Sunday, December 2, 2012

ပိုစတာပြုလုပ်ရာတွင် အသုံးပြုခဲ့မိသော အင်တာနက်မှဓါတ်ပုံများအတွက် အထူးကျေးဇူးတင်ရှိခြင်း



မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ဓမ္မစာစုများ၊ မိန့်ကြားထားသည့် သြ၀ါဒများအပေါ် မိမိ၏ စိတ်ကူးစိတ်သန်းဖြင့် ဆက်စပ်သည့် ဓါတ်ပုံများကို ထည့်သွင်းပြီး Adobe photoshop CS4 ဖြင့် Poster ပြုလုပ်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ရာတွင် ကျမသည် အင်တာနက်ပေါ်မှ ရရှိသောပုံများကိုလည်း ထည့်သွင်းအသုံးပြုထားခဲ့ပါသည်။ ကျမသည် မြန်မာပြည်၊ နေပြည်တော်၊ ရေဆင်းမှ အင်တာနက်သုံးရာတွင် ဆိုင်ဘာကဖေးတွင် တနာရီလျင် ၄၀၀ိ/-ကျပ်နှုန်းဖြင့် အသုံးပြုရရာ ရနိုင်သမျှ စုဆောင်းနိုင်သမျှ တင်လိုသမျှကို အတတ်နိုင်ဆုံး အချိန်ကိုချွေတာပြီး အပ်လုပ် ဒေါင်းလုပ် အသုံးပြုရပါသဖြင့် ကျမယူသုံးထားသော ဓါတ်ပုံများ၏ ဆိုက်များ၊ ရိုက်ကူးသူများ၊ အင်တာနက်တွင် ပို့စ်လုပ်ထားသူများ၏ ဆိုက်များကို မမှတ်ထားမိခဲ့ဘဲရှိပါသည်။ သည့်အတွက် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ပုံများကို ရိုက်ကူးသူ၏ခွင့်ပြုချက်မယူမိဘဲ သုံးထားမိသည့်အတွက် တောင်းပန်ပါကြောင်းနှင့် တဖက်မှလည်း ယူသုံးလိုက်ရသဖြင့် ပိုစတာမှာ ပိုမို လှပဝေဆာသွားသလို အဓိပ္ပါယ်လည်းပိုမိုလေးနက်သွားစေရန် ဓါတ်ပုံများမှတဖက်မှ ပံ့ပိုးပေးသကဲ့သို့ရှိရာ ကျမအနေဖြင့်ဓါတ်ပုံပိုင်ရှင်များအား အထူးကျေးဇူးတင်ရှိပါကြောင်း လေးနက်စွာပြောကြားလိုပါသည်ရှင်။
ပိုစတာများအား ဆရာတော်ဘုရားကြီးအား ကြည်ညိုသော ဝေနေယျများ၊ ဒါယိကာ ဒါယိကာမများ၊ သာဝကများသည် မိမိတို့နှစ်သက်သလို ဓမ္မဒါနလက်ကမ်းအဖြစ်လည်းကောင်း၊ ဗင်နိုင်းဖြင့်ထုတ်ပြီး လည်းကောင်း နှစ်သက်သလို အသုံးပြုစေနိုင်ရန် ရည်ရွယ်ပြီး ဓမ္မဒါနတင်ပေးထားခြင်းဖြစ်ပါသည်။
ယနေ့တွင် ကျမပြုလုပ်ထားသော ပိုစတာအတွက် ဗင်နိုင်းချပ်( ၃ ပေအကျယ် ၄ပေအရှည် ၂ ချပ်)မှာ ကျမလက်ဝယ် ရောက်ရှိလာပြီဖြစ်ပါသည်။ အင်တာနက်ပေါ်တွင် တင်ထားသော မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး၏ သြ၀ါဒ ဓမ္မစာစုများပိုစတာမှာ ဆရာတော်ဘုရားကြီးသီတင်းသုံးသွားသော ပျဉ်းမနား လက်လုပ်တောင် နန်းသွင်းစေတီတော်ကျောင်းတွင် ချိတ်ဆွဲထားနိုင်ရန် လှူဒါန်းမည်ဖြစ်ပါသည်။
ဆရာတော်ဘုရားကြီသည် လွန်ခဲ့သော(၁၀)နှစ်ခန့်ကတည်းက လက်လုပ်တောင်သည် တနေ့တွင် ကားလမ်းဘေးဖြစ်ပြီး အလွန်စည်ကားလိမ့်မည်ဟု ကြိုတင်မိန့်ကြားထားသည့်အတိုင်း လက်လုပ်တောင်သည်  နေပြည်တော် ရာဇဌာနီလမ်း ဥပ္ပတသန္တိစေတီနှင့်မနီးမဝေးတွင်တည်ရှိနေပါသည်။
မိမိ လှူဒါန်းခဲ့သော ကောင်းမှုကုသိုလ် အဖို့တို့ကို (၃၁)ဘုံကျင်လည်ကြကုန်သော အားလုံးသော လူသတ္တ၀ါများနှင့်ဆရာတော်ဘုရားကြီး၏ မေတ္တာရိပ်အား အားကိုးတကြီးခိုလှုံနေကြသော မမြင်ရသောလောကသားများသည်လည်း သာဓု-သာဓု-သာဓု ခေါ်နိုင်ကြပါစေသတည်း။
မေတ္တာဖြင့်
ဓမ္မသာလာ

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts