Friday, January 25, 2013

အားကျစရာ အတုယူစရာများနှင့် မဟာစည်ရိပ်သာ



မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည်  ၁၃၄၁ ခုနှစ် ၀ါဆိုလအတွင်းတွင် ရန်ကုန်မြို့ မဟာစည်ရိပ်သာတွင် တရားထိုင်တော်မူပါသည်။ ဆရာတော်ကြီးသည် မိမိတရားထိုင်စဉ်က အတွေ့အကြုံများကို ဘ၀ကန္တာရ သင်္ကေတ ကထာတွင်ရေးသား တော်မူပါသည်။ ဆရာတော်ဘုရားကြီး မှတ်သားဘွယ်ရာထဲမှ ကျမနှစ်သက်သော စာပိုဒ်များကိုပြန်လည် တင်ပြလိုက်ရပါသည်။ ကျမသည် ဂိုဏ်းဂနများကို မကြိုက်ပေ။ ကျမကိုယ်တိုင် မဟာစည်၊ မိုးကုတ်၊ လယ်တီ စသည်တို့တွင် ရိပ်သာခွဲတချို့တွင် တရားထိုင်ခဲ့ဘူးပါသည်။ ထိုအခါ အစွဲတော်တော်များများ၊ ပါးစပ်တရား တော်တော်များများကိုလည်း ကြားရကြုံခဲ့ရပါသည်။ အတွေ့အကြုံအရလည်း ၀ဇီပိတ်သော ရိပ်သာများကို ကျမနှစ်သက်မိပါသည်။ မဟုတ်ပါက တရားဝါရင့်နေသောယောဂီများမှ အပ လစ်သည်နှင့်တပြိုင်နက် စကားများ ပြောကြတော့သည်။ အင်မတန်စည်းကမ်းကြီးပါသော ပြင်ဦးလွင် ချမ်းမြေ့ရိပ်သာတွင် စည်းကမ်း ကြပ်လွန်း၍ စကားမပြောရသော် အဆောင်ရောက်သော် ပြောကြဆိုကြကုန်၏။ တဦးနှင့်တဦးမိတ်ဆက်ကြကုန် ၏။ မိမိပြောဆိုခြင်းကား တခန်းထဲနေရသော ယောဂီအား အနှောက်အယှက်ဖြစ်သည်ကို မစဉ်းစားပါ။ ကုသိုလ် ဖြစ်လာထိုင်သူများနှင့် တရားလိုလား၍လာထိုင်သူများသည် ကွာခြားကြ၏။ တရားသည် အမှတ်စိပ် အတွေးမပါမှ ဖြစ်ရာ တရားရရန်ခက်ခဲပါသည်။ စကားအန်လေလေ တရားနှင့်ဝေးလေလေဖြစ်ပါသည်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးသည် စည်းကမ်းကြီးလှသော မဟာစည်ရိပ်သာအကြောင်းကို အသေးစိပ်ရေးဖွဲ့ ထားတော်မူပါသည်။မဟာစည်ရိပ်သာသည် အားကျစရာ အတုယူစရာ စည်းကမ်းများပေတည်း။
တရားသည် သူ့ခန္တာ ကိုယ့်ခန္တာအတွင်းရှိ သဘာဝဖြစ်စဉ်များကို ဥာဏ်မျက်စိနှစ်လုံး အတွင်ဘက်လှည့်ပေး လျက်က ရှုစေခြင်း၊ ကြည့်စေခြင်း၊ သိစေခြင်းချည်းဖြစ်သဖြင့် သူ့ရိပ်သာ-ငါ့ရိပ်သာ၊ သူ့နည်း ကိုယ့်နည်း မည်သည့်နည်းမဟူ အတူတူသာ။
မည်သည့်နည်းဖြစ်ဖြစ် ဘုရားဟောမှ မလွတ် သူ့နည်း-ကိုယ့်နည်းဟူ၍မရှိ။ ဘုရားဟောကို လွန်ဆန်လျက်က ပြကွက်အသစ်တမျိုးတိုးရန်လည်းမရှိ။ နှုတ်ပယ်စရာလည်းမရှိ။ ဖြည့်စွက်စရာလည်းမရှိ။ အရှိ-အရှိတိုင်း ကြည့်နည်းမှ တစ်ပါး အခြားလမ်း ခွဲ မရှိပြီ မဟုတ်လား။
= မိမိစရိုက်နှင့် နည်းအမြိုက် ကိုက်တည့်သွားလျှင် ပေါ်မှာချည်းတည်း။
= ဝေနေယျ ပဌာန်းဆက်နှင့် ဆရာ့ဘက် ဘက်မိသွားလျှင် တွေ့မှာချည်းတည်း။
= စရိုက်နှင့် အံကိုက်လိုက်ဖက်အောင် ပြသတတ်လျှင် မြင်မှာချည်းတည်း။
သို့ကြောင့် မည်သည့်နည်းမဟူ အတူတူနည်းသာ တထစ်ချမှတ်ယူရာ၏။ စည်းကမ်းပိုင်းတွင်ကား မဟာစည်ကို လွန်၍ မည်သည့်ဌာမမျှ မညွှန်နိုင်ရာပြီ။
ဤသို့လျင် တထစ်ချ ငါတို့ဆိုရဲ၏။ မဟာစည် အတွင်းရော- အပြင်ပါသိပ်သည်းသေချာလှ၏။ ပေါ့ကွက် ဟာကွက်တွေ့သော် နာယကဆရာတော်များကိုပင် မသက်ညှာချေ။ တိုင်းပြည်၏တင်းကျပ်လှပါသည်ဆိုသော စစ်စည်းကမ်းကား မဟာစည် အိပ်နေသလောက်သာလျှင် ရှိချေတော့၏။ စင်စစ် မဟာစည်၏ တိုးတက်နှုန်းသည် ထိုစည်းကမ်းကြောင့်ဆိုက မမှားနိုင်ရာပြီ။
မဟာစည်ဆရာတော်ဘုရားကြီးသည် သြ၀ါဒမြွက်ကြားရာတွင်လည်း-
တရားစစ်ဆေးပေးကြရတဲ့ အချို့နာယက ဆရာတော်များဟာ-ပစ္စည်းရှိသူကျတော့ တစ်မျိုး စစ်တယ်လို့ ဘုရားတပည့်တော်များသိရပါတယ်။ သည်အမူအကျင့်မျိုးဟာ-
=မိမိအတွက်လည်း အကျိုးမများပါဘူး။
=သူတပါးအတွက်လည်း အကျိုးမများပါဘူး။
= သာသနာအတွက်လည်းပဲ အကျိုးမများပါဘူး။
သို့ကြောင့် ရပ်တန်းက ရပ်ကြဘို့ ဘုရာားတပည့်တော် သတိပေးပါတယ်။ ဘုရားတပည့်တော်များ တာဝန်ရှိလာလို့ သတိပေးခြင်းဖြစ်ပါတယ် ဟူ၍ထည့်သွင်းဟောကြားသွားသည်ဟုရေးသားထားပါတယ်။
နိဂ္ဂဟ-နှိပ်ကွပ်ထိုက်သူကို ပရိတ်သတ်ရှေ့ဝယ် နှိပ်ကွပ်ပေးခြင်းတည်း။ လူလည်ခေါင်ပရိတ်သတ်အကြား ထိရောက်စွာ ကိုယ့်ကိုလည်း မငဲ့။ သူ့ကိုလည်း မငဲ့တည့်တည့်ကြီး သတိပေးရဲပေသည်တကား-ဟု ဆရာတော်ဘုရားကြီးမှ ရေးသားထားပေသည်။
စံနမူနာယူထိုက်သော စာစုများပေတည်း။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts