သံယောဇဉ်သို့မဟုတ်
သမုဒယအနွယ်တော်များ ပူလောင်ခြင်း၊ ပြင်းပြခြင်း၊ ချစ်ခြင်း၊ ပူဆွေးခြင်း၊ ကြေကွဲခြင်း၊
ပျော်ရွှင်ခြင်း၊ ချမ်းမြေ့သာယာခြင်းစသည် စသည်များ။
ကျမတို့၏အနီးအနားပတ်ဝန်းကျင်တွင် အမြဲတမ်းထိ တွေ့နေရသော သံယောဇဉ်များကြောင့် ဖြစ်ပေါ်လာသောစိတ်ခံစားချက်များ
များပြားလွန်းလှပါသည်။ မကြိုက် မကြိုက်သလို၊ ကြိုက်ကြိုက်သလို အစွဲများကြောင့်ဖြစ်ပေါ်လာသော
ဒေါသ လောဘ မောဟများ ကြမ်းကြမ်း တမ်းတမ်းဝင်ရောက်လာသလို နုနုညံ့ညံ့တမျိုး ဆိုင်းမဆင့်ဗုံမပါ
တမြေ့မြေ့ကတမျိုး အမျိုးပေါင်းကိုစုံတော့ သည်။ စိတ်ခံစားမှုပြင်းထန်သည့် စရိုက်ရှိသော
ကျမအတွက်ကတော့ အာရုံတို့မှတိုက်ခိုက်လာသော အရာတို့သည် သိသာထင်ရှားလွန်းသည်။ မဟုတ်မခံစိတ်ကြောင့်လည်း
ပိုဆိုးသည်။
သမာသမတ်ကျစွာနေထိုင်ကြီးပြင်းလာသော
သူသည် တဖက်စောင်းနင်းကိုမကြိုက်။ အဖိုးအဖွားတို့သည် သည်အရာက မလုပ်သင့်၊ သည်အရာကလုပ်သင့်သည်စသည်ဖြင့်
သင်ကြားသလို၊ တဖက်မှလည်း အလိုလိုက် ထားကြသည်။ အလိုလိုက်သူတို့သည် သူတပါးထက်အနည်းငယ်တော့
ဆိုးသည့်ဖက်မှာသာကြသည်။
မိသားစုကြီးကြီးတခုတွင်
သားသမီးများ၊ မိသားစုဝင်များကြောင့်ဖြစ်ကြရသော ဒုက္ခက ဘယ်လောက် ကြီးမားလိုက်မလဲဟု တခါတရံတယောက်တည်းနေသည့်နှစ်ကာလများသည့်
ကျမတွေးမိတတ်ပါသည်။ ဒုက္ခသည် စိတ်ခံစားချက် ဖြစ်တိုင်းဖြစ်တိုင်းရှိသည်။ မီးဖိုချောင်ထဲဝင်လျင်
ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်ကြည့်၏။ မိမိရရှိထားသော အချိန်နှင့် ရုံးချိန်နှင့်အမှီချက်ရပြုတ်ရသော
စိတ်ကိုပင်ပြန်ကြည့်ကြည့်ပါဦး။ ဟိုဟာလည်း လုပ်ရမယ် ဒါလည်း လုပ်ရမယ်။ ဒီရေနွေးအိုးကို
ဓါတ်ဗူးထဲရောက်အောင်ထည့်ရမယ်။ ဒီရေတွေလည်းသုတ်ရမယ်။ ကော်ဖီသောက်ဖို့လည်းလုပ်ရမယ်။ ဟိုဟင်းသီးဟင်းရွက်တွေကိုလည်း
ချွေရဦးမယ်။ မြန်မြန်လုပ်မှ ရုံးမမှီဘဲ နေမယ်။ ဒီထက်နောက်ကျရုံးရောက်လို့က ရုံးချိန်ကို
မသိမသာခိုးလိုက်တဲ့ အချိန်သူခိုးမက ဖြစ်ဦးမယ်။ အချိန် ခိုးတော့ သီလကျိုးမှာပေါ့။ ဒီအတွေးလေးကလည်း
ဝင်သေး။
ဟော ဘုရားဆွမ်းတော်ကလည်းကပ်ရဦးမယ်။
မြန်မြန်ထည့်မှဘဲ။ ကွန်ပြူတာလည်း သိမ်းရမယ်။ ထမင်းဟင်းတွေ ပရွက်ဆိတ်တွေမတက်အောင်လည်း
ရေခံရမယ်။ လုပ်လိုက်ရတာ ဒရစပ်၊ ပရွက်ဆိတ်တွေကို ဆေးတွေနဲ့ချထားတော့ သူတို့သေတယ်။ ဆီအိုးကို
ထားခဲ့ပြန်ရင်လည်း အလုံးလိုက်အခဲလိုက်သေတယ်။ ဒီတော့ဘယ်လိုလုပ်ရပါ့။ ကြောင်အိမ်ဆိုတာ
အခုခေတ်ရေခဲသေတ္တာဟာ ကြောင်အိမ်ဖြစ်နေလေတော့ ကြောင်အိမ်ထဲကထည့်မဖြစ်။ ကမ္ဘာကြီးမှာဘာလို့ဒီပရွက်ဆိတ်တွေရှိနေကြတာလဲ။
သူတို့မရှိလျင် သူတို့လည်း သေဘို့မရှိလာနိုင်။ ရေအေးလေးတွေနည်းနည်းခွက်ထဲကျန်ကြည့်
အတုံးအရုန်းသေကြပြန် ပါသည်။ သူတို့အတွက် ဘယ်လိုလုပ်လုပ်မရ။ သဗ္ဗေသတ္တာ ကမ္မသကာ ဘဲထားလိုက်ယုံပေါ့။
စိတ်ကရုံးသို့ရောက်သွားပြန်၏။
ဘယ်သူနဲ့တွေ့ရမယ်။ ဘယ်ကိစ္စကိုဘာလုပ်မယ်။ ခေါင်းထဲတွင် အစီအရီ။ ဟိုဟာတော့ မေ့လို့မဖြစ်ဘူး။
မနေ့ကတင်တဲ့ ဆရာတော်ဦးဗောဓိကဗျာလေးကို ဦးဇင်းကို တင်ထားတယ် လို့ ဖုန်းဆက်ရဦးမယ်။
ရွှေစေတီဆရာတော်ကို ထမနဲကပ်ဖို့ ပျဉ်းမနားလူကြုံရှာရမယ်။ အော် ရေခဲသေတ္တာထဲ ထည့်ထားတော့ ထမနဲအပေါ်မျက်နှာကျောတွေတင်းကုန်ရောပေါ့။
ထုတ်ကြည့်ရပြန်တယ်။
ဟော ဆီက ပုလင်းထဲလက်ကျန်နည်းနေသည်။
ဆီဝယ်ရမည်။ ကော်ဖီထုတ်ကလည်းကုန်သလောက် ဖြစ်နေသည်။ ရေသန့်ဗူးကလည်းမှာရမယ်။ စိုက်ပျိုးရေးတက္ကသိုလ်
အာစရိယ ပူဇော်ပွဲကိုလာကြမည့် သူငယ်ချင်းတွေအတွက် သန့်ရှင်းရေးထပ်လုပ်ရမယ်။ ဖျာတွေရေနဲ့ဆေးရမယ်။
စသည်ဖြင့် အစီအစဉ် တွေစိတ်ထဲကချနေသည်။ စိတ်ထဲတွင် တောထဲရွံ့လမ်းတွေဗွက်ပေါက်တာကမှ နည်းနည်းသာဦးမယ်
ထင်သည်။ ကျမစိတ်ဗွက်ပေါက်နေသည်က ထိုထက် ထို့ထက် အဆပေါင်းများစွာဆိုးသည်။
တီဗွီက ကြည့်ကြည့်မကြည့်ကြည့်
အသံထွက်နေရင်ပြီးရောဆိုကာ ဖွင့်ထားသည်။ နားကလည်း ကိုယ်ကြိုက်သည့် ဇတ်ကားလာတတ်တဲ့အချိန်ဆိုလျင်
အလိုလိုစွန့်ပြီးသားဖြစ်သွားသည်။ လုပ်လက်စ ခဏထား ငါညက ဒီအပိုင်းလေး လွတ်သွားသည်ကို
အပြေးလေး အခန်းထဲ ၀င်ကြည့်ဖြစ်အောင်ကြည့်လိုက် သေးတယ်။ ကဲပြီးသလောက်တော့ဖြစ်ပြီ။ ရုံးသွားဘို့
လိုအပ်တာတွေ မမေ့အောင် အစီအစဉ်နဲ့ ထည့်ရသည်။ မနက်(၉)နာရီ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
ဆွမ်းခံကြွသည့်အချိန်မတိုင်မှီ ကျမအိမ်က ဘုရားစင်မှ ဆွမ်းကပ်လေ့ရှိသည်။ အာရုံဆွမ်းဆိုတာ
ကျောင်းသို့သွားညအိပ်သော အခါများမှတပါးဘယ်တော့မှ မကပ်ဖြစ်ခဲ့။ ကျမက ညဆိုညနက်သည်။ မနက်ကားမထနိုင်။
ကျမသမီး(၃)ကောင်မှာ ခေါင်းဆောင်အမေက ကျမအနားတွင် ဦးဆောင်ပြီး ထမင်းတောင်းသည်။ ကုတင်ခေါင်းရင်းတွင်
သမီး(၂)ကောင်က တက်လို့။ မထ မချင်းသူက အိအိ အိအိနှင့် အသံပေးနေတော့သည်။ ထမင်းကျွေးရသည်။
သူတို့အကြိုက်ငါးများနည်းလို့က၊ ရုံးသွားခါနီး ထပ်ထည့်ပေးဦးလို့မပြောယုံတမယ်။ နေ့ခင်းမပြန်တတ်သောကြောင့်
သူတို့အတွက် ထမင်းသည် ညနေ ၅ နာရီလောက်အထိလုံလောက်သော ထမင်းပမာဏရှိမရှိကို တိရစ္ဆာန်ဆိုသော်လည်း
သိသည်။ နည်းနေ လျင် ရုံးသွားခါနီး ခြေဖမိုးကိုကိုက်ပြီးတောင်းတော့သည်။ သူ့ကိုကြည့်ပြီး
ကြောက်မိသည်။
ရုံးရောက်လာတော့
ရုံးအလုပ်၊ ညနေပြန်လာတော့ ထမင်းစား၊ ဟိုဟာလုပ်ဒါလုပ်နှင့် တနေ့တာ ကုန်ပြန်ပါသည်။ ညကိုတရားထိုင်လျင်ထိုင်
မထိုင်လျင် ပုတီးစိပ် အချိန်တွေက ပိုးစားလောက်ကိုက် ကုန်တော့သည်။ ညတွင် ဆရာတော်ဘုရားကြီးရေးသားသော
စာအုပ်များကို မနည်းဖတ်ရသည်။
တနေ့တာသည်
ကုန်ပြန်လေပြီ။ နောက်တနေ့တနေ့နှင့် အသက်(၇၀)အထိနေရမည်ဆိုလျင် ကျန်သော ရက်က (၇၀၀၀)ကျော်ကျော်။
တနေ့ထက် တနေ့နီးလာသော သေခြင်းတရားကိုမေ့နေသည်လား။ တခါတည်း အလုပ်နှစ်ခုပြီးအောင်လုပ်လို့ရတဲ့နည်း်ကို
ဝေဘူဆရာတော်ဘုရားကြီးက မိန့်သွားတာ ဖတ်ရမှတ်ရသည်မှာ အခါခါ၊ ထိုသြ၀ါဒကိုပင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက
ထပ်ဆင့်မိန့်ပြန်လေသည်။ တခါတည်း အလုပ်နှစ်ခုပြီးအောင်လုပ်နည်း။ ကြပ်ရမည်ကားသတိ။ မှတ်ရမည်ကလည်းသတိ။
သိရမည်ကလည်း သတိ။ သို့သော်လည်း တနေသာကုန်သွားသည် သတိချပ်ပြီးနှစ်လုပ်ပြီးသောအချိန်ကား
တစ်နာရီပင်မပြည့်။ သည် အတိုင်း သည်အတိုင်းဆိုလျင် အရင်းရှုံးနှင့်ရင်ဆိုင်ရတော့မည်။
မသိသည်ကားမဟုတ် ကြိုးစားပြီး ၀ီရိယကို မဲမတင်းလိုခြင်းသာဖြစ်လိမ့်မည်။
ဘ၀ကား ချစားလောက်ကိုက်။ အမှတ်ကားမရှိ။ ဘ၀ပေါင်းများစွာနေခဲ့သေခဲ့သော်လည်း
သိုးများ လည်စင်းသည့် ဥပမာထက်မပို။ မလားခြင်သည်က အပါယ်။ နေ့စဉ်ဘုရားရှစ်ခိုးတိုင်းတောင်းလိုက်ရသည့်ဆု။
ကိုယ့်ကိုကိုယ်တော့ ခြောက်ပစ်ကင်းလိုသည်။ သို့သော် အထက်လမ်းကိုတက်ဖို့ကား မကြိုးစား။
အောက် လမ်းသို့သာတည်း။ ကုသိုလ်ဖြစ်ယုံလောက်နှင့်ကျေနပ်မိသည်ကသာ များပါသည်။ ဒါကုသိုလ်ရတယ်။
ဒါကတော့ ပါရမီဖြစ်တယ်နဲ့။ ကုသိုလ်လောက်နှင့်ကျေနပ်နေသော ဘ၀သည် စိတ်ချရပါ့မလား။
ဆရာတော်ကြီးသည်
တရားတပုဒ်တွင်ဟောကြားတော်မူသည်။ သထုံတွင် သီတင်းသုံးစဉ်က ဆေးရုံတက်ခဲ့ရ သည်။ ဆေးရုံအနားက
ဘုန်းကြီးကျောင်းတစ်ကျောင်းမှ မယ်သီလရင်ဆရာလေးသည် ဆေးရုံတက်သမျှ သံဃာများ၊ မယ်သီလရင်များကို
လာရောက်စောင့်ရှောက်ပေးတတ်သည်ဟုဆိုပါသည်။ ထိုမယ်သီလရင်သည် ရိပ်သာတွင်လည်း ယောဂီများကို
တရားပြသနိုင်သောဆရာတဦးလည်းဖြစ်ပေသည်။ တနေ့တွင် ထိုရိပ်သာသို့ မိန်းခလေးတဦးသည် မိဘများနှင့်စိတ်ကောက်ပြီး
တရားလာထိုင်နေသည်။ နာယကဆရာတော်သည် ထို မိန်းခလေး၏ မိဘများနှင့်ရင်းနှီးသလို၊ ထိုမိသားစုသည်
ကျောင်းသို့လာလှူနေသောဒကာများလည်း ဖြစ်ကြသည်။ ရိပ်သာဆရာတော်မျ မယ်သီလရင်အား မိဘများထံသို့စေလွတ်ပြီး
ကျောင်းတွင်တရားထိုင်နေ ကြောင်းသွားပြောစေလေသည်။ ဆရာလေးလည်း ဆိုက်ကားကိုစီးပြီး မြို့ထဲရှိ
မိန်းခလေး၏မိဘအိမ်သို့ သွားလေသည်။ ကံကြမ္မာအလှည့်အပြောင်းကား ကြောက်မက်ဖွယ်။ ဆရာလေးစီးလာသော
ဆိုက်ကားသည် ထိုမိန်းခလေး၏မိဘအိမ်ရှေ့သို့ရောက်သောအခါ အိမ်ထဲမှထွက်လာသော ကုန်တင်ကားနှင့်တိုက်မိရာ
ဆရာလေးသည် မျက်နှာများစုပ်ပြတ်သွားပြီး (မျက်နှာပျောက်သွားသည်ဟုဆိုပါသည်) ပွဲချင်းပြီးကွယ်လွန်သွား
လေသည်။ ဆရာလေးကွယ်လွန်ပြီး လအနည်းငယ်ကြာသောအခါ ဆရာလေးသည် သူ၏ဆရာတော်အား အိမ်မက်ပေးပါတော့သည်။
အိမ်မက်ထဲတွင် ဆရာလေးသည် သေခါနီးတွင် ကျောင်းမှဆရာလေး သီတင်းသုံးသော ကုတင်၏ဖျာအောက်ရှိပိုက်ဆံကို
စိတ်ညွတ်သွားသည်ဟုဆိုပါသည်။
ထိုစိတ်ကြောင့်ဆရာလေးသည်
တရားပြဆရာမအဖြစ်လုပ်ခဲ့သော်လည်း သုဂတိဘုံသို့မရောက်ဖဲ အခြားသော ဘုံတခုတွင် ကောင်းကောင်းနေရပါသည်။
စားရပါသည်ဟု ရိပ်သာမှ ဆရာတော်ဘုရားအား အိမ်မက် ပေးသည်ဟု ဟောကြားပါသည်။ စုတိစိတ်သည်အလွန်တရာမှ
အရေးကြီးသည်ကိုလည်း ထိုအဖြစ်မှန်က သက်သေပြနေပါသည်။ စုတိစိတ်အား တရားကိုအလေ့အကျင့်များမှသာလျင်
ပိုင်နိုင်ပြီး သတိကပ်နိုင်မည်ဖြစ်ပါ သည်။ တရားဆိုသည်ကား သတိမြဲနိုင်မှသာ ယခုတော့
ကျမနေ့စဉ်လုပ်နေသမျှသည် သတိမပါ အပြန်ခရီး လက်ဗလာနှင့်ပြန်ရမည့်အခြေအနေမျိုး။ ဆရာတော်ကြီးပြောသလို
နင်တို့အောက်သွားခြင်သလား။ အောက်လည်းမသွားခြင် အထက်တက်ဖို့လည်း အားမထုတ်။ ဘ၀ကား ကမ်းမမြင်
လမ်းမမြင်ပါလားဟု။
မေတ္တာဖြင့်
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး