Friday, July 26, 2013

ခလုတ်တိုက်သောနေ့ရက်များနှင့် ရတနာကျောက်ထုပ်ကောက်ရသောနေ့ရက်များ (ဇူလိုင် ၃-၅၊ ဇူလိုင် ၁၁ မှ ၁၃နှင့် ဇူလိုင် ၁၉-၂၃)


(၁) ကျမသည် ၃-၇-၂၀၁၃ နေ့တွင် နေ့ခင်းကြောင်တောင် အိမ်တွင်းသူခိုးဝင်ခံတာခံခဲ့ရပါသည်။ အိမ်တွင် ကျမညီမရှိနေလျက်နှင့် သူကအရှေ့တွင်ခြံထဲဆင်းကာ ပေါင်းမြက်များနှုတ်နေခိုက်တွင် နောက်ပေါက်မှ နေပြီး အိမ်တွင်းသို့ သူခိုးဝင်သွားခြင်းဖြစ်ပါသည်။ တနေကုန်ရုံးတွင်ရှိသောကျမ ရုံးကအပြန်မှ ဘုရားခန်းထဲတွင် ပွလန်နေသောအပုံများကို မြင်ရမှ တဖန် အိမ်ခန်းထဲတွင်လည်း ပွလန်နေတာမြင်ရမှ ကျမညီမအားမေးရာ သူခိုးဝင်သွားသည်ကို ညနေရုံးဆင်းမှသိရပါသည်။
ထိုနေ့မတိုင်ခင်သုံးရက်ခန့်က ကျမရဲ့နှုတ်မှ ခြံထဲဆင်းပြီး အလုပ်ချည်းလုပ်မနေနဲ့ အိမ်ခန်းထဲသူခိုးရောက် နေမှ ဟုတ်ပေ့ဖြစ်နေဦးမယ်ဟု (၅)ကြိမ်ခန့်ပြောမိပါသည်။ အားလုံးပြန်စစ်ဆေးသော် ဘာတခုမှမပျောက်ရှပါ။ ကျမ၏လခများ ဆွဲကြိုးများလုံးဝမပျောက်။ ကျမသည် ငွေများကို မထင်သောနေရာတွင်ထားတတ်၏ အထူးသဖြင့် စာအုပ်များကြား စာအုပ်ဆိုတာက အိမ်တွင်များပြားလွန်းလှပါသည်။ ကိုယ့်အမှတ်အသားနှင့်ကိုယ် ထားသည်။ ဘုရားခန်းတွင် ဝေဘူဆ၇ာတော်ဘုရားကြီးပုံနှင့် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးပုံများချိတ်ဆွဲ ပူဇော်ထားရာ သူသည်သတ္တိရှိရှိ ထို လူတရပ်ခန့်နီးပါးရှိ ဗင်နိုင်းပုံကြီးများအောက်တွင် ခိုးဝင့်သည်ကိုလည်း အံ့သြမိပါသည်။ ပါးစပ်မှ ကြိုတင်နမိတ်ဖတ်ပြောမိသော ကျမကိုကျမလည်း အံ့သြမိပါသည်။ ဆိုင်ကယ်ဝယ်ရန် ငွေများကို ရုံးဘီဒိုထဲတွင်သော့ခတ်ထားခဲ့မိလို့သာတော်တော့သည် နို့မို့ ပါနိုင်ပါသည်။
(၂) သောကြာ်နေ့(၅-၇-၂၀၁၃)နေ့တွင် ဆိုင်ကယ်သွားဝယ်သည် စီးကြည့်သည်။ အဆင်ပြေသည်။ (၇-၇-၂၀၁၃)နေ့တွင် တရားထိုင်နေစဉ် လက်လုပ်တောင်ကျောင်းပုံကို အာရုံတွင် (၅)ကြိမ်လောက်ပေါ်ပေါ်နေသဖြင့် သွားလိုက်သည်။ ရဟန်း(၂)ပါးအလှူယူဖြစ်သွားသည်။ သို့သော် (၈-၇-၂၀၁၃)နေ့တွင် အိမ်မှကုန်းအတက် တွင် လူရောဆိုင်ကယ်ရော အိမ်ရှေ့အုတ်မြောင်းထဲသို့ထိုးကျသွားသည်။ မကျိုးမပဲ့သည်က ကံ အတော်ကောင်းသည်ဟုဆိုရပါမည်။ သို့နှင့်(၁၁-၁၂-၁၃)ရက်များလက်လုပ်တောင်ကျောင်းတွင်သွားအိပ် ဖြစ်သည်။ ဝေယျာဝစ္စများလက်မလည်အောင်လုပ်ရသည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။ ညအိပ်လျင်ကော်ဇောနှင့် ထိလိုက်သည်နှင့် သေအောင်နာတော့သည် -ဆိုင်ကယ်ဒုက္ခပေးလိုက်ပြန်ပြီကော။ ခန္ဓာရှိတော့ ဝေဒနာတွေက ပြလေပြီ။ ညပိုင်းတွင်တရားနာရသည်။ သို့သော် ၁၄-၇-၂၀၁၃နေ့တွင် အိမ်ပြန်ရသည်။ ကျမကြောင်မများ သည် အမြဲတမ်းလိုလိုကျမကိုစောင့်ပြီး မီးဖွားလေ့ရှိသည့်အတွက်ကြောင့်ဖြစ်သည်။ ဇီးရှိနေသော ကြောင်မလေးသည် ကျမကိုစောင့်နေလိမ့်မည်ဟုပြောရာ ဝေယျာဝစ္စလုပ်သူခလေးများက ရီကြပါသည်။ တကယ်ပါ။ ထိုနေ့ခင်းကျမပြန်ရောက်- ရေမိုးချိုးပြီးသည်နှင့် ထိုကျုတ်ကျုတ်ခေါ်သော ကြောင်မလေးသည် လူနားတွင်သာကပ်နေတော့သည်။ ညဦးပိုင်းရောက်သော် ကျမခြင်ထောင်ထဲဝင်ပြီး ခလေးမွေးတော့သည်။ မျှော်လင့်ထားသည်က လှတပတ ကြောင်ဝါ၀ါလေးများ။ မွေးလာသည်က အာရပ်တို့ အီရန်တို့တွင် မျက်နှာဖုံးစွပ်တပ်ထားသည့်လက်နက်ကိုင် စစ်သွေးကြွများ အတိုင်း ခေါင်းပိုင်းအမဲ ပခုံးအောက်ပိုင်းမှာခဲရောင်။ ဆိုးလိုက်သည့်ရုပ်။ ပေးလျင်တောင် ဘယ်သူမှ မလိုခြင်မည့်ကြောင်လေး ၂ကောင်။ ကျမက တာလီဘန်နဲ့ ဘင်လာဒင်ဟုနာမည်ပေး လိုက်သည်။ ဖြစ်ခြင်တိုင်းလည်း မဖြစ်ရပါက သူ့သဘောသူဘဲဟုသာ။
(၃) ရုံးပိတ်ရက်တွင်ကျောင်းတွင် ၃ ညသွားအိပ်ပြီးပြန်လာသည်။ နောက်တပတ်ရုံးပိတ်ရက်ကား (၁၉ ဇူလိုင်မှ ၂၂ ရက်နေ့အထိ) အဘယ်ကြောင့်မသိ။ ကျမစိတ်ထဲတွင် ကျောင်းကိုနောက်တခေါက်ပြန်သွားရမှာ လေးနေမိသည်။ မူလအစီအစဉ်မှာ ညောင်ဦးသို့သွား ပုပ္ပါးဘက်တွင် တော၇ကျောင်းတကျောင်းတွင်သွားပြီး ရသလောက် စရဏလုပ်မည်။ သူငယ်ချင်းလည်းဟုတ် ညီမလိုလည်းဖြစ်နေသူက ညောင်ဦးမှ စီစဉ်ထားသည်။ ၁၈ ရက်နေ့ညနေတွင် ဖုန်းဆက်ရာ လာမယ်ဆို ကားလက်မှတ်ပို့လိုက်မယ်။ အခုလိုဆက်တိုက်ပိတ်ရက်က ရှားတယ်ဟုဆိုပါသည်။
အဖြစ်မှန်ကိုရေးရသော် ကျမသည် ဆရာတော်ကြီးမွေးနေ့နှင့်တိုက်နေသည့်အတွက် ဟိုသွားရမလို ဒီနေရမလို ၊ပျဉ်းမနားရောက်သော် မနောပိုင်သော ဒေါ်ရင်မေရှေ့တွင် ညည်းမိပါသည်။ ဘာလုပ်ရမှန်းမသိ ဆရာတော်ကြီး မွေးနေ့လည်း နေခြင်တယ်။ ဟိုလည်းသွားခြင်တယ် ဒီဘက်လည်းမလွတ်ခြင် ဟိုဘက်လည်းမလွတ်စရဖြစ်ခြင်တယ်လေ။ အမဒေါ်ရင်မေသည် စိတ်ညွတ်ပြီးလျှောက်လိုက်ပုံရသည်။ လက်လုပ်တောင်ကိုသွားဟုဆိုပါသည်။ ဟိုမှာကမိန်းမယောဂီလက်မခံဘူး။   ယောင်တောင်တောင်နဲ့  ဖြစ်နေမယ်ဟု ထပ်စောတကတက်မိသည်။ သူ့အလိုလိုဖြစ်သွားလိမ့်မယ်။ သွားသာသွားလိုက်။ ဆရာတော်ဘုရားကြီးစဉ်တဲ့အတိုင်း သွားပါမည်ဟုအေိမ်ကျရင်လျှောက်ထားလိုက် ဟုဆိုပါသည်။ သို့နှင့် ကျမသည် ဆရာတော်ဦးခေမာအား ရေဆင်းနှင့်သွားလိုက်ပြန်လိုက် နေ့စဉ် မဖြစ်သဖြင့် ကျောင်းတွင်နေခွင့်တောင်းရာ ဆရာတော်မှ ဆွမ်းချက်ဆောင်တွင်နေဟုပြောသည့်အပြင် အဘိုးတို့မှလည်း စီစဉ်ပေးမည် လာသာလာခဲ့ဟု ဆိုသဖြင့် ၀မ်းသာစရာဖြစ်ရာ  ကျောင်းတွင် အိပ်ဖြစ်သွားသည်။ ကူလုပ်ကိုင်ရသည်မှာ မမောနိုင်ပါ။ သပြေကုန်း အဖွဲ့မှာလည်း ကျမအားခင်မင်ကြသဖြင့် ပျော်ရွှင်ချမ်းမြေ့မှုနွေးထွေးမှုတို့ ခံစားရသည်။ ကုသိုလ်ကားအပြည့်။
ကျမရင်လေးနေသည့်အတိုင်း ကိစ္စလေးတခုဖြစ်သွားသည်။ ချောကလက်တောင့်လေးနှင့်သစ်ကြားသီး ဆရာ့တော်ကပ်ရန် သိမ်းထားရင်းမှ ပျောက်သွားလေသည်။ တကယ်တော့ ကျမအပစ်သာဖြစ်ပါသည်။ ကျမသာ အတိတ်ဘ၀က ထိုသို့မလုပ်လျင် ထိုသို့ကျမလည်း ပြန်ခံရမည်မဟုတ်။ သို့ရာတွင် ဆရာတော့်ဘောဇဉ်ပွဲအတွက်ဆိုတော့ ကျမလည်းအနည်းငယ်တော့စိတ်ပျက်သွားသဖြင့် ပြောမိခဲ့သည်။ စိတ်တော့မကောင်းပါ။ ကုသိုလ်တွင် အကုသိုလ်ရောနှောသွားလေပြီကော။
(၄) (၁၉မှ၂၂)တွင်းယခင်အပတ်လိုတော့ မဟုတ်တော့။ အလုပ်လည်းနည်းသည်။ သို့သော်ဘုရားပေါ်တွင် သန့်ရှင်းေ၇း လုပ်ရခြင်း၊ ညတရားနာရခြင်းများကားတန်ဘိုးမဖြတ်နိုင်ပါ။ ရေဆင်းတွင် ထိုသို့ တရားနာနိုင်သော အခွင့်အရေးများမရှိ။ ရတနာများကောက်ရခြင်းနှင့် တူပါတော့သည်။ ပြီးခဲ့သော တလလောက်ခန့်မှစပြီး ကျမစိတ်ထဲတွင် ပေါ်လာသော  ဖုဌဿ လောကဓမ္မေဟိ စိတ္တံယဿ နကမ္ပတိ အသောကံ ၀ိရဇံခေမံ ဧတံမင်္ဂလ မုတ္တမံဟူသော အပိုဒ်ကိုသာတွင်တွင်ရွတ်မိသည်။ အကုသိုလ်ကိုပယ်သတ်ခြင်းသာတည်း။
(၂၂-ရ-၂၀၁၃)ညတွင် ကျမသည် ဗောဓိရိပ်ငြိမ်ဆရာတော်အား မနက်ဖန်ပြန်တော့မည်ဖြစ်ကြောင်း နှုတ်ဆက် ကန်တော့ပါသည်။ ဆရာတော်သည် လူရှင်းခိုက်ဖြစ်သဖြင့် ကျမအင်တာနက်ပေါ်တွင် ဂေါပကများပုံများ တင်ထားသည်ကို ပြောပါသည်။ ဆရာတော့်အား ကျမသည် ဘိုးတို့အဖွဲ့များအား ချစ်ခင်သဖြင့် ဂုဏ်ပြုသော အနေဖြင့်တင်ခြင်းဖြစ်ပါသည်ဟုပြောခဲ့ပါသည်။ အခွင့်အရေးရသည်နှင့်ကျမသည် ကျမ၏တရားရှုမှတ်မှုများအား ဆရာတော့်ထံလျှောက်ထားပါသည်။ ဆရာတော်သည် ကျမလျှောက်ထားမှုအပေါ်ပြန်လည်ဖြေကြားပေး သည့်အပြင် ရှုမှတ်မှု အံချော်နေသည်ကို ပြန်လည်တည့်ပေးသဖြင့် အဖိုးမဖြတ်နိုင်သော ရတနာထုပ်တထုပ်အား ထပ်မံကောက်ရပိုင်ဆိုင်ခဲ့ပါသည်။
(၅) ၂၃-၇-၂၀၁၃ မနက်တွင် ဗောဓိရိပ်ငြိမ်ဆ၇ာတော်၏ အာရုံဆွမ်းပွဲသို့ ငါးသေတ္တာသုတ်တပွဲကပ်လှူရန် စီစဉ်ပြီးေ၇ဆင်းသို့ပြန်မည်ဟုဆိုရာတွင် ကျမအား တစ်စုံတစ်ဦးသည် ဒီကနေပြန်သွားပြီးရင် ဘယ်တော့မှ မလာနဲ့တော့ဟု ပြောလိုက်ပါသည်။. ပထမတွင်အာရုံမထားမိသော်လည်း ကျောင်းမှစထွက်သောအခါတွင် ဆိုင်ကယ်ပေါ်တွင် ကြားမိတာဟုတ်ရဲ့လားဟု တ၀ဲလည်လည်တွေးမိပါသည်။
 ပြောလိုက်သူ သည် ကျမလေးစားသောသူ၊ ကျောင်းသို့လာရခြင်းကလည်း ကျမရှေ့တွင်ရေးသားထားသည့်အတိုင်း ဆရာတော်ဘုရားကြီး၏ ချမှတ်ပေးသောလမ်းအတိုင်း ဒွန်တွဲနေသော ရွေးချယ်စရာ(၂)မှ တစ်ခုကိုဖြတ်ပြီး ရောက်လာရခြင်းသာဖြစ်ပါသည်။ မိုးတဖွဲဖွဲလည်းရွာနေရာ ကျမသည် ဆိုင်ကယ်ကို ဂရုစိုက်မောင်းရပါသည်။ အင်းသူ့စကားကြောင့်တော့ နောက်ထပ် ဆိုင်ကယ်မှောက် တာအဖြစ်မခံနိုင်ဘူးဟုနှလုံးသွင်းကာ၊ စိတ်ကိုတင်းပြီး ဖုဌဿ ဂါထာ ကိုသာစိတ်တွင်းမှအကြိမ်ကြိမ် ရွတ်ဆိုခဲ့မိပါသည်။ 
(ခရီးသွားမည့်သူများကို မည်သည့်အခါမှ စိတ်အနှောင့်အယှက်ဖြစ်အောင်မပြောပါနှင့်။ ထိုသို့ပြောခြင်းသည် ဆိုင်ကယ်၊ကား ကိုယ်တိုင်မောင်းမည့်သူများအား  တိုက်ရိုက် မဟုတ်သော်လည်း သွယ်ဝှက်ပြီး သေတွင်းသို့ပို့သည်နှင့်တူပါသည်။)
 ဗောဓိရိပ်ငြိမ်ဆရာတော်ထံမှ ညကကောက်ယူလာသော ရတနာထုပ်မှ ရတနာများ အထုပ်မလုံသဖြင့် တလုံးခြင်းလမ်းမပေါ်ပြုတ်ကျသွားတာကိုမလိုလား။ ထိုကြောင့် ဖုဌဿဂါထာကို စေ့နေအောင်ရွတ်ပြီး ရတနာများမပြုတ်ကျစေရန် အလုံခြုံဆုံးဂါထာနှင့်ထုပ်လာခဲ့ရပါတော့သည်။ အပြန်ခရီးတွင်ကံမကောင်းသော ကျမအဖြစ်ကား ထိုသို့။
ကျမတရားလျှောက်စဉ် ဘိုးနှင့် ဦးသန်းဝင်း၊ ဆရာတော့်ကို မြေလှူဒါန်းသော ဒကာမတို့သာကျောင်းပေါ်ရှိပေသည်။ ကျမကား အကျိုးရှိသောစကားဖြင့်သာ ဆရာတော့် အချိန်ကိုဖဲ့ယူလိုက်ခြင်းသာပါ။
(၆) စိတ်ကိုနိုင်လျင် နိဗ္ဗာန်ကိုရနိုင်သည်တဲ့ အိမ်ပြန်ရောက်သော် ကျမသည် ဆိုင်ကယ်စီးရတာလည်း ပင်ပန်း ၊ နေ့နှင့်ည ဗြောင်းပြန်ဖြစ်နေသည့်အတွက်လည်း ပင်ပန်း။ ကျမက မနက်(၂)နာရီလောက်မှ အိပ်တတ်သူ။ ကျောင်းမှာက မနက်(၃း၃၀)လောက်ထရသည်ကိုး။ စိတ်ကိုဖြေလျော့ချကာ အိပ်ရာပေါ်ပြစ်လဲလိုက်၏ ရုံးမတက်ခင် ခဏလေးတော့ အိပ်လိုက်ဦးမှ။ အတွေးထဲတွင် စိတ်ရှုတ်လိုက်တာ အပြီးသတ်ပါမှဟု။ ထိုသူပြောသောစကားကို မကျေမနပ်တွေးမိပါသည်။ ထိုအခိုက် (နင်လိုခြင်တာရလာလို့ ပျော်လာတယ်မဟုတ်လား)ဟု နူးညံ့သော မေတ္တာဓာတ်အပြည့်ပါသော အသံကိုနားထဲတွင် ထင်ထင်ရှားရှား ကြားလိုက်ရ၏။ နင်လိုခြင်တာ။ ကျမလိုခြင်တာဘာလဲ ကိုယ့်ကိုကိုယ်ပြန်မေးရသည်။ အနီးစခမ်းတွင် ချမ်းမြေ့ရိပ်သာတွင် တရားထိုင်ရင်း ကိုယ့်အပေါ်အနိုင်ကျင့်သော သူများအား ကျိန်ဆဲမိသည့် စိတ်သောင်းကျန်းမိသဖြင့် ကျမအား အာရုံထဲတွင် စိတ်သောင်းကျန်းမှုကို လာရောက်ဆုံးမသွားသော ဆရာတော်ဘုရားကြီး၏အသံ။ ကျမလိုခြင်တာ-မှန်ပါသည် ကျမလိုခြင်တာကို ကျမရခဲ့ပါသည်။ ကျမလိုခြင်သည်မှာကား ဗောဓိရိပ်ငြိမ်ဆရာတော်၏ ကဗျာများပါတည်း။
(၇) လွန်ခဲ့သော ၂ နှစ်ကျော်က ကျမအား အမဒေါ်ရင်မေနှင့်ညောင်ဦးမှ ဒေါ်ဝင်းရီတို့သည် အကြောင်းအရာတခုကို တထပ်တည်းပြောခဲ့ကြသည်။ နှစ်ဦးသည် တယောက်တနေရာစီ- ပတ်သက်ကြသူများမဟုတ်။ သူတို့နှစ်ဦးပြောသော စကားသည် တစ်လုံးမှမလွဲ တထပ်တည်းသာတည်း။ နောက်ပိုင်းတွင် မဟာမြိုင်က ပြန်လာပြီးသောအခါ ယခုဘလော့ ကိုရေးဖြစ်သွားပါသည်။ မူလက မဟာမြိုင်တွင်တွေ့ကြုံရသော အတွေ့အကြုံများ ကိုရေးတင်လိုသဖြင့်ရေးခြင်းဖြစ်ပါသည်။ နောင်တွင်ဆရာတော်ကြီးအား ကြည်ညိုကျကုန် သော ကမ္ဘာအရပ်ရပ်မှ ဘလော့ဖတ်သူများစာရင်းကိုမြင်ရသောအခါတွင် သူမတို့နှစ်ဦးပြောသော စကားကို သဘောပေါက်လာပါသည်။ ယခုဘလော့ကိုရေးဖြစ်အောင်နောက်ကွယ်မှ မနောကို မီးထိုးပေးသူမှာ အခြားသူ မဟုတ်-ဘိုးတော်အောင်မင်းခေါင်သာဖြစ်ပါသည်။
ထိုသူကပင်လျင် အင်တာနက်ပေါ်တွင် ရေးခြင်တာတွေလျောက်ရေး၊ တင်ခြင်တာတွေလျောက်တင် သည်ဟု ကျမကိုတရက်တွင် ဝေဖန်ပါသည်။ ကျမလည်းအင်တာနက်ပေါ်မှ ထိုသူကိုပြန်ပြောလိုပါသည်။ ယခုဘလော့အားစရေးခါစ စိတ်တန်ခိုးများအကြောင်းရေးသော် အမဒေါ်ရင်မေမှ တဆင့်ဆရာတော်ဘုရားကြီးအား မနောဖြင့်လျှောက်ပေး ရန်ပြောမိသဖြင့် ကျမရှေ့တွင် ပင်- လျှောက်ပေးလေသော် ဘလော့နှင့်ပတ်သက်ပြီး ဝေဖန်လျင် အကုသိုလ်မဖြစ်စေနှင့် ဟုပြန်မိန့်ပါသည်။ မှတ်မှတ်ရရ ငါဆွမ်းစားနေတာဟုလည်း သိရပါသည်။ ထိုကြောင့်ထိုသူ၏ ဝေဖန်မှုကို ကျမ ဥပက္ခာပြုလိုက်ပါသည်။ ကျမရေးလိုသည်ကိုရေးသွားမည်သာဖြစ်ပါသည်။ ကျမသည် တစုံတရာမှား ယွင်းခဲ့သော် မနောတွင်လာပြီး မက်စေ့ပေးပါလိမ့်မည် လုံးဝယုံကြည်ပါသည်။
(၈) ၂၄-၇-၂၀၁၃ မနက်တွင် ရုံးမသွားမှီခဏတာ တရားရှုမှတ်ပြီး ဗောဓိရိပ်ငြိမ်ဆရာတော်က ထိတာကိုသိ။ စိတ်မြန်တာကို ထိတာနဲ့သိအောင်လုပ်ဟုမိန့်သဖြင့်၊ ကျမစိတ်တွင် ကျမကမဟာစည်ထိုင်ခဲ့တော့ ထိတာသိတာကို ထိသိမဟုတ် စလယ်ဆုံးမှတ်မှတ်နေတတ်သည်။ အကျင့်ကဖြစ်နေသည်စသည်ဖြင့် အတွေးပေါ်မိပါသည်။ ထိုစဉ် ကြိုက်တဲ့နည်းနဲ့မှတ် အဓိကက ကိလေသာမ၀င်ဘို့ဘဲဟု နူးညံ့ ညင်သာပြီး မေတ္တာတရားအပြည့်ပါသော အသံကို သဲကွဲစွာကြားလိုက်ရပါသည်။ ရတနာကျောက်ထုပ်တထုပ် ထပ်မံကောက်ရသောနေ့မဟုတ်ပါလား။
တကယ်တော့ ကျမရဲ့ ၅၆ နှစ်ပြည့်မွေးနေ့ဟာ ၂၂-၇-၂၀၁၃ ဖြစ်ပါတယ်။ မွေးလတွေမှာ ကံမကောင်းတတ်လို့ ကျမဟာ အသက်(၄၀)အထိ မွေးလတွေဆိုရင် ပျဉ်းမနားကံဦးမဟာစည်ရိပ်သာ ဘုန်းဘုန်းကြီး ဦးဝါယမရဲ့ မေတ္တာကိုခိုလှုံပြီး တပတ်လောက်တရားထိုင်လေ့ ရှိပါတယ်။ နောက်ပိုင်းတွေမှာအလုပ်တာဝန်တွေကြောင့် ၀ါဆိုလမှာ မထိုင်ဖြစ်တော့တာဖြစ်ပါတယ်ရှင်။
ကျမအား လက်လုပ်တောင်ကျောင်းတွင် အိပ်ခွင့်ပေးသော ဆရာတော်ဦးခေမာစာရနှင့် ကျမအားချစ်ခင်ကြသော လက်လုပ်တောင်ဂေါပကအဖွဲ့များအားလုံး၊ သပြေကုန်းနှင့်ဝေလှံကုန်းရွာ မှ ဝေယျာဝစ္စဆောင်ရွက်ကြသူများ အားလုံးကျန်းမာချမ်းသာကြပါစေ။ ဆရာတော်ဦးခေမာသာ ကျောင်းမှာ အိပ်ခွင့်မပေးခဲ့ရင် ဆရာတော်ဦးဗောဓိကို ဘောဇဉ်ပွဲမှာ ဘောဇဉ်ဖြည့်ပွဲ လှူခွင့်ရရှိမည် မဟုတ်သလို ဝေယျာ ၀စ္စအလုပ်တွေကို ဘ၀ဘ၀ကအကျွေးတွေဆပ်တဲ့ အနေနဲ့ လုပ်ခွင့်ရမှာမဟုတ်ပါဘူးရှင်။
ဆရာတော်ဘုရားကြီး(မဟာဗောဓိမြိုင်ဆရာတော်ကြီး)နှင့် ဆရာတော်လေး (ဦးဗောဓိ-ဗောဓိရိပ်ငြိမ်ဆ၇ာတော်)တို့၏ မေတ္တာရိပ်ဖြင့် အေးချမ်းသော ဘ၀ပိုင်ရှင်များဖြစ်ကြပါစေဟု ဆုတောင်းမေတ္တာပို့သပေးလိုက် ပါတယ်။ သူတို့အဖွဲ့တွေရဲ့ပုံကို အင်တာနက်ပေါ်တင်ခြင်းဟာလည်း ဂုဏ်ပြုလိုတာကြောင့်တင်ခြင်း ဖြစ်ပါတယ်။ ကျမအပေါ်မကျေနပ်သူများရှိမယ်ဆိုရင်လည်း ခွင့်လွတ်ကြပါ ဟုတောင်းပန်အပ်ပါတယ်။ ဆရာတော်ဘုရားကြီးကို ကြည်ညိုသလို ဆရာတော်ဘုရားကြီး၏ ဝေယျာဝစ္စများ၊ ဆွမ်းကွမ်းများ ကို ဖြည့်ပေး ခဲ့ကြသော၊ နေပြည်တော်မဖြစ်မှီကာလ ဂေါစဂမ်(၆)ရွာဖြစ်သည့် ရေပြာ၊ သပြေကုန်း၊ သပြေတန်း၊ ကံလှ၊ ဝေလှံကုန်း၊ လွမ်းတောင်အဖွဲ့မှ ရွာသူရွာသားများအားလုံး ကိုလည်း လေးစားဂုဏ်ပြုအပ်ပါသည်။ အများနှင့်မတူ ထူးကဲသောအခွင့်အရေးကို ရသော ကံထူးသောရွာများဟု ကျမစိတ်တွင်မှတ်ယူပါသည်။ ကျမတို့ ရေဆင်းမှ လက်လုပ်တောင်သို့ ဒေါက်တာမြသွင်ကားဖြင့်လာလောင်းနိုင်သည့်အကြိမ် အလွန်တရာမှ နည်းပါးလှသော်လည်း သူတို့တွေကတော့ ကျမတို့ထက်သာလွန်သော အခွင့်အရေးကို ရခဲ့ကြသည် မဟုတ်ပါလား။
စေတနာမှန်လျင် သူဟာနှင့်သူ လမ်းမှန်သွားမည်ဟုသာ ကျမယုံကြည်ပါသည်။
မေတ္တာဖြင့်
ဓမ္မသာလာ။



0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts