Saturday, March 9, 2013

အလောင်းတော် ကဿပနှင့် ပါဒစေတီများ(အိမ်မက်ဖြင့် ဖွင့်ပြောသောစကားများ)


ခန္တာကြောင့် မဟုတ်အစွဲကြောင့်….
ဘုရားပစ္စက အပါအ၀င် ရဟန္တာအရှင်မြတ်တို့မှာမူကား ဓာတ်သက်ဝင်၊ ဓာတ်ဥာဉ်အခိုးကို ဥာဏ်အဆင့်ဆင့် တို့ဖြင့် ပယ်ပြီးဖြစ်၏။
ငါသူမ၀င် ခန္ဓာစဉ်မျှသာ မြင်တော်မူကြ၏။ အစွဲဖြင့်မလန်း အဆန်းဖြင့် လမ်းဖေါက်ခြင်းမရှိ။ သို့ကြောင့် မရှိရာမှ လာသူများပီပီ ထိုမရှိရာသို့ ပြန်သွားကြလေပြီ။
မရှိရာသည် မရှိသူများ၏ နေအိမ်။ သို့ဖြစ်ရာ (အိမ်ပြန်သွားပြီ) ထိုစကား နိဗ္ဗာန်၏  အမှတ်အသားဆိုသင့်ပြီ။ တစ်ဖန်(သူ့ပစ္စည်းသည် ကျန်နေခဲ့သည်)။
 သည်စကားက အလောင်းတော် ရူပကာယဓာတ် ရည်မှတ်ပြောသည့်စကားရပ်ထင်မိ၏။
ထိုဆိုခဲ့ပြီး မှတ်ချက်ချစကားများအပေါ် အားလုံးခြုံငုံ၍ သုံးသပ်ရသော်-
အလောင်းတော် ကဿပ ဟူသော ဓူတင်ဆောင်ဧတဒဂ်ရ ရဟန္တာ အရှင်မဟာကဿဖ ပါပဲ(သို့မဟုတ်) သေပြီးမှ ထရပ်ပြနေသည့် သာသနာ့ဝန်ဆောင်အရှင်မြတ်ကြီး။
ယင်းမှာ သေပြီးမှ မတ်တတ်ထရပ် ပြသွားတော်မူသော အရှင်တော်မြတ်ဘုရား၏ စကားကို တစ်သွေမတိမ်း လိုက်နာပြနေခြင်းပင်။ တစ်ဖန်-
သာသနာတော်အား သေပြီးသည့်တိုင် အစောင့်အရှောက်ပေးနေခြင်းလည်း ဖြစ်၏။
သာသနာတော်အား ဘုရားရှင်မှတစ်ဆင့် ဆင့်ကမ်းယူ ထူထောင်နေခြင်းလည်းဖြစ်၏။
ကိုယ်တိုင် ၀င်မလုပ်၊ ဓမ္မဓာတ်ဖြင့် အလုပ်လုပ်ပြနေခြင်းလည်း ဖြစ်၏။
အရိယာနယ်၊ အရာကျယ်၊ တွင်ကျယ်လွန်းလှ၏။
(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)
ယခုစာစုသည် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရေးသားစီရင်တော်မူသည့် အိမ်မက်ဖြင့် ဖွင့်ပြောသောစကားများ၏ နောက်ကျောဖုံးမှစာစုဖြစ်ပါသည်။ ထိုစာအုပ်တွင် မြန်မာနိုင်ငံတွင် ဘုရားဖူး ပရိတ်သတ်များအများစုသွားရောက်သော ဆင်များဖြင့်လည်းကောင်း၊ ခြေလျင်ဖြင့်လည်းကောင်း တောလမ်းကြီးမှ သွားရောက်ဖူးမျှော်လေ့ရှိကြသော အလောင်းတော်ကဿဖဂူတော်အတွင်းသို့ အိမ်မက်ဖြင့် ၀င်ရောက်ဖူးမျှော်ခဲ့ရာ ဂူအတွင်းတွင် အလောင်းတော်ရှင်မဟာကဿဖကြီးနှင့် အခြားသော အရိယာရဟန္တာ(၁၀)ပါးအား မည်သို့သော မြင်ကွင်းဖြင့် ဖူးမျှော်ရကြောင်းကို ရေးသားထားသည်မှာ အလွန်တရာမှ စိတ်ဝင်စားဘွယ်ရာကောင်းပါသည်။ ဆရာတော်ဘုရားကြီးသည် ၄င်း၏ေ၇းသားဖော်ပြချက်အရ အိမ်မက်ဖြင့်ဆိုသဖြင့် စောဒကမတက်လိုပါ။ ထိုမျှလောက် သေချာစွာဖူးမြင်ရပါလျက်ကယ်နှင့် မကန်တော့မိခဲ့သည်အကြောင်း ပွင့်လင်းစွာလည်း ၀န်ခံထားပေသည်။  ဆရာတော်ဘုရားကြီးသည် မနောအာရုံကို လိုသလို စေညွတ်နိုင်သဖြင့် ဆရာတော် ဦးဗောဓိမှလည်း မလိုအပ်လျင် ဆရာတော်ဘုရားကြီး အား မနှောင့်ယှက်ကြပါရန် မေတ္တာရပ်ခံထားခဲ့သည်ကိုလည်း စာအုပ်ထဲတွင်ဖတ်ခဲ့မိပါသည်။ အလောင်းတော် ရှင်မဟာကဿဖအကြောင်း ခြေတော်ရာများအကြောင်း ငြင်းခုန်နေကြသည်ကိုလည်း ဆရာတော်ဘုရားကြီးသည် မိမိ၏အနေအထားများကို ရဟန်းတော်၏၀ိနည်းဖြင့်အညီ ဖြေရှင်းထားပေးခဲ့ပါသည်။ ထိုသို့ရေးသားရခြင်းအကြောင်းမှာလည်း နောင်လာနောက်သားများအတွက် အမှန်ကိုသိစေလို၍ အက္ခရာစာတင် ချန်ရစ်ထားလိုသော သဘောများဖြစ်ပါသည်။ ပါဒစေတီများအကြောင်း၊ မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံတွင် ပွင့်ပါလျက် ခြေရာတော်များသည် အိန္ဒိယတွင်ချထားသည်ဟု စာများတွင် သက်သေတင်ထား ခဲ့ပါလျက် မြန်မာနိုင်ငံသို့ ရွေ့လျားလာခြင်းများကို အကျိုးနှင့်အကြောင်းရေးသားထားပေသည်။ စဖတ်သည်မှ လက်မှ မချခြင် သို့သော် ကျမကား ကျမသိလိုသောအပိုင်းကို ဖောက်ဖတ်မိခဲ့ပေသည်။ ဟိုကျော် ဒီခွ အစမှအဆုံး ကဗြောင်းတိ ကဗြောင်းပြန်ဖတ်မိပေသည်။ အကြောင်းကား ကျမကိုယ်တိုင်ဖူးမျှော်ရခဲ့သော နေရာများကို အရင် ဦးစွာဖတ်သည်။ မဖူးရသော ရခိုင်က ပါဒစေတီမျိုးကိုနောက်ချန်ထားသည်။
ရခိုင်ပြည်၏ ကျွန်းတကျွန်းပေါ်တွင်ရှိသော ပါဒစေတီ ခြေရာတော်အားလည်း အကြောင်း၏ ထူးခြားပုံများအား ဆရာတော်ဘုရားကြီးသည် လွင်မိုး(ရုပ်ရှင်သရုပ်ဆောင်) ရေးထားသော ဆောင်းပါးတပုဒ်မှ ထူးဆန်းသော အကြောင်းအရာများအား ဖော်ပြထားပေသည်။ ရွှေစက်တော်မှ ခြေရာတော်များအကြောင်းတွင် မင်းဘူးသား သစ္စာဗန္ဓမုဆိုးအကြောင်းရေးသားရာတွင် သကြားမင်းကြီးလွတ်လိုက်သော လူ့ပြည်တွင်သီလစောင့်သူပေါများ မပေါများ စုံစမ်းလိုသဖြင့် နတ်သားတပါးအားလွတ်လိုက်ရာ ထိုနတ်သားသည် ကောက်ပဲသီးနှံများ ပေါများသည်ကိုသက်သေပြလိုသဖြင့် စေတမန်နတ်သားသည် မုဆိုးမကြီး၏ လယ်ကွက်ထဲမှ ကောက်နှံတဆုပ်ကိုယူ၍ သက်သေပြမိသဖြင့် ပိုင်ရှင်မပေးဘဲယူခဲ့မိသသော ကောက်နှံအတွက် သေလွန်သော လယ်ရှင်မုဆိုးမကြီးထံ နွားဘ၀ဖြင့်အကြွေးဆပ်ရပုံကိုရေးသားထားပေသည်။
နွားသည် နတ်သားဘ၀မှာလာသည့်အတွက် မုဆိုးမကြီးမှတပါး မည်သူမျှမနိုင် အကုန်ဒင်းလက်ချက်ဖြင့် သေကြလေရာ၊ နောက်ဆုံး ရွာသားနှင့်နွားအားမမျှသဖြင့် နွားသေသည်နှင့် ထိုအနီးအပါး လူသားဖြစ်ရာ နွားသတ်သမားရွာသားများက ထိုအနီးဝယ် သမင်စသည့်သားကောင်ဖြစ်လာကြရာ၊ အသတ်ခံနွား ထိုလူသားက မုဆိုးဘ၀ဖြင့် အသက်မွေးခွင့်ရလာသောအခါ အကြွေးမျိုး အချိန်နှင့်စက်၍ အတေးတိုး တိုးမြဲ အတိုင်း မြင်သမျှ ကြားသမျှ သားကောင် သူ့မြှားချက်ဖြင့် ပင် အသက်ဆုံးရှုးံကြရသည်ဟု လှပစွာ စာစီထားပေးသည်။
အငြိုးတို့သည် သံသရာကြီးတွင် လည်ခြင်တိုင်းလည် အတိုးနှင့် လုပ်ထားသမျှကို ပြန်ဆပ်ကြရာ၊ ဘုံလုံ တလှည့် ငါးပျံတလှည့် စက်ရဟတ်ကြီးတွင် လည်ပတ်နေကြသည့်ကို ဆရာတော်ဘုရားကြီး၏ ဥာဏ်အားဖြင့် ကွန့်မြူးရေးသားထားသည်မှာလည်း ဘ၀သံသရာ၏ တုန်လှုပ်ဖွယ်ရာကောင်းမှုကို ကွက်ကွက်ကွင်းကွင်း ထင်မြင်စေပေသည်။
ထိုဖြစ်အင် သိကြားမင်းမြင်ရာမှ ရသေ့ယောင်ဆောင်ချွတ်ရသည့်အကြောင်းများက လူအများစု အသိပါပေ။ မကြာမတင်ကာလက မြန်မာသတင်းဌာနတခုမှနေ၍ ရွှေစက်တော်ဘုရားနှင့်ပတ်သက်၍ (ဇမ္ဗူမှာဒွေး၊ ယာမှ ဧ)စက်တော်ရာနှင့်ပတ်သက်သည့် ရှင်းလင်းပြချက်များ ရုပ်မြင်သံကြားမှ ဖြေကြားသွားသူများလည်း ဆရာတော်ဘုရားကြီး၏ တင်ပြချက်များကို ဖတ်စေလိုပါသည်။
ရခိုင်ပါဒစေတီတော်နှင့်ပတ်သက်၍ ဦးဇင်းလေး ဦးဥတ္တမသာရ တည်ထောင်ထားသော အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ဆိုင်တွင် ရခိုင်ပါဒစေတီသို့ခက်ခက်ခဲခဲသွားရောက်ဖူးမျှော်သည့် ရဟန်းတော်တရားနှင့်ဒယိကာ ဒါယိကာမတို့ အဖွဲ့မှတ်တမ်းတင်ထားသည်ကို ဖြန့်ချိထားသဖြင့် အခွေတွင်းမှ ထူးဆန်းစွာဖူးမျှော်ခဲ့ရဘူးပါသည်။
ဆရာတော်ဘုရားကြီးသည် ပေါင်လောင်ရှင်မဟာကဿဖတင်သာမက မြန်မာလူမျိုးတို့ နတ်အဖြစ်ကိုးကွယ် နေကြသော အမေရေယာဉ်၏ တပည့်မလေးအကြောင်းကိုပါ မချွင်းမချန် သိသမျှမြင်သမျှတို့ကို ဖော်ပြထား ပေသည်။
ဂူတွင်းသို့ ၀င်ရောက်သည့်အခါမြင်ရသည့်မြင်ကွင်းများကို ဆရာတော်ဘုရားကြီးရေးသားထားသည်ကို ဆက်လက်ဖော်ပြပါဦးမည်။ ဆရာတော်ဘုရားကြီး၏ သီလ သမာဓိ ပညာ သိက္ခာသုံးရပ်တို့မှ ဖြစ်တည်လာသော အရိယာတို့၏ ဂုဏ်အား ကြည်ညိုပူဇော်နိုင်ကြပါစေသတည်း။
ကျန်းမာချမ်းသာပါစေ။


0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts