့ မဟာဗောဓိမြိုင်ဆရာတော်ကြီးကပြောဘူးပါတယ်။ သတိဆိုတဲ့ချွန်းနဲ့
ထိန်းမှ မတွေးမိမှာ။ အတွေးရှင်းမှ ဥာဏ်အမြင်ရှင်းပါတယ်လို့ ဆရာတော်ကြီးကမိန့်ပါတယ်။
ခံစားမှုတွေဟာ ဘာကြောင့်ဖြစ်သလဲ တွေးလို့ဖြစ်တာပါတဲ့။ မတွေးမိရင် ခံစားမှုဆိုတာတွေ
မဖြစ်ပါဘူးတဲ့။ မတွေးမိအောင် အမှတ်သတိနဲ့နေရမယ်လို့ မိန့်တော်မူပါတယ်။ ကျမတို့ဟာ နေ့စဉ်
သတိဆိုတဲ့ သမထ၀ိပသနာပညာတွေနဲ့ ကျမတို့မွေးရာပါအမှိုက်ပုံးကို ရှင်းရမယ်ဖြစ်ပါတယ်။ ကျမတို့နှစ်ရှည်လများသိုမှီး
ထားတဲ့အမှိုက်ပုံးကို အခုချက်ခြင်းရှင်းမယ်ဆိုရင်တော့ ချက်ခြင်းမလွယ်ပါဘူး။ ဒါကြောင့်
အမှိုက်ပုံးကို ၀ိရိယနဲ့ ရှင်းမှဖြစ်ပါမယ်။ နောက်မို့လို့က ကျမတို့ရဲ့ဘ၀ကို အမှိုက်ကလွမ်းမိုးသထက်လွမ်းမိုးသွားပြီး
ကျမတို့ဟာ အမှိုက်ပုံအောက်မှာ နစ်မြုတ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ရဲ့မွေးရာပါအမှိုက်ပုံထဲက
အမှိုက်တွေကို သတိဆိုတဲ့ အမှိုက်ရှင်းကရိယာနဲ့
ကြိုးစားပြီးရှင်းလင်းကြဖို့လိုပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။
မေတ္တာဖြင့်
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး