အဖိုးဆရာအလွမ်းပြေ (ဗန်းမော်ညိုနွဲ့သို့)
သားစဉ်မြေးဆက်၊ ဘိုးစဉ်ဘောင်ဆက်ဆိုသောမြန်မာစကားပုံတခုရှိခဲ့ဘူးပါသည်၊
ဆရာအားဗန်းမော်နှင့်နှစ်ပေါင်း(၃၀)ကျော်ခွဲခွာပြီးနေခဲ့ရသောဝန်ထမ်းတဦးလည်းဖြစ်ဆရာတပည့်လည်း ဖြစ်ခဲ့ဘူးသောကျမ၏ဂါရ၀လွမ်းဆွတ်ခြင်းအမှတ်တရများအားေ၇းသားလိုစိတ်ဖြစ်မိပါသဖြင့်
အဖိုးဆရာအလွမ်းပြေဟုခေါင်းစဉ်တပ်လိုက်ရပါသည်၊
ကျမနိဒါန်းချီထားသည့်အတိုင်းသားစဉ်မြေးဆက်အကြောင်းလေးကို အနည်းငယ်
ပြောပြလို ပါသည်။ ကျမသည် ဆရာထွေးဟုခေါ်သော ဗန်းမော်ညိုနွဲ့၏ ၁၉၇၃-၁၉၇၄ခုနှစ် ဒသမတန်း တက်စဉ်က တပည့်ဖြစ်ခဲ့ဘူးပါသည်။
ဆရာထွေးအားဘယ်တုန်းကစသိသလဲဟုမေးခဲ့လျင် လူမှန်းသိတတ်ကတည်းက စသိသည်ဟုပြောလိုပါသည်။ ကျမသိသည့်အနေအထားမှာ ဗန်းမော်ညိုနွဲ့အနေနှင့်မဟုတ်ကျမအဖိုးအနားတွင် အမြဲလာနေကြအဖိုးအားအင်မတန်မှချစ်သော ဆံပင်အားဆီတို့ဖြင့်ပြောင်အောင် လိမ်းထားပြီးသပ်ရပ်စွာ ၀တ်စားထားသော ကုလားရုပ်ပေါက်ပြီးလူရည်သန့် လူကျြီးတစ်ဦးအနေဖြင့်ဖြစ်ပါသည်။ ကျမသည်နွေရာသီကျောင်းပိတ်ရက် များတွင် တစ်နှစ်လျင်တစ်လ ကျမ၏မိခင်များဘက်မှအဖိုးအဖွားများအိမ်သို့ သွားရောက်နေထိုင်လျက်ရှိရာဆရာထွေးဆိုသူနှင့်နှစ်စဉ်ကျောင်းပိတ်ရက် တစ်လအတွင်း နေ့စဉ်မပျကတွေ့မြင်ရပါ့သည်။
အဘယ်ကြောင့်ဆိုသော် ဆရာသည် နေ့စဉ်မပျက် ကျမအဖိုးထံလာသောကြောင့်ဖြစ်ပါသည်။ တခါတရံ သူတို့ဘာတွေပြောကြသလဲဟုနားစွန့်မိပါသည်။ သို့သော်သူတို့ပြောတာဘာမှနားမလည်ပါ။ ဆရာသည် သူ့ဝသီအတိုင်းပြောလည်းပြောအားရပါးရလည်းရီပါသည်။ တခါတရံ့ရှက်ကိုးရှက်ကန်းအမှုအရာလေး များလည်း တွေ့ရပါသည်။သို့ရာတွင် အဂါရ၀အပြုအမှုများ မည်သည့်အခါမှ မတွေ့ရသလို လေးလေးစားစားပြောဆိုသည်များကိုလည်းတွေ့ရပါသည်။
ကျမ အနည်းငယ်နားလည် တတ်လာသောအခါစပ်စုစိတ်လေးများဖြစ်လာသည့်အတွက်အဒေါ်များအား မေးကြည့်ရာ ဗန်းမော်ညိုနွဲ့(ခေါ်)ဆရာဦးပုထွေးဟုသိရပါသည်။ ဆရာသည်သူ့ကို ဦးပုထွေးခေါ်လျင် မကြိုက်ပါ ဆရာထွေးဟုခေါ်မှကြိုက်တတ်ကြောင်းသိရပါသည်။
ဆရာသည် ကျမ၏မိခင်၏ဆရာလည်းဖြစ်ခဲ့ဘူးသလိုကျမ၏သားချင်းများ ဆွေမျိုးများ၏
ဆရာ လည်းဖြစ်ခဲ့ဘူးပါသည်။ ကျမ၏မိခင်တွင် သားချင်းများစွာရှိသည်ဖြစ်ရာအားလုံးသည် ဆရာ့၏တပည့်များဖြစ်ခဲ့ကြပြီး ဆရာ့ကိုတလေးတစားဆက်ဆံကြသည်ကိုမြင်တွေ့ရပါသည်။ မိမိသည် မူလတန်းကျောင်းသူအရွယ်ဖြစ်ရာကျမစိတ်ထဲတွင် ဒီလူကြီးကနေ့စဉ်အဖိုးဆီလာနေ တာဘဲသူလာရင်လည်းအဖိုးကရီလို့ပြုံးလို့ဆွေမျိုးကြနေတာဘဲဟု စိတ်တွင် အနည်းငယ်မနာလိုစိတ်ဖြစ်မိပါသည်။
တကယ်တော့ ကျမအဖိုး ဦးဘရီသည် ဆရာထွေး၏မူလပထမ ဂျပန်လက်ထက်တည်းမှ ဆရာ
ဖြစ်ခဲ့သည်ဟုကျမအဒေါ်မှပြောပြပါသည်။နှစ်ပေါင်းများစွာအတူလက်တွဲလုပ်လာသော ဆရာတပည့်များ ဖြစ်သည့်အပြင်ဂျပန်ခေတ်တွင်အခက်အခဲများစွာအတူရင်ဆိုင်လာကြသည့် ဆရာတပည့်များ ဖြစ်ရာအဖိုးမှအလွန်ဥာဏ်ထက်သောဆရာအား အင်္ဂလိပ်စာကိုသင်ကြားပေးခဲ့သူဖြစ်သည်ဟုလည်း အဖွားမှ ပြောပြပါသည်။ကျမ၏အဖွားမှာလည်းမူလတန်းပြကျောင်းအုပ်ဆရာမကြီး၊ ကျမ၏မိခင်လည်းဆရာမဖြစ်ရာ
ကျောင်းဆရာ/ဆရာမအသိုင်းအ၀န်းဖြစ်သည့် အတွက် ကျောင်းဆရာကဗျာဆရာတဦး ဖြစ်သောဆရာဗန်းမော်ညိုနွဲ့နှင့် မကင်းပါ။ ပိုဆိုးသည်ကကျမအဖိုးသည်ဆရာညိုနွဲ့၏ဆရာဖြစ်ခဲ့ဘူးသည့်အတွက် ဆရာအား ကျမ၏ဆရာမဖြစ်ခင် ဆယ်စုနှစ်ကျော်ကျော်ကပင် မြင်ဘူးခဲ့ရပါသည်။
သို့သော်ရင်းနှီးချင်းမရှိပါ။ ဆရာသည် ကျမအဖိုးထံသို့ညစဉ်စက်ဘီးဖြင့်လာလေ့ရှိပါသည်။ တခါတရံတွင်ဆရာ့၏တူဦးသိန်းအောင်မှလိုက်ပို့လေ့ရှိပါသည်။လာလျင်လည်းအဖိုးမှတပါးအခြားသူများနှင့်ေ၇ာနှောစကားပြောလေ့မရှိအဖိုးနှင့်သာမိသားစုပမာ (၂ နာရီနည်းပါး)စကား ပြောလေ့ရှိပါသည်။
မနာလိုမှုဆိုသည်ကားထူးဆန်း၏။ ကျမသည်တခါတရံစိတ်တွင်းမှ ဆရာ့အားပိုကိုပိုတယ် ဟု ခံစားမိပါသည်။ ကျမအဖိုးအားကျမတို့စကားပြောခွင့်မရ။ဆရာပြန်သွားလျင် အဖိုးသည် အိပ်ရန်ပြင်ဆင်တော့သည်။ပင်ဂိုကစကားအလွန်နည်းသော အလွန်အေးသော ကျမအဖိုးအား စကားပြောခွင့်
ရရန်ခဲယဉ်းလေရာ ကျမရင်ထဲမနာလိုမှုဆန်ဆန် ခံစားချက်တမျိုးဖြစ်ခဲ့မိဘူးပါသည်။
ကျမ(၁၀)တန်းတက်သောအခါဆရာသည်ကျမတို့၏ဆရာဖြစ်လာတော့သည်။ သင်္ချာ(၂)ကို
သင်သောဆရာဖြစ်လာသည်။ ထိုစဉ်က မြန်မာစာအားဆရာမဒေါ်မြင့်မြင့်သိန်းကသင်ကြားပါသည်။

ဆရာ၏ လက်ဖက်ရည်ကြမ်းဝိုင်းကဗျာအားသင်ရသောအခါတွင် ဆရာ၏ကဗျာဆရာ သရုပ်သဏ္ဍန်သည် အမှန်တကယ်နှလုံးသားဝယ်ထင်ဟပ်ခံစားလာရပါသည်။ ဆရာ၏ လူပျိုကြီးဆိုသော ဂုဏ်ကလည်း ဆရာအားတနည်းတဖုံ ခန့်ညားထယ်ဝါစေပါသည်။
ကျမစိုက်ပျိုးရေးတက္ကသိုလ်ကျောင်းပြီိးသဖြင့် ရေဆင်းတွင် အလုပ်ဝင်သောအခါ ဆရာနှင့်ဆရာမဒေါ်စံမေ(ခေါ်)ရွှေကူမေနှင်းတို့သည် စိုက်ပျိုးရေးတက္ကသိုလ်တွင် စာပေဟောပြောပွဲလာရင်းကျမ
အိမ်သို့ရောက်ရှိလာကြပါသည်။ ထိုအခါတွင် ကျမသည်ဆရာ၏ အရွယ်တင်ခြင်းကိုအံ့သြမိပါတော့သည်။ ကျမငယ်စဉ်ခလေးဘ၀က မြင်ခဲ့သော ဆရာ၏ရုပ်သွင်လွှာသည်ု(၁၅)နှစ်ခန့်အကြာတွင်လည်းယခင်အတိုင်းပါဘဲလားဟု ထိုစဉ်ကအံ့သြတသမိပါသည်။
ဆရာကွယ်လွန်ကြောင်းကျမ၏မိခင်ဖုန်းဆက်ပြောသဖြင့်သိခဲ့ရပါသည်။ ကျမအတွက်
ဆရာနှင့်ထိစပ်မှုကား ဆရာအား မကြာခဏမြင်တွေ့ခွင့်နေရတာသာရှိပြီးတပည့်တစ်ဦးဖြစ်ခဲ့ဘူးပါသည့် အဆင့်တွင်သာရှိခဲ့ပါသော်လည်း ကျမအဖိုးဖြစ်သူဦးဘရီ အတွက်မှု ဆရာသည် တူဆိုလည်းဟုတ်၊သားဆိုလည်းဟုတ်သောဆွေမျိုးရင်းခြာတစ်ဦးပမာဖြစ်ခဲ့ပါသည်။ ယခုအခါကျမကိုယ်တိုင်လည်း
လူကြီးပိုင်းဟုအမည်နာမတပ်ရမည့် အသက်အရွယ်ပိုင်းသို့ေ၇ာက်ရှိလာပြီဖြစ်ရာငယ်စဉ်ထဲက ဆရာညစဉ် ကျမ၏အဖိုးအိမ် သို့လာရောက်ခြင်းမှာ အငြိမ်းစားယူသွားသောမိမိ၏ဆရာသမားအပေါ်တွင် စိတ်ပိုင်းဆိုင်ရာ အားဖြည့်ပေးလိုသောမေတ္တာတရားသာဖြစ်ပေလိမ့်မည် ဟု တွေးမြင်မိပါသည်။ ပင်စင်ယူသူတို့၏
ခံစားမှုကို ကျမကိုယ်တိုင်မယူရသေးသော်ငြား အလုပ်ထဲတွင်ပင်စင်ယူသွားသူတို့၏ခံစားချက်အားကြားနေမြင်နေ အမြဲပင်ကြုံတွေ့ခဲ့ရပါသည်။
ကျမသည် ထိုစဉ်ကကျမအဖွားဒေါ်ငွေမြိုင်ပြောသောစကားအား လည်းပြန်သတိရမိ ပါသည်။ အဖိုးသည် တပည့်ဖြစ်သူဆရာလာလျင်ဆရာထွေးပြောတာများကိုနားထောင်၊ သူကလည်း ပြန်ဖြည့်ပြော
တစ်ဦးနှင့်တဦးအတိုင်အဖောက်ညီစွာဖြင့် ပြုံးပြုံး ပြုံးပြုံးပြောနေကြသည်ကိုကြည့်ပြီး ကျမ အဖွားက တနေ့တွင် (အင်း ကိုဘရီ၊ ကျုပ်ကို အရုပ်တရုပ်လိုယူထားမဲ့အစား၊ ရှင်ဆရာထွေးကိုယူလိုက်တာမှကောင်းမယ်) ဟုဖြစ်ပါသတည်း။
ယခုအခါကျမအဖွားသာရှိလျင်ပြောပြလိုက်ခြင်ပါသည်။ ယနေ့ခေတ်ကာလသည်ယခင်ခေတ် ကဲ့သို့ မဟုတ်အလုပ်ဝတ္တရားများ စီးပွားရေးကိစ္စများ သားရေးသမီးရေးအဖက်ဖက်မှတိုးတက်လာသည့်အ တွက်ထိုတိုးတက်မှုနောက်သို့ ကောက်ကောက်ပါအောင်လိုက်ရသော ခေတ်ဖြစ်ပေသည်။မလိုက်လျင်လည်းနောက်ကျကျန်ခဲ့မည်ဖြစ်ပါသည်။သို့အတွက် လူတို့ သည် ယခင်ကကဲ့သို့ စကားဝိုင်းဖွဲ့ပြောဆိုခြင်း၊တရားဆွေးနွေးခြင်း၊တစ်ဦးနှင့်တစ်ဦးနွေးထွေးစွာ ဆက်ဆံသော
ခေတ်ကာလမဟုတ်တော့ပေ။ စိတ်ပင်ပန်းမှုအား အပေါစားရုပ်ဝတ္တုများနှင့် အစားထိုးအပန်းဖြေသော ခေတ်ဖြစ်ပါသည်။ တီဗွီများရှေ့တွင်သာထိုင်ပြီးကိုရီးယားကားများဖြင့်အချိန်ကုန်စေသလို လူငယ်များကလည်း အင်တာနက်၊နက်ဂိန်းတို့ဖြင့်အချိန်ကုန်စေသောခေတ်အဖြစ် ပြောင်းလဲလာပါသည်။ တပည့်က
ဆရာအား ရိုသေလေးစားစွာ စာနာမှုဖြင့် နွေးထွေးသော ဆက်ဆံရေးသည် ရှားပါးလှပါသည်။ကျမတို့၏ သားစဉ်မြေးဆက်ဆရာဖြစ်သော ကဗျာဆရာကြီး ဗန်းမော်ညိုနွဲ့(ဆရာထွေး)သည်ကားမြတ်စွာဘုရားဟောတော်မူအပ်သော ဗြဟ္မာစိုရ်တရားအား လက်ကိုင်ထားပြီး ကျင့်သုံးသွားသူ တစ်ဦးဖြစ်ကြောင်းကျမတို့၏အဖိုးဆရာအား အလွမ်းပြေတသမှုများ ဖြင့် ဗန်းမော်မြို့မှ အဝေးေ၇ာက်တပည့်တစ်ဦးမှလွမ်းတသသ ဘ၀တွင်မေ့မရသော မြတ်ဆရာအား ဂါ၇၀ပြုအပ်ပါသည်။

မှတ်ချက် ။ ။ ဖော်ပြပါဆောင်းပါးသည် ဗန်းမော်ညိုနွဲ့၏နှစ်ပတ်လည် အထိမ်းအမှတ်စာအုပ်တွင် ပါပြီးဖြစ်ပါသည်။ ဆရာ့ကို ချစ်သောဆရာပရိသတ်ကြီးအတွက် ဆရာ၏အမှတ်ရစရာပုံရိပ်လေးများအား တင်ပြလိုက်ခြင်းဖြစ်ပါသည်။ဆရာကောင်းရာသုဂတိေ၇ာက်ပါစေသော်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး