ဠ
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည်
ငယ်စဉ်(၁၈)နှစ်သား ကိုရင်ဘ၀တွင် ဒေါ်စိန်စိန်ဆိုသူ မဟာစည်ရိပ်သာတွင် တရားသွားထိုင်ပြီးနောက်
မိမိသည်သောတပန်ဖြစ်ပြီး ပုထုဇဉ်လင်သားနှင့် မိမိသည် မထိုက်တန်ဆိုကာ မပေါင်းသင်းတော့ချေ။
ထိုနောက် ခင်ပွန်းဦးဘသော်သည် ဒေါ်စိန်စိန်၏ စိတ္တဇနာဖြင့် သေရသည်။ ဦးဘသော်သေသော် လမ်း(၅၀)တိုက်ကို
ခင်ပွန်းသည် ဖက်မှဆွေမျိုးများက အပိုင်စီးသွားကြ သည်။ ခင်ပွန်းသည်သေဆုံးခြင်း၊ မသေဆုံးမှီအချိန်လေးတွင်
ဒေါ်စိန်စိန်အားတသွားခြင်း၊ တိုက်အပိုင်စီးခံရခြင်း တို့ကြောင့် ဒေါ်စိန်စိန်သည် နောက်ဆုံးတရားရင်ဆိုင်ရပြီး
နောင်သော် စိတ်မမှန်ဖြစ်သွားသည်ဟုဆိုပါသည်။
ဆရာတော်ဘုရားကြီးသည်
မိမိမြင်ကွင်းကလည်း မြင်တွေ့ရပြန်သဖြင့် မဟာစည်ဆရာတော်ဘုရားကြီး အပေါ်တွင် နှစ်ဆတိုးလျက်က
ဝေဖန်တိုက်ခိုက်မှုကား အကြိမ်ကြိမ်တည်း။ မဟာစည်က သောတပန်ဖြစ်ပြီ၊ ဘာဖြစ်ပြီ၊ ညာဖြစ်ပြီနဲ့လူဆွယ်၊
လူဆွဲ၊ လူလုပွဲ ကျင်းပနေတယ်။ မဟာစည်က သူများတွေအထင်ကြီးအောင် ထွင်လုံးလုံး စည်းရုံးနေတယ်။
ငါတို့၏သက်တမ်းတစ်လျှောက်
(ရဟန်းဝါ-၅ ၀ါ)၊ အသက်(၂၅)နှစ်အထိ တရားအားထုတ်မည်ဆိုသော လူ-ရှင်-ရဟန်းတို့နှင့် ဆုံမိလေတိုင်း
ဝေဖန်ပုတ်ခတ်မိခဲ့ပါသည်။ ဒုတိယမြောက် ၀ဇီနှုတ်မြွက်များစွာသော စွပ်စွဲ ချက်တည်း။ တကယ်လျှင်
မဟာစည်သို့ကိုယ်တွေ့ကြုံဆုံလာသောအခါတွင် မူကား ထင်သလို မဟုတ်ပြီ။ ဦးစွာ ဥာဏ်စဉ်တရားနာယူရန်
ပလ္လင်ခံစကားမြတ်ကြားစဉ်ကပင်လျှင် ကိုယ့်ဥာဏ်အဆင့် ကိုယ်တိုင်ပင်ချင့်၍ အသင့်ဆုံးဖြတ်ရန်
သတိပေးတော်မူ၏။
ငါသည် အောက်ပိုင်းမျှ
ကိုယ်တွေ့နှင့် ကိုက်ညီနေလျှင် အောက်ဥာဏ်မျှလောက်ကိုသာ ရောက်ရှိသေးဟူ၍ ဆုံးဖြတ်ပါလေ။
ငါသည် အလယ်ပိုင်းမျှအထိ ကိုယ်တွေ့ဖြင့် ကိုက်ညှိ၍ ရလျှင် ငါကား အလယ်ပိုင်းမျှသာ ရောက်ချေသေးဟူ၍
ဆုံးဖြတ်ပါလေ။
ငါသည် အထက်ပိုင်းအထိ
ဥာဏ်အမြင်မိနေပြီဖြစ်လျှင် အော်-ငါသည်ကား အထက်ပိုင်းရောက် ခရီးလောက် မြောက်ပါပြီတကား
ဟူ၍ ဆုံးဖြတ်ပါလေ။ ဤမျှသာ ညွှန်းဆိုပါ၏။
ဥာဏ်စဉ်တရားဆိုသည်မှာလည်း ဘုရားရှင် သက်တော်ထင်ရှားတုန်းက ညီတော်
အာနန္ဒာသည် အခြားတို့ကမေးလျှောက်ခိုင်းသည့်အတိုင်း-
မည်သည့် ဥပါသိကာမကြီးကား
သေလွန်သွားပါပြီ။ ၄င်းကား မည်သည့်အဆင့်ဖြင့် မည့်သည့်ဘုံရောက်ရှိနေပါ သလဲဘုရား ဟူ၍လည်းကောင်း။
မည့်သည့်ရဟန်းကား
လူ့ဘုံ လူသားဘ၀စွန့်ခွာသွားခဲ့ပါပြီ၊ ၄င်းရဟန်းလည်း မည်သည့်အဆင့်ထိမြင့်၍ မည့်သည့်ဘုံခိုလှုံပါသလဲဘုရား
ဟူ၍လည်းကောင်း။
မည်သည့်ရဟန်းကြီးကား
ကမ္မဇရုပ်ချုပ်ငြိမ်း တစ်ဇာတ်သိမ်းးသွားရပါပြီ။ ၄င်းသည်လည်း မည့်သည့်အဆင့်ဖြင့် တင့်၍
မည်သည့်ဘုံဖျားခံစားခွင့်ရစေပါသလဲဘုရား ဟူ၍ လည်းကောင်း။
ဤသို့လျှင်
ညီတော်အာနန္ဒာက မေးလျှောက်ရာ-
ချစ်သား အာနန္ဒာ
သူတစ်ပါးအမေးခိုင်းတိုင်း သင်မေး၊ မေးပေးနေရလျှင်လည်း သင့်မှာ အချိန်ခရီး အချည်းနှီးကုန်ခမ်းရာ၏။
သင်မေးတိုင်း
မေးတိုင်းလျှင် ငါဘုရားဖြေကြားပေးနေရလျှင်လည်း ငါ့မှာလည်း အချိန်ခရီး အချည်းနှီးကြီးသာ
ကုန်ခမ်းရာ၏။ ထို့ကြောင့်ပင်လျှင် ဤမမှားနိုင်သော ဓမ္မာဒါသသုတ်ကို နာယူပေလော့ ဆိုကာ
ဟောကြားတော် မူခဲ့လေသည်။
ဤ ဓမ္မဒါသ
ဆိုသည်မှာ ကြေးမုံမှန်ပြင်နှင့်တူသောတရားကို ဆိုလို၏။
အကြင်တစ်စုံ
တစ်ယောက်သောသူသည် မိမိ၏မျက်နှာတွင် အပစ်အနာအဆာရှိ-မရှိကို သိလို၏။ ထိုသူသည် မိမိ၏ အနီးရှိ
ကြေးမုံမှန်ပြင်ကို ဆွဲယူကြည့်ခဲ့သော် ထိုကိစ္စ အတိအကျသိရ၏။
အကြင်ကမ္မဌာန်းတရားပွားများနေသူသည်လည်း
မိမိ၏ဥာဏ်အဆင့် သိလိုလတ်သော် ဤသုတ်တော်လာ တရားစကား နာကြားရုံမျှဖြင့် သိနိုင်ရာ၏။
ဤသို့လျင် မဟာစည်ဆရာတော်ဘုရားကြီးသည် ဥာဏ်စဉ်တရား၏ အထ္ထုပ္ပတ်ကို ဦးစွာဟောကြားတော်မူပါ၏။ ပြီးမှသာ ထိုဓမ္မဒါသသုတ်တော်လာအတိုင်း ဖွင့်ပြဟောပြောခဲ့ပါ၏။ ပရိယတ် ပဋိပတ် နှံ့စပ်ကန်ုစင် သိမြင်တော်မူပါသော သူတော်ကောင်းကြီးများ၏ အမူအကျင့်နှင့် လုပ်ထုံးလုပ်များကား ပညာရှိတို့ ကြားမ၀င်သာအောင်ပင် စေ့စပ်လှပါသည်။ ထိုအကြားမှ ဝေဖန်စကားပြောကြားနေခြင်းများသည် ကား တရားလမ်းမကြောင်းနှင့် မသက်ဆိုင်ရာပြီ။
= ကိုယ်မကြိုက်တိုင်း မကောင်းမပြောလေနှင့်
= ကိုယ် ဥာဏ်မမှီတိုင်းလည်း မမှန်ဟူ၍ မဝေဖန်လေလင့်
ကြိုက်-မကြိုက်ကား ရာဂ၊ ဒေါသတရားနှစ်ပါးတို့၏ ကျက်စားခြင်းသာဖြစ်ပြီး ကောင်း-မကောင်းသည်ကား သဘာဝတရားတို့၏ ကျက်စားရာ နယ်မြေသာဖြစ်ချေသဖြင့် ပြဒါးတစ်လမ်း သံတစ်လမ်းသာတည်း။
ဥာဏ်မမှီခြင်းသည်ကာ အ၀ိဇ္ဇာတစ်လုံး၏ ကျက်စားရာသာဖြစ်၏။ မှန်-မမှန်တို့ကား သဘာဝခုံရုံးတင်၍ စစ်ဆေးမှ သာ သိနိုင်သောအရာဖြစ်သည်။ ပြဒါးတလမ်း သံတစ်လမ်းသာတည်း။
ဤ အတွေးဥာဏ်များသည်
ဟိုယခင်က ငါစွပ်စွဲမိသော မဟာစည်နှင့် ယနေ့ ငါကိုယ်တွေ့ မဟာစည်တို့ကို စပ်ယှဉ်သုံးသပ်ရာမှ
ပေါ်ထွက်လာသော ကြံသိမှုပင်ဖြစ်ချေ၏။ သို့မဟုတ် အနီးကြည့်နှင့် အဝေးကြည့်တို့၏ အမြင်ကွဲပြားမှုမှ
ပေါ်ထွက်လာသော အဖြေမှန်ပင်ဖြစ်ပါချေ၏။
ဆက်ရန်……
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး