မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည်
ပြည်လုံးချမ်းသာဖောင်တော်ဦးဘုရားအား ပထမဦးဆုံးသာသနာပြု ဘုရားဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးသည်
ဘုရားတည်ပြီးသော (ဤဘုရား၌ဤသို့သော ပြန်လည်ပြုပြင်ရခြင်းသည် ဤတစ်ကြိမ်သည် နောက်ဆုံးအကြိမ်သာဖြစ်ရပါလိုသောဟူ၏။
အဘယ်ကြောင့်ဆိုသော်-
ယခင့် ယခင်အစွဲများကြောင့်
ယခုကိုယ့်လက်ငုတ်ကိုယ်ဖော်ထုတ်ရခြင်းပင်ဖြစ်ချေ၏။
ယခုတခါ အစွဲတဖန် ပြန်လည်၍
နာဦးမည်ဆိုလျှင်ကား သံသရာတစ်လျောက်လုံး ဆုံးအံ့မထင်မိ၍။
တဖန်ဘုရားတည်လျှင်
သိဒ္ဓိ မဟိဒ္ဓိရစေသည်ဟု ပြောစမှတ်ပြုကြ၏။ ငါကားမယုံကြည်လေ။ အကယ်တိတိ ဘုရားတည်တိုင်းသ္ဓာိရမည်ဆိုလျင် ဘုရားကိုကိုယ်တိုင်တည်နေကြသော
ပန်းရံများကား ထိုသိဒ္ဓိ မဟိဒ္ဓိများ ထားစရာနေရာပင်ရှိအံ့မထင်ပြီ။
စင်စစ်ဘုရားတည်ရခြင်းသည်
ရာဇ၀င်ဘုရားမှန်သရွေ့ မိမိ၏ရှေးဘ၀က ပါဝင်ခဲ့ဖူးသောကြောင့်လည်းကောင်း၊ သစ္စာဆိုခဲ့ဖူးသောကြောင့်လည်းကောင်း
အစွဲကြီးလွန်းလှသဖြင့် အစွဲပေါ်ရာ အထဲပါဖြစ်ခဲ့ရသောကြောင့်
လည်းကောင်း တစ်ကျော့ပြန်၍ ရာဇ၀င်ကြွေးချေရခြင်းမျိုးသာဖြစ်ချေ၏။ မိမိ၏ သမထအာဏာတည်ရှိတုန်း ဆွေမျိုးတို့ကို စည်းရုံးခြင်းသာ ဖြစ်ချေ၏။
-အုတ်ဘုရားသည် အရုပ်ဘုရားသာဖြစ်သဖြင့်
အဟုတ်ဘုရားသို့ ကိစ္စမဆုံးစေတတ်။
- အပြင်ဘုရားသည် အပြောဘုရားသာဖြစ်သဖြင့်
မနောကြားရှိ သဘောဘုရားသို့အရာမတွင်တတ်။
အရေးကြီးသည်မှာ
မိမိ၏မနောဓါတ်အတွင်းဝယ် နာမ်ဘုရားကိန်းဘို့သာ မိမိအတွက် အရေးပါဆုံး ဖြစ်ချေ၏။ ဘုရားရှင်၏
သစ္စာလေးတန်ကို အမှန်ထိုးထွင်းသိနိုင်စွမ်းရှိသော ဥာဏ်တော်နှင့် မိမိ၏အသိစိတ်ဓါတ်နှင့်
တထပ်တည်းတသားတည်းကျရန်သာ အဓိကရှိချေ၏။
ထိုပြင်ပဘုရား၊
ရုပ်ပြဘုရားတို့ကား အထက်ကဆိုခဲ့ပြီးသောအချက်(၃)ချက်ကြောင့်အများအတွက် အများဘက်လှည့်တည်ရသော
ကိစ္စသာဖြစ်၏။ မိမိ ကိစ္စပြီးစီးရန်နှင့်ကားလုံးဝမသက်ဆိုင်ပြီ။ သိဒ္ဓိ မဟိဒ္ဓိ အုတ်ပုံကြား၌မရှိ
မိမိ မနောကြားမှာသာရှိ၏။
တစ်ဖန် မျက်မှောက်ခေတ်သီလသိက္ခာ
ကြီးမားကြပါကုန်သော ရဟန်းသူတော်ကောင်း၊ လူသူတော်ကောင်း ကြီးများ၏ဘုရားတည်နည်းမှာ-
(က) အချို့ကား
မိမိ၏သီလသိက္ခာစွမ်းအကဲစမ်းလိုသဖြင့် ဘုရားတည်ခြင်းကိစ္စကိုပြုကျင့်ကြ၏။
(ခ) တချို့ကမိမိ၏သီလအရိပ်
အာလုံးခိုဝင်အိပ်သာစေရန် ဘုရားတည်ခြင်းကိစ္စကိုပြုကျင့်ကြ၏။
(ဂ) အချို့ကား
အတွင်းနေဘို့က အားကိုးတကြီးတောင်းခံလာသဖြင့် ဘုရားတည်ခြင်းကိစ္စ ပြုကျင့် ကြ၏။
တောင်ပုလုဆရာတော်ဘုရားကြီး၏
ကြီးမားသော မြမဉ္ဇူစေတီတော်ကြီး (မိတ္ထီလာနယ် ၄င်း၏မွေးရပ်မြေ ဇာတိ၊ တဲစုရွာမှာရှိသည်)
တည်ထားစေခြင်းကား ၄င်းသီလစွမ်းပကားတော်များကို စမ်းသပ်တော်မူခြင်းမျှ သာတည်း။ နတ်လူတို့၏အပံ့အကူကို
လက္ခံတော်မူခြင်းမျှသာတည်း။
မနောပိုင်မှ သဘောပိုင်မည်။ ဓါတ်ပိုင်မှလည်း
နတ်နိုင်မည်။ ဆိုသော
သမထအရာနဲ့သုံးသောစကားတွင် ကျယ်စုများဖြစ်ချေတော့သည်။
ဆိုလိုသည်မှာ-
သမာဓိခေါ် မိမိစိတ်
မိမိပိုင်မှသာ သဘောခေါ် သဘာဝဓမ္မဓါတ်များကို နိုင်နင်း၏။ ထို သဘာဝဓမ္မဓါတ်များကို
နိုင်နင်းမှသာ နတ်တို့၏ ပူဇော်ခွင့်ကို ခံယူရချေ၏။ သီလစင်ကြယ်ခြင်းသည် စိတ်စင်ကြယ်ခြင်းနှင့်ဆက်စပ်နေ၏။
စိတ်စင်ကြယ်ခြင်းကား သမာဓိတရားနှင့်ဆက်စပ်နေ၏။ ခဏိက သမာဓိမှ ဥပစာရသမာဓိသို့လည်းကောင်း၊
ဥပစာရသမာဓိမှ အပ္ပနာသမာဓိ (မလှုပ်မယှက်သော စိတ်)သို့တဆင့်မှ တဆင့် မကူးတက်နိုင်လေသူ၏
သမာဓိသည် စိတ်စင်ကြယ်မှုကို တာဝန်မခံနိုင်။
ထိုအပ္ပနာသို့နားသက်လေသူ၏
သီလသည်သာ စိတ်စင်ကြယ်သောအတိုင်း စင်ကြယ်မှုကိုဖြစ်စေရကား နတ်တို့ထက် မြတ်သောနတ်အရာသို့တည်စေသတည်း။
ထိုနတ်အရာသို့တည်လေပြီးသော သီလပိုငရှင်သည်သာ လူလိုမှ နတ်လို၊ နတ်လိုမှ ဂြိုလ်မ၊ ဂြိုလ်မမှ
လိုသမျှတ၊ တသလို အောင်နိုင်သော သိဒ္ဓိရှင် မဟိဒ္ဓိရှင် အစစ်တည်း။
တောင်ပုလုဆရာတော်ဘုရားကြီးကား
ထိုဂုဏ်သတ္တိများကို ပိုင်ဆိုင်ပြီး ဖြစ်ရကာား ထိုသီလအား အသုံးချသောအားဖြင့် ဘုရားတည်ခြင်းဖြစ်၏။
ဝေဘူဆရာတော်ဘုရားကြီး၏ဇာတိမြေ
အင်ကြင်းပင်ဝယ် ကြီးမားသော တိလောကသဗ္ဗညုတစေတီတော်ကြီး တည်ဖတ်ခြင်းကာ အများခိုလှုံရန်မျှသာတည်း။
တဖန်ကျောက်ဆင်တောင်တန်း၌ တည်ထားတော်မူသော စေတီအများအပြားတို့မှာမူကား ထိုတောင်ကြောရှိ
အတွင်းနေသိုက်သူ-သိုက်သားများ တောင်းပန်စကား မျှကြောင့်တည်း။
ဤသို့ရေးပြခြင်းမှာ
ဘုရားတည်ခြင်းကိစ္စ ငါတို့ဥာဏ်မှီသလောက်ဖြင့် အများကိုသုတရရန်သာရည်။ ငါတို့တည်ရခြင်းကား
ကြွေးချေသက်သက်မျှသာတည်း။
………
ဘုရားတည်းခြင်းကိစ္စများ
ကျိုးကြောင်းဆက်စပ်မှုများကို သိနိုင်စွမ်းသော ဆရာတော်ဘုရား ကြီး၏ ပွင့်လင်းစွာရေးသားမှုများကို
ဗဟုသုတအဖြစ် သိရှိနားလည်းနိုင်ကြရန်အလို့ငှာမဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး၏ ဘ၀ကန္တာရ
သင်္ကေတ ကထာမှ ကောက်နှုတ်ဖော်ပြပေးထားခြင်းဖြစ်ပါသည်။ ကျမကိုယ်တိုင်လည်း အုတ်ပုံဘုရားကိုသိပ်သဘောမကျပါ။
သီလသည်အရေးကြီးသည်ဟု ခံယူထားပါ သည်။ နှလုံးသားတည်းတွင်တည်းသော မနောဘုရားကိုသာတန်ဘိုးထားပါသည်။
အဘယ်ကြောင့်ဆိုသော် ဘုရားတည်သော ကျောင်းဆောက်သောငွေများ မသန့်သောကိစ္စများ ကိုယ်တိုင်ကြားသိနေရသည့်အတွက်
ပိုမိုသော စိတ်ပျက်စေမှုမျိုးခံစားခဲ့ရဘူးပါသည်။
အခါတပါး၌
အရာရှိတစ်ဦးသည် ရိပ်သာတွင်သွားပြီးတရားထိုင်၏။ ကျောင်းထိုင်ဆရာတော်၏ တူသည် ထိုအရာရှိကြီးအား
အထင်ကြီးသဖြင့် တစ်ပါးနေတိုက်ကျောင်းဆောက်ရန် အလှူခံတော့သည်။ ငြင်း၍ မဖြစ်ရကား (အရာရှိကြီး
လစာမှထိုခေတ်ကဘာမျှမရပါချေ)၊ ထိုအခါခွဲတမ်းချ၍ လှူဒါန်းရပါတော့သည်။ ခွဲတမ်းအလှူတော့ဖြစ်သွားပါသည်။
ကျောင်းကား မူလမှန်းထားသော ငွေနှင့်မလောက်သောကြောင့် နောက်ထပ်တစ်ကြိမ်ခွဲတမ်းချရပါတော့သည်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး