Friday, July 26, 2013

သူတော်ကောင်းတို့ ကိန်းအောင်းမွေ့လျော်ကြမဲ့ ရေတံခွန်တောင်

၂၂ ဇူလိုင် ၂၀၁၃ နေ့က သံဃာတော်တွေဟာ အာရုံဆွမ်းစားပြီး ရဟန်းဝတ်က သိက္ခာချလူထွက်ကြပါတယ်။ ဒါကတော့ လုပ်ရိုးလုပ်စဉ်တခုပါဘဲ။ သံဃာတော်တွေ ရဟန်းဘ၀မှ မထွက်မှီ ၂၁-၇-၂၀၁၃ ည(၈)နာရီတရားပွဲတွင် ဗုဒ္ဓောရသ- အရှင် က္ကုန္ဒာစရိယ အရှင်သူမြတ်မှ အမှောင်မှ အလင်း၊ အလင်းမှအမှောင်သို့ဆိုတဲ့တရားကိုဟောကြားတော်မူပါတယ်။ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့မှ ၀ိဇ္ဇာမှအ၀ိဇ္ဇာသို့လို့ဆိုလိုခြင်းသာပါ။ သံဃာဘ၀မြင့်မြတ်ရာ မှ သာမဏေမှ လူထွက်(လူထွက်တော့ ကိလေသာအမှောင်ထဲသို့ပြန်ရောက်ခြင်း)ဟုဆိုလိုခြင်းဖြစ်ပါသည်။ အချို့သောရဟန်းတော်များကတော့ လူမထွက်ဘဲနှင့် ၀ါဆိုကြမည်ဖြစ်ပါသည်။ ၀ါဆိုရဟန်းယောဂီများ ဗောဓိရိပ်ငြိမ်ဆရာတော်လက်ရှိ သီတင်းသုံးရာ မှော်ဘီ ၊ ၀ါးနက်ချောင်းအရပ်သို့ဆရာတော်နှင့်အတူ (၂၃-၇-၂၀၁၃)နေ့မနက်တွင်လိုက်ပါသွားကြမည်ဖြစ်ပါသည်။
နေ့ခင်း ဆွမ်းစားအပြီးမှာ သံဃာတော်(၂)ပါးဟာ ရေတံခွန်တောင်ဘက်ကြွမယ်ဆိုတဲ့ သီတင်းကို တာလီဘန်လေးက ကျမကိုလာပြောပါတယ်။ တာလီဘန်ဆိုတာ ကျမမှည့်ထားတဲ့နာမည်ပါ။ ကျမလည်း ဆရာတော့်ထံကို အမေ၀င်းသွားကန်တော့ပြီး သင်္ကန်းကပ်စဉ်က လိုက်သွားတဲ့အတွက် ဆရာတော်က တန်းပေါ်တင်ထားတဲ့ရေတံခွန်နောက်ခံ ၄င်း၏ ဓာတ်ပုံကိုထိုးပြပြီး ရေတံခွန်တောင်လို့ပြောပါတယ်။ တနေကုန်ဧည့်သည်တွေကို မနားတမ်းဧည့်ခံရတဲ့  နာက်ဆက်တွဲမေးခွန်းတွေမမေးခဲ့ပါဘူး။



ဗောဓိဂုဏ်ရည်ကျောင်းဆောင်တွင် ၀ါဆိုကြမည့်သံဃာတော်(၂)ပါး။ နောက်ကတော့ အမကြီးဒေါ်တင်အေးနဲ့ခလေးတွေပါ





လက်လုပ်တောင်ကထွက်၊ သိုက်ချောင်းမှတဆင့် ကင်းသာ၊ ကင်းသာဘက်ချိုးပြီး ပင်လောင်းလမ်း အတိုင်းဆက်သွားတာဖြစ်ပါတယ်။ တနေရာတွင် ကားကိုရပ်၊ ချိုင့်ထဲကားကဆင်း မရ။ မိုးဖွဲဖွဲရွာသည့် အတွက် ချော်နိုင်သည်။ ရန်ကုန်အဖွဲ့မှကားက အရင်ရောက်နှင့်နေပြီ။  ဒါကြောင့် ပစ္စည်းတွေကို ကားပေါ်မှထမ်းချပြီး ဗောဓိဂုဏ်ရည်ဆိုတဲ့ကျောင်းလေးကိုသယ်ကြရတယ်။ ကျမကတော့ ဆရာတော် တပါးရဲ့အိပ်ကြီးကို ခေါင်းပေါ်ရွက်လိုက်တယ်။ ဒါပထမဦးဆုံး ခေါင်းရွက်သယ်ဖူးတာဖြစ်ပါတယ်။ တော် တော်မလွယ်တဲ့အလုပ်ပါဘဲ။ လမ်းတ၀က်လည်းရောက်ရော ပြုတ်ကျမလိုဖြစ်တော့ ခလေးတယောက် က ပြန်သယ်ပေးသွားပါတယ်။ ဆန်အိတ်တွေထမ်းတဲ့ခလေးတွေကလည်း ခပ်အေးအေး ရာသီဥတု လေးမှာ ချွေးတစ်လုံးလုံး။ ကျောင်းပေါ်သေချာတင်ပေးပြီးတော့မှ ရေတံခွန်ရှိရာနေရာသွား ဘို့အားလုံး တညီတညွတ်တည်းတာစူပြီး ခရီးစတင်ခဲ့ပါတယ်။ တကဲ့တောကြီးကြားထဲမှာ လမ်းသွယ်လေးဘေးကနေ ရေထဲမပြုတ်ကျအောင် လက်တဖက်က တခြားခလေးတွေကမ်းပေးပြီး တွဲခေါ်သင့်တဲ့နေရာတွဲခေါ်ရပါတယ်။ နောက်ဆုံးတော့ သိပ်မလှပပေမဲ့ ရေတံခွန်ကို နီးနီးကပ်ကပ် မမြင်ရတာကြာတာရော အေးမြတဲ့ရေအမှုန်အမွှားလေးများလွှင့်စင်နေသော အရသာ ၊တောရိပ်တောင်ရိပ်သဘာဝများသည် သူတော်ကောင်းတရားအားထုတ်မည့်သူများအတွက် နေရာကောင်းပင်ဖြစ်တော့သည်။ တိတ်ဆိတ်ငြိမ်သက်နေသောတောရိပ်တောင်ရိပ်တွင် ရှိသော ဗောဓိဂုဏ်ရည် ကျောင်းဆောင်လေးနှင့် ၂ မိုင်လောက်ဝေးတဲ့ရေတံခွန်လေးဟာ ပနံရနေပါတော့သည်။

ကားလမ်းမကနေ ဗောဓိဂုဏ်ရည်ကျောင်းဆောင်ပေါ်သို့ အထုပ်တွေ ဆန်အိတ်တွေ ထမ်းသယ်တဲ့အဖွဲ့ ၊ ရှမ်းပြည်ရဲ့ရာသီဥတု အေးအေးမှာ ချွေးတွေရွဲလို့ဖြစ်ပါတယ်



နောက်တော့ ရန်ကုန်ကအဖွဲ့ဦးဆောင်ပြီး ကျမတို့သည် ကျောက်ဆောင်ရှိရာဂူ သို့သွားရောက်ခဲ့ပါသည်။ ဂူသည်မမြင်ရသည့်ဘက်တွင် ကျောက်ဂူလှိုဏ်ခေါင်းအဖြစ်ရှိနေသည်။ ဂူပေါ်တွင်လည်း စေတီလည်းတခုနှင့်တံခွန်တိုင်အသေးလေးရှိပါသည်။ လှိုဏ်ဘက်တွင် ကျောက်ဆင်းတုတဆူလည်းရှိသည်။ သူတော်ကောင်းတို့သည် စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင် လူသူကင်းဝေးရာသို့ ဦးတည်ပြီး ဆိတ်ငြိမ်ရာအရပ်တွင် တရားဘာဝနာအားထုတ်ကျင့်ကြံရန် ရည်သန်ပြီးနေလိုကြသော်လည်း လူသားများကား သူတော်ကောင်းတို့နောက်သို့ တကောက်ကောက်လိုက်ကြသော်အခါ စရဏအလုပ်ကို ထိခိုက်လာလေလေ ဝေးရာဝေးရာသို့ ပြေးကြလေလေဖြစ်ကုန်၏။ ဘုန်းတို့သည် ဗုံးသို့အလား။
(ဥပမာအားဖြင့် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ထိုသို့သောအကြောင်းတို့ကြောင့် ဝေးရာသို့ပြေးခဲ့ရပါသည်။ သူတော်ကောင်းကြီးတို့အား မိမိတို့အတ္တကြောင့် အနှောက်အယှက် မဖြစ်စေရန် သတိပြုသင့်ပါသည်။)
 မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ရွှေဘိုမြို့နယ်တွင် ကျောင်းရေစက်ချပွဲအား ကျမတို့ လက်လုပ်တောင်တွင် သံဃာများ ရဟန်းခံတရားဖြင့် ပူဇော်သောပွဲ လုပ်နေသည့်အချိန်တွင် ကျင်းပသွားသည်ဟုသိရပါသည်။ လျှို့ဝှက်ပြီး ပြုလုပ်သော်လည်း လူထု(၁)သိန်းခန့်လာရောက်ကျ သည်ဟုသိရပါသည်။ ဆရာတော်ဘုရားကြီး ကိုယ်တိုင် ကြွရောက် ရေစက်ချပွဲကိုကျင်းပသည် ဟုသိရပါသည်။ လူတော်တော်များများသည်လည်း ကျောင်းရေစက်ချအလှူခံသည့်အတွက် ဆရာတော်ဘုရားကြီးသည် နောင်တွင် ပရိတ်သတ်များ ဖူးရကောင်း စေရဲ့ဟု မျှော်လင့်လျက်ရှိကြ ပါကြောင်း လက်လုပ်တောင်သာသနာ့ကုန်းမြေမှသိရှိရပါသည်။


အဝေးကလှမ်းမြင်ရတဲ့ ကျောက်ကမူပေါ်ကစေတီ
အတွင်းဘက်မှာရှိတဲ့ လှိုဏ်ဂူလိုနေရာ တရားအားထုတ်ဖို့အတွက် အင်မတန်မှကောင်းတဲ့နေရာပါ
ဂူတွင်းကဘုရားကိုကန်တော့နေတဲ့ ကျမ၊ အသက်(၇၀)အမေ၀င်းနဲ့ ဒေါ်တင်အေး


စုံတောမြိုင်ချောင်၊ တကဲ့တောကြီးပါဘဲ


ရေတံခွန်နောက်ခံထားပြီး အမှတ်တရ၊ သွားရအရမ်းခက်ပါတယ်။

ကျောက်ဂူကြီးကို အနီးကပ်မြင်ကွင်း

ကျောက်ဂူပေါ်ကဘုရားလေးကို အနီးကပ်၊ အမှတ်တမဲ့ရိုက်ခဲ့ပေမဲ့ တိမ်တိုက်ကအလင်းရောင် ဖျာဆင်းနေတာကို တွေ့တော့ ကျမရဲ့ ရိုက်ချက်က မိုက်လှချည်လားလို့ပေါ့။

အင်မတန်မှ သပ္ပါယ်တဲ့ မြင်ကွင်းလေးမို့မှတ်တမ်းတင်ခဲ့တာပါ။

ယခုဖော်ပြထားသော နေရာမှာ အလှူရှင်မိသားစုတစ်စုမှ ဗောဓိရိပ်ငြိမ်ဆရာတော်အား လှူဒါန်းထားသော နေရာဖြစ်ပါသည်။ (နေရာဒေသအား ဆရာတော်အတွက် ဘုန်းတို့အစား ပရိတ်သတ်ကြောင့် ဗုံးအဖြစ်မဖြစ်စေရန် လျှို့ဝှက်ထားသည်ကို ခွင့်လွတ်ကြစေ လိုပါသည်။ ဗောဓိရိပ်ငြိမ်ဆရာတော်အားဖူးမျှော်လိုပါက မှော်ဘီ၊ ၀ါးနက်ချောင်း၊ မှော်ဘီဈေးအနီး လေဆိပ်(၁၆)ဟုမေးသွားလျင် အရှင်ဆေကိန္ဒကျောင်းနှင့်ကပ်လျက်ရှိပါသည်)ဟု အမေဒေါ်တင်အေး မှပြောပြပါသည်။ နေ့ခင်း(၁)နာရီနောက်ပိုင်းတွင်သာ ဖူးခွင့်ရှိသည်ဟုလည်းသိရပါသည်။
ကျမတို့လည်း ရေတံခွန်တောင်အနီးရှိကျောက်ဂူဘုရားအား ကန်တော့ဝတ်ချပြီးနောက် ရန်ကုန်အဖွဲ့မှ ဒါနပြုသောအအေးအားဆိုင်တွင်သောက်ပြီး လက်လုပ်တောင်ကျောင်းသို့ပြန်ခဲ့ကြပါသည်။
မြေအလှူရှင်များ၊ အခြားသော အလှူရှင်များ၏ အမည်များအား မဖော်ပြခြင်းမှာ ခွင့်ပြုချက် မတောင်းခံခဲ့ ရသည့်အတွက်ဖြစ်ပါသည်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts