Saturday, March 9, 2013

အလောင်းတော်ကဿဖဂူတွင်းသို့(အိမ်မက်ဖြင့် ဖွင့်ပြောသောစကားများ)

`Mandalay Gazatte blog မှ အလောင်းတော်ကဿဖပုံတော်အားဖော်ပြထားခြင်းဖြစ်ပါသည်။

ဆရာတော်ဘုရားကြီးရှိစဉ်က ကျောင်းထဲဝင်ပြီး  တံခါးပိတ်တဲ့ အတွက် ၀င်ခွင့်မရခဲ့ဘူး။

  
ဘက်ခွဲ၍ လက်ထဲအပ်လိုက်သာအခါ (အလောင်းတော်ကဿဖဂူတွင်းသို့)
အလောင်းတော်ကဿဖ ဂူတွင် အပြင်အဆင်မြင်ကွင်းများကို အသေးစိတ်ဖော်ပြပါဦးမည်။ ယင်းကိုလည်း တနင်္ဂနွေအ၀င် လက်ဝဲဘက်မှပင် စတင်ဖော်ပြပါမည်။
ဂူထဲဝင်ဝင်ချင်း ၀ဲဘက်လှည့်ကြည့်မိလိုက်ချိန် ဦးဆုံးတွေ့ခွင့်ရမြင်ကွင်းကား အများနှင့်သီးခြား အများထက် ထူးခြားစွာ သီတင်းသုံးနေသည့် အရှင်မြတ်တစ်ပါး၏ပုံ။ ထိုပုံတော်သည်…
ကန့်လန့်ပလ္လင်ပြင်ထက် ခြေတော်နှစ်ဖက်ချထား၏။ တင်ပါးတော်က ကျောက်သားထိုင်ခုံပေါ်၌ တည်နေ၏။ လက်တော်နှစ်ဖက်တို့က ထိုခုံ၏ လက်တန်းများပေါ်ဝယ် တင်ထား၏။ ယနေ့အမြင်ဖြင့် ပြောရပါလျှင် ခံ့ညား သော ကြိမ်ကုလားထိုင်ကြီးပေါ် ထိုင်နေသည့်ပမာ……။
အရှင်မြတ်နှင့် ထိုကျောက်သားထိုင်ခုံတို့၏ နောက်ခံကား ဂူ၏ကျောက်သားနံရံကြီးသာ။ဤအရှင်မြတ်သည် အများတကာထက် ထူးခြားစွာ……
(က)အရပ်တော်မြင့်မား၏။ (အထိုင်အတိုင်းပင် ၃ တောင်ခန့် ထင်ရ၏)
(ခ) ပိန်သည်၊ ၀၏ ပြောစရာမရှိ။ အလုံးနှင့်အရပ်မျှတစွာရှိ၏။
(ဂ) မျက်နှာတော်က ပြား၏။ ကိုယ်လုံးတော်လည်း ပြား၏။
(ဃ) အသားတော်များက ၀ါဝင်းရွှန်းစို၏။
သို့သော် အသက်ဝင်ခြင်း၏ သင်္ကေတဖြစ်သည့် လှုပ်ရှားမှု တစ်စုံတစ်ခု မတွေ့ခဲ့ရပါ။ တစ်ဖန် ထိုအရှင်မြတ်ခြေတော်တင်ထားသည့် ကျောက်ပလ္လင်ထက်တွင်ကား အရှင်မြတ်တွေ တသီတတန်းကြီး ဖူးတွေ့ခွင့်ရခဲ့၏။
မဟာမြိုင်သို့ ၂၀၁၂ မတ်လမှသွားရောက်ပြီး အပြန်ခရီးမှာ အလောင်းတော်ကဿဖ သို့သွားရောက်ဖူးမျှော်ခဲ့စဉ်။ ရေတစက်စက်ကျနေသော ကျောက်ဂူတွင်းမှ ဂူပေါက်။
ဤအရှင်များ ဆယ်ပါးအောက် မလျော့ပါ။ ရပ်၍သာ ကြည့်မိခဲ့။ လက်ချိုးရေတွက်ကာ မကြည့်မိခဲ့၍ အတိအကျ မသိပါ။ ငါတို့အထင် မြောက်မှ တောင်သို့ တသီတတန်းကြီး ထိုင်တော်မူနေကြ၏။ တောင်ဘက်ဂူနံရံ ရောက်မှ ဆုံး၏။ အားလုံး မလှုပ်မယှက်ချည်းသား။
ထိုတည်နေပုံကို ထင်သာမြင်သာအောင် ပြရပါမူ-
(က) အများက အလှူမဏ္ဍပ် သံဃာစင်ပေါ်တွင် အလှူခံရန် ကြွရောက် သီတင်းသုံးနေကြသည့် သံဃာ့ပရိသတ်နှင့်တူ၏။
(ခ) ကျောက်ထိုင်ခုံထက်ရှိ တစ်ပါးက တရားဟောမည့် ဆရာတော်တစ်ပါးနှင့်တူ၏။
တစ်ဖန် တန်းစီပေါင်းရုံး သီတင်းသုံး သံဃာများ၏ အသားအရောင်များကား……
(၁) အချို့ ဟိန္ဒူမျိုး အသားအရောင်ရှိ၏။
(၂) အချို့ ယောသွေး အသားအရောင်ရှိ။
(၃) အချို့မှာကား ဟိန္ဒူ-ယောမှ ကွဲထွက်လာသည့် အသားအရောင်မျိုး များဖြစ်နေကြ၏။
(၄) အရပ်တော်များကား ထိုင်လျက်က အတိုင်းဆို အချို့(၂)တောင်မျှရှိ၏။ အချို့က(၂) တောင်ထက် ကျော်လွန်နေ၏။
ငါတို့ ဥပဇ္ဈာယ်၏စကားအရ ဆိုရပါမူ ပုဂံခေတ်လူသားများက ယခုလက်ရှိ လူသားများထက် ခေါင်းတစ်လုံး ပိုသည်ဆို၏။ သို့ကြောင့်(၂)တောင်၊ (၂)တောင်၏ အထက်ဖြစ်ဟန်တူ၏။
မှတ်ချက်- ပလ္လင်တန်းပေါ်ရှိ ထိုအရှင်မြတ်များ၏ အသားအရောင်များသည်လည်း ရှင်ဆဲ၊ သွေးလည်ပတ်ဆဲများနှင့် မကွာခြားလှပါ။ သို့သော်…….
ထိုအရှင်မြတ်များအားလုံးတို့လည်း-
(က) နိရောဓ သမာပတ်ဝင်စားနေ၏ ပမာ လှုပ်ယှက်ခြင်း၊ အလျဉ်းမရှိပါ။
(ခ) ဖလသမာပတ် ၀င်စားနေကြ၏ပမာ သွေးပြောင်းခြင်း အလျဉ်းမရှိကြပါ။
(ဂ) ဈာန်သမာပတ် ၀င်စားနေကြ၏ပမာ မျက်နှာမှုန်မွဲခြင်း အလျဉ်းမရှိကြပါ။
`ဤကား လက်ဝဲ၀င်ပလ္လင်ထက်၏ အသေးစိတ်မြင်ကွင်းများ။ တစ်ဖန်ထိုမှနေ ရှေ့ဆက်လိုက်သောအခါ ပထမကျောက်ခုတင်တွေ့ရ၏။ ထိုကျောက်ခုတင်ပေါ်ဝယ် ဆွမ်းပွဲများ ပြင်ဆင်ထား၏။ သုံးပွဲတန်း နှစ်ဖက် ပေါင်းခြောက်ပွဲထင်မိ၏။ ယင်းကို တစ်ပွဲလျှင် ငါးပါးနှုန်းဖြင့် ရေတွက်ကြည့်လိုက်ပါ။ တစ်ဖန် ဆွမ်းတစ်ပွဲစီ၏ အနေအထားများက-
(က) အလည်တွင် ဆွမ်းဟင်းပန်းကန် ငါးလုံးခန့် ဟင်းအပြည့်ဖြင့် တင်ထား၏။
(ခ) စားပွဲစွန်းများတွင်ကား သစ်သီး၊ မုန့်စသည် အချိုပွဲများ တင်ထား၏။
(ဂ) စားပွဲဘေးများတွင်ကား-
          ၁၊ ဆွမ်းအုပ်ကြီးများ ချထားသည်ကိုလည်း တွေ့ခဲ့ရ၏။
          ၂၊ ရေတည်ချိုင့်ကြီးများ ချထားသည်ကိုလည်း တွေ့ခဲ့ရ၏။
          ၃၊ လက်ဆေးခွက်၊ လက်သုတ်ပ၀ါများပါ စနစ်တကျ တွေ့ခဲ့ရ၏။
ထိုမြင်ကွင်းကို ခြေလှမ်းနောက်ဆုတ်ဖြင့် အဝေးကနေ လှမ်းကြည့်သော် ခုတင်ကြီးကလည်း တကယ့်သစ်သားဖြစ်ခုတင်ကြီး အတိုင်းမြင်ရ၏။ ဆွမ်းစား စားပွဲများကလည်း တကယ့်သစ်သားလုပ်စားပွဲများ အတိုင်းမြင်ရ၏။
သည့်အတူ ကျန်အားလုံးလည်း ကြွေပန်းကန်၊ ကြွေဆွမ်းအုပ်၊ ကြွေဇွန်းစသည်များအတိုင်း ချည်းမြင်ရ၏။ တစ်ဖန်အနီးသို့ တိုးကပ်သွားပြီး ကြည့်ပါသော်ကား ကျောက်သားချည်းသာ။
ပြင်ဆင်ထားသည့် ဤကျောက်ဖြစ်သစ်သီးများသည် ငါတို့ရွှေဘို ဝေဠုဝန် ပါဠိတက္ကသိုလ်နေစဉ်တုန်းက မြို့ထောင့်စေတီ ရင်ပြင်တော်ရှိ အရှေ့ဘက် အာရုံခံဂန္ဓကုဋီတိုက်ထဲရှိ ပြခန်းများ သွားကြည့်မိခဲ့၏။ ယင်းပြခန်း၌ စကျင်ကျောက်သားဖြင့် ပုံဖော်ထားသည့် သစ်သီးမျိုးစုံပါလေရာ သြဇာသီးထင်ရ၏။ ပမာဆင်၏။ ပါလေရာ သြဇာသီးပုံကြည့်လည်း တကယ့်သြဇာသီး ထင်ရ၏။ ပမာဆင်၏။ ငှက်ပျောသီးပုံကြည့်လည်း တကယ့်ငှက်ပျောသီး ထင်ရ၏။ ပမာဆင်၏။
ဤကား ပထမကျောက်ခုတင်ရှိ အသေးစိတ်မြင်ကွင်းများ……..။ နောက်ဒုတိယမြောက်ကျောက်ခုတင်။
ဤ ဒုတိယမြောက်ကျောက်ခုတင်မှာကား  အလုပ်ဝင်လန်းထင်ရ၏။ သစ်တုံးတစ်တုံးကို ခွဆုံတစ်ခုပေါ်တင်၍ လူနှစ်ယောက်က အထက်အောက်နေ၍ စက်တပ်လွှကို ယင်းလူနှစ်ယောက်က ထက်အောက်မှနေ အရင်းမှ အဖျားမှ တစ်ဖက်စီကိုင်၍ အပြန်ပြန်အလှန်လှန် ဆွဲခွဲနေသည်ကို တွေ့ရ၏။
ယင်းတို့လည်း အဝေးက ကြည့်တော့လူ ၊ အနီးကကြည့်စက်ရုပ်များသာ။
ဆွဲနေသံကား အနီးအဝေး ဘယ်ကနေ နားထောင် နားထောင် တဒိုင်းဒိုင်း မြည်ဟည်းနေ၏။ ရပ်နားခြင်း မရှိ။ ထိုအသံများက ကျောက်တောင်ပေါ်က လမ်းများချဲ့ရာ၌ တွေ့ရတတ်သော ကျောက်တွင်းလွန်စက်နှင့် ပမာဆင်၏။
တစ်ဖန် ထိုနှင့်(၄)တောင်ကွာရှိ ကျောက်ခွက်တွင်ကား ကျားငယ်တစ်ကောင်ရေလယ်၌ ဆင်းရပ်နေသည်ကို တွေ့ရ၏။ ထိုကျားက ကျောက်ရုပ်မဟုတ် တကဲ့သက်ရှိကျား။ ထိုကျား(၃)တောင်ခန့်ထင်ရ၏။ အမြီးပါဆိုက (၅)တောင်ခန့်ရှိ၏။ တစ်ဖန် ကျားနေသည့် ထိုကျောက်ခွက်ဘေးရှိ ရိုးလေးအတိုင်း ရှေ့ဆက် လျှောက်သွားသော် ဘုန်းကြီး၊ ကိုရင် ကျောင်းသား၊ ကပ္ပိယများ လှုပ်ရှားသွားလာ လုပ်ကိုင်နေကြသည့် ဘုန်းကြီးကျောင်းတစ်ကျောင်း။
မှတ်ချက်- ယခင်အိမ်မက်ထဲက လှပျိုဖြူတို့ ရောင်းချနေသည့် ဈေးတန်းနှင့် ယခုအိမ်မက်က သည်ဘုန်းကြီးကျောင်းသည် အတွင်းနှင့် အပြင်ကွာ၏။
အတွင်းစောင့်၊ အပြင်စောင့်၊ အတွင်းစည်းတာဝန်ခံ၊ အပြင်စည်းတာဝန်ခံများ ဖြစ်လေမလားမသိ။ အတွင်းစည်း၊ အပြင်စည်း ဆိုသောစကား ငါတို့ကြားဖူးထား၏။ ဤကား ၀ဲဘက်အားလုံး၏ အသေးစိတ်မြင်ကွင်းများ တစ်ဖန် လက်ယာဘက်မြင်ကွင်းကို ထိုမှနေ ပြန်လျှောက်လာရင်းကအတိုင်း ဖော်ပြရသော် ရိုးမဲ့ ကမ်းနိမ့်မြင်ကွင်းက တစ်လျှောက်လုံး စိုးမိုးထား၏။ ဖုထစ်ချိုင့်ဝှမ်းငယ်လေးများ ပြည့်နှက်နေ၏။ ရိုးပြန်လယ်တော ခယောင်းတော ပမာ ဆင်၏။
လျှောက်၍ ခရီးသုံးချိုး၊ နှစ်ချိုးအရ ဆုံးခါနီးကျလေမှသာ အစောင့်နေဂူများ တွေ့ရ၏။ ထိုဂူများကား သာသနာတော်အတွက် စောင့်နေသူများ၏ နေထိုင်ရာဂူများဟုထင်မိ၏။ ထိုဂူများကား သာသနာတော်အတွက် စောင့်နေသူများ၏ နေထိုင်ရာဂူများဟု ထင်မိ၏။ ယင်းဂူများ၏ ရှေ့မျက်နှာစာများတွင် အချို့ဂူရှေ့၌ နှစ်ပါးတစ်တွဲ၊ သုံးပါးတစ်တွဲ စကားပြောနေကြ၏။ အချို့ဂူရှေ့၌ တစ်ပါးတည်း သင်္ကန်းချုပ်နေသည်ကို တွေ့ရ၏။ အချို့ဂူရှေ့၌ တစ်ပါးတည်း ဝေယျာဝစ္စပြုလုပ်နေသည်ကို တွေ့ရ၏။
ထိုဂူနှင့် ဂူနေများသည် တစ်ဖက်ရှိ ကျောက်ပလ္လင်တန်း ထိုကျောက်ပလ္လင်တန်းပေါ် သီတင်းသုံးနေကြသော အရှင်များနှင့်တစ်ဖက်စီရှိကြ၏။ ကျောက်ပလ္လင်က တောင်မြောက်တန်း၊ ဂူတန်းက အရှေ့အနောက်သည်မျှသာ ကွာ၏။ ဤကား လက်ယာဘက်ကမ်း၏ အသေးစိတ်မြင်ကွင်းများ ငါတို့ဝင်ကြည့်ခွင့်ရ အလောင်းတော်ကဿပ ဂူ၏ မြင်ကွင်းကား သည်မျှသာဖြစ်၏။ သည့်ထက်ပို၍ မကြည့်ဖြစ်ခဲ့။ သို့ကြောင့် (ဂူအမိုး ဘယ်လိုနေသည် မေး…….မသိ)။
ဂူ၏အတွင်းနံရံများကကော ဘယ်လိုလဲ မေး…. မသိ။
ဂူ၏အပြင်အနေအထားကကော ဘယ့်နှယ်လဲမေး…………… မသိ………… မသိ။
အထက်က ဆိုခဲ့ပြီးများကို လှည့်ကြည့်၍ အပြီးတစ်ဖက်ဂူပေါက်မှ နေထွက်လာသောအခါတွင်ကား ဘွားခနဲဆို စက်ထိုးလမ်းမကြီး လှမ်းမြင်လိုက်ရပါသည်။
ထိုလမ်းမကြီးအတိုင်း လိုက်လာခဲ့သောအခါ ငါတို့နေရာ ပဋိပတ်တောစခန်းသို့ ပြန်လည်ရောက်ရှ ပါတော့သည်။ ထိုစဉ်-
ပဋိပတ်ကျောင်းလေးသည် လှမ်းမြင်လိုက်ပြီ။
ငါတို့လည်း ကြည်ကြည်လင်လင် နိုးကြားလာချေပြီ။
မှတ်ချက် - အိမ်မက်က စင်းနေချေရာ ရှင်းနေစရာပင် မလိုတော့ပါ။
တင်ပြသူ၏မှတ်ချက်။    ။ အထက်ပါအကြောင်းအရာများမှာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ အိမ်မက်ဖြင့် ဖွင့်ပြောသောစကားများစာအုပ်မှ ဆရာတော်ဘုရားကြီး၏ ရေးသားထားသည် စာသားမပျက်ဖော်ပြထားခြင်းဖြစ်ပါသည်။ ဤစာစုအားဖတ်၍ အလောင်းတော်ကဿဖ ဂူကြီးတွင်းကို ၀င်ရသကဲ့သို့အလားတဆင့်ကြည်ညိုနိုင်ကြပါစေအလို့ငှာ ပြန်လည်တင်ပြလိုက်ခြင်းဖြစ် ပါသည်။ အထူးသဖြင့် နိုင်ငံခြားတွင် ရောက်ရှိနေကြသော တရားချစ်ခင်ကြသော ဓမ္မပရိသတ်များအတွက် အရိယာကြီးများ၏ သာသနာတော်အတွက်ရပ်တည်ခဲ့ကြပုံ အစစ်အမှန်ကို ဆထက်တိုး ကြည်ညိုသဒ္ဓါပွား၍ သာဓု-သာဓု-သာဓုဟု နှလုံးသားထဲမှ ပဲ့တင်ထပ်ခေါ်နိုင်ကြပါစေသတည်း။
မေတ္တာဖြင့်၊ ဓမ္မသာလာ

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts