Monday, January 7, 2013

ရိပ်သာမှာ ဘယ်လှမ်းတယ် ညာလှမ်းတယ်နဲ့ ဟော မမြင်ကွယ်ရာလည်းေ၇ာက်

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ စာအရေးအသားတွေမှာ ဟာသနှောပြီးရေးသား တတ်သလို၊အမှန်အတိုင်း ကိုလည်း ရေးသားလေ့ရှိပါတယ်။ တခါတရံဆရာတော်ဘုရားစာအုပ်ဖြစ်ဖြစ် တရားဖြစ်ဖြစ်နာရင်း ကြည်ညိုရင်းကနေ ရီဖြစ်တာတွေတော်တော်များပါတယ်။ ဟာသဥာဏ်၊ ဇ၀နဥာဏ်နဲ့ အရေးအသားကလည်း တမျိုးထူးသလို ဥပမာတွေကလည်း ထူးခြားပါတယ်ရှင်။
ဆရာတော်ဘုရားကြီးဟာ ဘုန်းကြီးဘ၀နဲ့မဟာစည်ရိပ်သာမှာ တရားသွားထိုင်တဲ့အကြောင်းကို မှတ်သားမိခဲ့ပါတယ်။ မဟာစည်ရိပ်သာဟာ အလွန်စည်းကမ်းကြီးတဲ့အကြောင်း၊ တရားရခဲ့တာမှာ သူ၏ သဒ္ဓါတရားမှာ တမတ်သားမပြည့်ကြောင်း၊ သို့သော် ဆရာသမားများသွန်သင်ပြသမှုကောင်းခြင်း၊ စည်းကမ်းကောင်းခြင်းကြောင့်သာ တရားကိုသိမြင်ခဲ့ကြောင်းဟောကြားခဲ့ပေသည်။ ဆရာတော်ဘုရားကြီး မဟာစည်ရိပ်သာတွင်တရားထိုင်စဉ်က ၄င်းနေထိုင်သောအခန်းသည် တရားထိုင်သောနေရာနှင့်အနီးငယ်ဝေးကြောင်း၊ စကြံလမ်းလျောက်သွားပြီး ဒေါင့်ချိုးပြီးမှ သာအခန်းကိုရောက်ရှိကြောင်း၊ တရားပြဆရာတော်များကလည်း အလစ်မပေး မျက်ခြေမပြတ်စောင့်ကြည့်နေကြောင်း၊အလစ်ချောင်းနေကြောင်း၊ အလားတူ ဆရာတော်ဘုရားကြီးသည် လည်း ရိပ်သာမှ ကြီးကြပ်ဆရာတော်များရှေ့တွင် ဘယ်လှမ်းတယ် ညာလှမ်းတယ်ဖြင့် အမှတ်ဖြင့်နေသယောင်လုပ်နေသော်လည်း ဆရာတော်များလစ်သည်နှင့် အမှတ်ကြဲကြဲဖြင့် လှမ်းသွားကြကြောင်း။
ဆရာတော်ဘုရားကြီးသည် ယောဂီတို့၏ ဖြစ်တတ်သော သဘာဝကို ဟာသဥာဏ်ဖြင့် ရိပ်သာမှာ သူခိုးတွေချည်းဘဲဟု ဟောပြောခဲ့ပေသည်။
ရှေ့တွင် အမှတ်သတိဖြင့်ဟန်ဆောင်ကြသည်။ နောက်ကွယ်တွင်တော့ ခိုးလုပ်ကြသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ကျမတို့လည်း ရိပ်သာဝင်ရင် ဆရာဘုန်းကြီးများရှေ့တွင် အမှတ်သတိများကြီးကြီးထား လုပ်ဆောင်နေကြသော်လည်း အခန်းရောက်ခါနီး ဆရာဘုန်းကြီးများ မြင်ကွင်းအောက်ကလည်း လွတ်ရော ဟန်ဆောင်သမျှ=ဟန်လုပ်သမျှကို ခ၀ါချပြီး ခိုးခဲ့ကြဘူးကြသည်မဟုတ်ပါလား။
ချမ်းမြေ့ရိပ်သာ(ပြင်ဦးလွင်)သည် ယောဂီအလွန်များသည် သင်္ကြန်ကာလတွင်ပင် အတော်စည်းကမ်းကြီး၊ ကြပ်ကြပ်မတ်မတ်ရှိသည်။ ထိုကြားထဲတွင် အိမ်သာအတက် လက်ဆေးဇလုံနားလေးတွင်တော့ တိုးတိုးတိုးတိုးနဲ့စကားပြောကြသည်လေ။
ရတနာထုပ်ဘေးခဏထား စကားလေးတော့များလိုက်ခြင်သေး။ အောင့်ထားရတာလည်း နာရီကများပြီ မဟုတ်လား။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ သူရဲ့မယ်တော်ဟာ တရားရိပ်သာက ပြန်လာမှ အရင်ကထက် ပိုဆိုးနေကြောင်း သူ့အမတော်က ဆရာတော်ကိုလာတိုင်သတဲ့။ အမေက ရိပ်သာကပြန်လာမှ အရင်ကထက် ပိုဆိုးတယ်။ နွားတွေကော လူတွေကော အလကားနေရင်း ငေါက်ချည်းနေတယ်လို့ တိုင်တယ်။ ဆရာတော်ဘုရားကြီးက ဒါဟာ ရိပ်သာမှာ ထိန်းချုပ်ခဲ့ရတဲ့ ရက်တွေကြာလာလို့ အပြင်လည်း ရောက်ရောထိန်းထားသမျှတွေ လွတ်လိုက်လို့ ပိုဆိုးသွားတာတဲ့။
မှတ်သားစရာလေးပါဘဲနော်။ ကိလေသာတောထဲမှာ နေနေကြလူတွေဟာ ကိလေသာတွေရှင်းဘို့ရိပ်သာ သွားကြတယ်။ /ရိပ်သာမှာ ကိုယ်နှုတ်အမူအယာ အကုန်လုံးကို သတိနဲ့ထိန်းသိမ်းရတဲ့အခါမှာ အများကြီး အပြင်ကလို မနေမထိုင်မပြုမူဘို့ ကြိုးစားကြရတယ်မဟုတ်လား။ ဟော အပြင်လည်းရောက်ရော ထိန်းချုပ်ထားတာလေးတွေလွတ်လိုက်ရော-
ဒါကြောင့် တရားဆိုတာလည်း အလေ့အကျင့်လိုတယ်။ အကျင့်ကိုမွေးမြူယူရတယ်လို့ ဆရာတော်များက ဆိုဆုံးမကြတာဖြစ်ပါလိမ့်မယ်။
နောက်တခါရိပ်သာသွားရင် ကျမလည်းဆရာတော်ကြီးဟောပြောသလို သူခိုးစာရင်းမပါအောင်ရယ်။ ကိလေသာတွေထိန်းချုပ်ထားရရော ဘုရားရှေ့အကောင်း စစ်တိုက်လည်းထွက်ရော တိုက်ပွဲကျပါလေရော ဆိုသလို မဖြစ်အောင်တော့ ကြိုးစားရမှာပေါ့ရှင်။
တခါတရံမှာ အသေးအမွှားလေးပါလို့ထင်ပေမဲ့ အရေးကြီးတာတွေဖြစ်နေတတ်ပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ရှေ့တန်းစစ်ပွဲက ဘုရားခန်းထဲကဘုရားရှေ့မှာမဟုတ်ဖူးဗျ။ ကိလေသာတွေ အာရုံတွေနဲ့တိုက်နေတဲ့ အပြင်လောကလို့မိန့်ခဲ့ဘူးပါတယ်။ ရှေ့တန်းစစ်ပွဲမှာ နိုင်အောင်တိုက်နိုင်မှ နိုင်တာဗျလို့ ဟောကြားတော်မူပါတယ်ရှင်။
ကျမကတော့ ရုံးရောက်ရင် တိုက်လိုက်တဲ့ကိလေသာတွေ ၊ ထိုးစစ်တွေက အင်အားကြီးရင် နောက်ပြန်ဆုတ်သွားရတယ်။ ရှေ့တန်းမှာ ကျရှုံးတာပေါ့လေ။ ဒီနေ့တော့ နိုင်တယ်။ ဒီနေ့တော့ သတိလွတ်တော့ ကိုယ့်ကို ပြသနာအမြဲရှာနေတဲ့၊ အတင်းတွေလျောက်ပြောပြီးဖွနေတဲ့ အထက်လူကြီးရဲ့စစ်မြေပြင်မှာ ကျမဟာ ကျရှုံးသူဖြစ်ခဲ့ရပြန်ပါတယ်။
ကျမကလည်း ပြောလိုက်ပါတယ်။ လောကဓံဆိုတာ ပါရမီရှင်တို့ရဲ့ အထက်တက်ဖို့လှေကားထစ်ပါဘဲလို့။ တကဲ့ပါရမီပါတဲ့သူတွေဟာ လောကဓံကိုကောင်းကောင်းခံပြီး သံဝေဂဥာဏ်ယှဉ်ပြီးအထက်တက်ခဲ့တာများ ပါတယ်ရှင်။
မေတ္တာဖြင့်
ဓမ္မသာလာ

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts