Saturday, November 3, 2012

ကျမသိသော အကြားအမြင်လောက ပုံစံပေါင်းစုံ



ကျမမှာနှစ်အတော်ကြာခင်မင်ခဲ့တဲ့ အကြားအမြင်ဆရာမတစ်ဦးရှိပါတယ်။ သူကတော့ ရွှေပေါ်ကျွန်း ဆရာတော်ဘုရားရဲ့ လက်ရင်းတပည့်ဖြစ်ပြီး၊ ကျမက သူထံကို တူမတွေ တူတွေကိစ္စနဲ့စပြီးရောက်ခဲ့ရာမှ ကျမရဲ့ အဆက်ကြောင့် ဒေါ်ရင်မေနဲ့တစတစခင်မင်သွားကြတဲ့သူဖြစ်ပါတယ်။ သူ့ကိုတွေ့ဘို့ဆိုတာ ကလည်း မလွယ်ကူ ပါဘူး။ ဘုရားတွေလျှောက်တည်နေရတယ်။ အထက်ကညွှန်ကြားချက်ရရင်လည်း ရသလို လိုက်လုပ်ပေးရတဲ့ အတွက် အိမ်ဆိုတာ ကပ်ရတယ်ဆိုယုံဘဲဆိုတဲ့ သူဖြစ်ပါတယ်။ ပျဉ်းမနားက ကျမသူငယ်ချင်းတွေနဲ့သူနဲ့က အတန်းတူတော့ ခန့်မှန်းရရင် ကျမအသက်နဲ့မတိမ်းမယိမ်းပေါ့ရှင်။ သူမက တရုပ်လူမျိုးပါ။ သူမဟာအရင်က သိုက်ဆက်ဖြစ်ပြီး သိုက်ကမကြာခဏလာ လာနေလို့နောက်ဆုံးအမျိုးသမီးတဦး က ရွှေပေါ်ကျွန်းဆရာတော်ဆီ ခေါ်သွားပေးရာမှ ထူးခြားတဲ့ပါရမီရှင်တစ်ဦးဖြစ်လာတာပါဘဲ။ ဒီလိုပါရမီရှင်တွေကကျမ အများကြီး ကြုံဘူးပါတယ်။ တချို့က ငွေနောက်တဖြေးဖြေးလိုက်လာရော အဲသူကြားတာမြင်တာလည်း နှုတ်ယူသွား ပါတယ်။ တချို့ကစရဏနဲ့တက်တဲ့သူတွေကတော့ ခိုင်မြဲပါတယ်။ အဓိက သီးခံခြင်း မေတ္တာတရား ကိုရှေ့ထား ပြီး လူတွေကိုကူညီကယ်တင်ကြတယ်ဆိုပါတယ်။ တချို့ကျပြန်တော့လည်း ခေါင်ဒကာကြီးမထွက်ခင်က ဘေးနားမှာလုပ်ပေးကိုင်ပေးတဲ့သူတွေကို ချီးမြှင့်တာလို့လည်း ကျမတို့အနားက လူသိများတဲ့ ဒေါ်သန်းရွှေဆို တဲ့အမျိုးသမီးက ပြောပြဘူးပါတယ်။ သူက ထွေးကန်သွန်ပေးခဲ့တာလို့ပြောပြပါတယ်။ မှန်ခြင်တဲ့အခါမှန်တယ် ပါဝါကျရင်မမှန်တော့ဘူး။ ညဆိုရင် သူပုတီးစိပ်ဖို့အိပ်ရာက မထရင် တဦးဦးကလာနိုးတယ်လို့ပြောပါတယ်။ ရိုက်သလိုမျိုးခံစားရပြီး မထခြင်လည်းထ ပုတီးစိပ်ရတယ်လို့ပြောပြပါတယ်။ သူ့ဆီကို အရာရှိရဲ့ဇနီးတွေ၊ ကျောင်းသူကျောင်းသားတွေ၊ နိုင်ငံခြားသွားမဲ့သူတွေ သွားလေ့ရှိပါတယ်။ သူကတနှစ်ရတဲ့ငွေထဲက ငှက်ပျောပွဲထိုးတာတို့ လှူတာတို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အိမ်ကိုတော့ သူမပြင်နိုင်ခဲ့ပါဘူး။ သူ့အိမ်ဟာ ထရံကာတဲစုပ်လေးပါ။ အခုထိဒီအတိုင်းပါဘဲ။ ဒါပေမဲ့ သူတို့အနား မိုးကုတ်ရိပ်သာ တရားစခန်းမှာနှစ်စဉ် သူလှူတဲ့ငွေပမာဏက မသေးလှပါဘူးရှင်။
ကျမတွေ့ဘူးတဲ့ ဆရာကြီးတစ်ဦးက သူက အနှိပ်ဆရာကြီးဖြစ်ပါတယ်။ သူကတော့ အခုသက်ရှိ ထင်ရှား မရှိတော့ ပါဘူး။ ဖိုလည်းထိုးခဲ့သူပါ။ ကျမဒီအကြောင်းကိုရေးပြီးသားဖြစ်ပါတယ်။ သူက အသားကိုကိုင်လိုက်ရင် အတွင်းရေးတွေသိပါတယ်။ သို့ပေမဲ့ဟောပြောခြင်းမရှိပါဘူး။
နောက်ထပ်အကြားအမြင်တစ်ဦးကတော့ သူကလည်း သက်ရှိထင်ရှားမရှိတော့ပါဘူး။ လယ်ဝေးက နတ်ကတော်ဖြစ်ပါတယ်။ အင်မတန်မှမှန်ကန်အောင်ဟောနိုင်တဲ့သူပါ။ ကြွေပစ်ဟောတာမျိုးပေမဲ့ သူ့ကို အဓိကပံ့ပိုးကူညီနေတာကတော့ ကျမတို့(၃၇)မင်းတွေထဲက ပန်းပဲ ဦးတင့်တယ် (အိမ်တွင်း)ဘဲဖြစ်ပါတယ်။ နတ်ကတော်တွေကနေ အကြားအမြင်ဟောနိုင်တဲ့သူတွေတော်တော်များသလို တော်တော်လည်း မှန်ကြပါတယ်။ အထူးသဖြင့် ဟုတ်ဟုတ်မဟုတ်ဟုတ် သူတို့က ဘိုးတော် အောင်မင်းခေါင်ကြီးနာမည်ကို ယူသုံးကြတာတော့အမှန်ပါ။ တကယ်တော့ ဒီပုဂိုလ်အစစ်အမှန်ကတော့ သူနဲ့ဆက်နွယ်ပြီး အခုမဟုတ်တောင် တနေ့မှာ အလုပ်လုပ်ရမဲ့သူတွေကလွဲရင် တော်ယုံတန်ယုံမကြွပါဘူး။ တပည့်တွေနဲ့ပြီးတဲ့အခါပြီးသွားတာပါ။
သို့ပေမဲ့တော်တော်များများက ဘိုးတော်အောင်မင်းခေါင်ဆိုပြီးဟောပြောနေကြတော့ အထင်မှား အမြင်မှားစရာ တွေ ဖြစ်ကုန်ကြပါတယ်။ ကျမကို ဒီလောကထဲကို စပ်စုကျအောင်လုပ်ပေးလိုက်တာကတော့ ခလေးဘ၀ထဲက အတူတူကျောင်းတက်ခဲ့တဲ့ သူငယ်ချင်းဆရာဝန်မတဦးပါ။ သူကမန္တလေးဆေးကျောင်းတက်တော့ သူ့အိမ်က စီးပွားရေးကိစ္စတွေကို မေးခိုင်းပါတယ်။ အဲဒီလိုနဲ့ သူနဲ့ကြုံရင်ကြုံသလိုလိုက်ရင်းနဲ့ စိတ်ဝင်စားသွားတာ ဖြစ်ပါတယ်။ နောက်ကျမမှာက အဆက်ကပါလေတော့ သူများနဲ့မတူတဲ့အတွေ့အကြုံလေးတွေရှိသလို တချို့က ကျမတနေ့မှာ လုပ်ရမဲ့ သာသနာလုပ်ငန်းကိုကြိုမြင်တော့ ဆက်ဆံတာမှာ သာမန်လာမေးတဲ့သူလိုမျိုး ဆက်ဆံတာမဟုတ်ဖဲ အနည်းငယ်ဦးစားပေးဆက်ဆံခံရပါတယ်။
နောက်ကျမက ဒါတွေကိုသွားမေးတာ စိတ်ဝင်စားတာကော စပ်စုတာကော (၂)မျိုးစလုံးပါပါတယ်။ ဒီကြားထဲမှာ ခေါင်းစွဲဆိုတာလည်းရှိပါသေးတယ်။ တချို့ကလည်း မိမိဆွေမျိုးတွေထဲကသေဆုံးသွားပြီး ရုက္ခစိုးဖြစ်နေလို့ ပြောပြပေးနေလို့ရတဲ့ အကြားအမြင်မျိုးလည်းရှိပါတယ်။ အဲဒီလိုဘဲ မိမိရဲ့ကိုယ်စောင့်နတ်ကို ခေါ်မေးလို့ ကိုယ်စောင့်နတ်က ၀င်ပြောပေးနေတဲ့အတွက် ကိုယ်ဘာဖြစ်ခဲ့တယ်ဆိုတာကို မှန်အောင်ဟောပြောနိုင်လို့ အံ့သြဘွယ်ဖြစ်တာမျိုးတွေလည်းရှိပါတယ်။
နောက်တစ်မျိုးကတော့ ၀ိဇ္ဇာပုဂိုံလ်များနဲ့ ဘ၀အဆက်ဆက်က ပတ်သက်ခဲ့တာမျိုး ဆရာတပည့်ဘဲဖြစ်ဖြစ်၊ အဲဒီလိုလူမျိုးတွေကလည်း အကြားအမြင်ရပါတယ်။ တခါက ဆရာတော်ဦးဇောတိကနဲ့(၁၀)တန်းမှာ မော်လမြိုင်မြို့ အ.ထ.က(၄)မှာအတူတူနေခဲ့ကြဘူးတယ်ဆိုတဲ့ နတ်မျက်စေ့ ဦးအောင်စိုး(၁၀ မိုင်ကုန်း၊ ရန်ကုန်)နဲ့စကားပြောဖြစ်တုံးက ဆရာကတော့ သူက စီးပွားရေးလုပ်တာဒုက္ခရောက်လို့ ဘုရားမှာသွားပြီး ပဌာန်းတွေကို စိပ်ပြီး ပူဇော်ရာကနေပြီး နတ်မျက်စေ့ကဲ့သို့ မြင်နိုင်စွမ်းတာမျိုးကိုရတာဖြစ်ပါတယ်။ ဆရာ့အကြောင်းကို လွန်ခဲ့သော(၁၀)နှစ်ကျော်က နက္ခတ္တ မဂဇင်းမှာဖော်ပြခဲ့တာဖတ်ဖူးခဲ့ပါတယ်။ ဆရာပြောပြချက်အရ ဆရာဟာ ဆာဒူးဘ၀လည်းဖြစ်ခဲ့ဘူးတယ်လို့ဆိုပါတယ်။ သူအခုဇနီးဟာလည်း သူနဲ့ ဘ၀တခုမှာ မောင်နှမတော်ဘူးတယ်။ ဦးဇောတိကက မူဆလင်မှ ဗုဒ္ဓဘာသာဖြစ်လာပြီး ၀ိပသနာတရားအား ထုတ်ပေပြီး နာမည်ကြီးသလို၊ သူကတော့ ဟိန္ဒူ ဗုဒ္ဓဘာသာဖြစ်ပြီး သမထဘက်မှာဘဲပေါက်မြောက်တယ်လို့ ပြောခဲ့ဘူးပါတယ်။
နေရာတိုင်းမှာလိုလို ဒီလိုအကြားအမြင်သမားတွေဟာ ပုံစံပေါင်းစုံနဲ့ရပ်တည်နေကြပါတယ်။ အထူးသဖြင့် ကျမတို့မြန်မာတွေလိပ်ပြာလှတယ်ဆိုတဲ့ နတ်ကတော်တွေ (အခြောက်နတ်ကတော်တွေမပါဘူးနော်)က အထက်ပုဂိုလ်များက ၀င်ပြောပေးတဲ့ အကြားအမြင်ကို သူတို့စရဏထိမ်းရင်ထိမ်းသလိုရကြပါတယ်။ နတ်ဝင်ပြောပေးလို့ဟောနေတဲ့နတ်ကတော်ရှိသလို - အထက်ပုဂိုလ်များက သူတို့စရဏသီလအလိုက် ချီးမြှင့်ပေးတာလည်းရှိပါတယ်။ တချို့ဆိုလည်း သမထပိုင်းမှာပေါက်မြောက်တဲ့ဆရာတော်ကြီးတွေနဲ့ဆက်နွယ် နေတာရှိပါတယ်။
ဘယ်အကြားအမြင်ဘဲဖြစ်ဖြစ် သူတို့ရဲ့ပါဝါဟာ သူတို့ရဲ့စရဏအား ပဌာန်းဆက် အပေါ်တည်ပြီးဖြစ်တာ ဖြစ်ပါတယ်။ မေတ္တာတရားလက်ကိုင်ထားပြီး ရောင့်ရဲနိုင်မှသာ အကြားအမြင်ဟာ ကြာကြာခံတာဖြစ်ပါတယ်။ လောဘတက်လာပြီဆိုရင် တဖြေးဖြေးနဲ့မမှန်တော့ပါဘူး။ တခါတလေ ဖြုတ်ပစ်တာတွေတောင်ရှိပါတယ်။ စရဏအားလျော့တာနဲ့ လိုက်နှောက်ယှက်ဖို့ချောင်းနေတဲ့ လမိုင်းတွေရဲ့အတိုက်အခိုက်ကလည်းရှိပါတယ်။
တချို့ကတော့ သိုက်ဆက်တွေပါ။ သိုက်ဆက်တွေကိုလည်း သိုက်ဆက်အချင်းချင်းချီးမြှင့်တာဖြစ်ပါတယ်။ သိုက်ဆက်နဲ့ဟောပြောတဲ့သူတွေရဲ့ဘ၀ကတော့ မသက်သာပါဘူး။ ၀င်ပူးတဲ့ဒဏ်ကို သူတို့ကခံရပါတယ်။ မ၀င်ပူးဘို့လည်းတောင်းပန်ရတာ အကြိမ်ကြိမ်လို့ကျမကိုပြောပြဘူးပါတယ်။ ဘာလို့လည်းဆိုတော့ ၀င်ပူးတဲ့ ဒဏ်ကိုခံရတာဟာ မသက်သာဘူးလို့ပြောပြပါတယ်။ ကျမရဲ့ဇာတိမြို့မှာ ကျမဟာ ခရိယာန် ကချင်မကနေ သိုက်ကနေလာလာနေလို့ နောက်ဆုံး မိဘတွေနဲ့ဆန့်ကျင်ပြီး ဗုဒ`္ဓဘာသာပြောင်းပြီး ပွဲတွေနဲ့အကြားအမြင် ဟောနေတာကိုတွေ့ရပါတယ်။ သူတို့အလေးအနက်ထားတာကတော့ အောင်းကုန်းဆိုတဲ့ (ရေကြောင်းနဲ့သွားရင်) ကျောက်မြောင်းကျော်ကျော် ကသာမရောက်ခင်ကြားမှာရှိတဲ့ရွာက သင်္ကန်းဝတ်နဲ့ကိုရင်ငယ်လေးကိုပါ။ အဲဒီကိုရင်လေးကလည်း ဘုရားတွေတည်နေတယ်လို့ပြောပြပါတယ်။ ဒါနဲ့ကျမဆရာမကို မေးကြည့်တော့ သူလည်းသိတယ်။ ဟုတ်တယ်လို့ပြောပါတယ်ရှင်။
ဆရာမကတော့ မင်းတုန်းမင်းရဲ့ဆွေတော်မျိုးတော်ထဲက တစ်ဦးပါ။ သူလည်း သူ့ဘ၀ဆက်ကပါလာတော့ ဘုရားတွေတည်ရ ၊ ဒုက္ခတွေလည်းခံရသလို တော်တော်ကြံကြံလည်းခံရပါတယ်။ ကျမကတော့ မဟာဗောဓိမြှို်င်ဆရာတော်ဘုရားကြီးရဲ့ ဥပစ္ဇျာယ်ဆရာတော် ဘ၀ိမလအကြောင်းကို ဆရာတော်ကြီးဟောတာ ကြားပြီးကတည်းက နည်းနည်းဒီလောကကိုကြောက်မိပါတယ်။
ဘာလို့ဆို ကျမက ပြန်ပြောတတ်တယ်။ မတရားဘူးလို့ယူဆရင်ပြန်ပြောတတ်တယ်။ ကျမပြန်ပြောလို့ဆိုပြီး ကျမထိထားတာတွေရှိတယ်ပေါ့လေ။ စစ်မကြေငြာဘဲနဲ့တော့မလုပ်ဖူး။ အိမ်မက်ထဲမှာစစ်ကြေငြာပြီးမှဘဲ လုပ်တတ်တယ်။ အခုကျမ ပုဂံခရီးစဉ်ကို ဖြောင့်ဖြောင့်တန်းတန်းမသွားရဘဲ လက်မှတ်(၃)ကြိမ်ပျက်၊ ကားမမှီဘဲ လွတ်သွားတာကတစ်ကြိမ်နဲ့ ညောင်ဦး-မန်းကားဂိတ် (ညောင်ဦးဈေးထဲ)ကလည်း ကျမကို တော်တော်မေတ္တာပို့နေလောက်ပါတယ်။ ကျမကဒီတခေါက် ဘယ်တန်ခိုးကြီးဘုရားကိုမှ မသွားရမဖူးရဘဲ၊ ကျမလာရတဲ့ရက်နဲ့ ကျမလုပ်ပေးရတဲ့ ဇေတ၀န်ဘုန်းတော်ကြီးကျောင်းရဲ့ဘလော့နဲ့ ရက်ကအကိုက်၊ နောက်ဆုံး ဇေတ၀န်ကျောင်းထဲက နဂါးရုံဘုရားနဲ့ ခေါင်ဒကာကြီးရဲ့ ရှင်တစ်ရာ ဂုဏ်တော်တစ်ထောင် ဘုရားတင် မီးပူဇော်ပြီး ကန်တော့လိုက်ရတာကိုဘဲကြည့်ပါတော့။
ကျမရဲ့အိမ်မက်ကတော့ ကျမရဲ့ကြောင်မကြီးက ကိုယ်ဝန်ရှိနေတယ်တဲ့။ စမ်းကြည့်လိုက်တော့ ဗိုက်ထဲမှာ ကြောင်တစ်ကောင်ထဲ စမ်းမိတယ် ထွားထွားကြီးတဲ့၊ အဲဒီတော့ကျမက အိမ်မက်ထဲမှာ အရမ်းဝမ်းသာ ပျော်ရွှင်သွားတယ်။ သို့ပေမဲ့တကယ်ကျမရှေ့မှာ မွေးထွက်လာတာကတော့ ပျက်စီးပြီး တစစီဖြစ်နေတဲ့ abortion ဖြစ်နေတဲ့ ကြောင်(၃)ကောင်ဖြစ်ပါတယ်တဲ့ရှင်။ အိမ်မက်က မျော်လင့်ချက်တွေနဲ့ပျော်နေတာတွေ စိတ်ပျက်စရာဖြစ်ရမယ်လို့ဆိုလိုတာဘဲဖြစ်ပါတယ်။
ဒီလိုပါဘဲ ကျမကို လက်ဆောင်ဆိုပြီးပို့လိုက်တဲ့ Hwawai 3 G hand set ကလည်း ရောက်လာတော့ တချိန်လုံးလိုင်းတွေကျ၊ call ခေါ်ပြီးသားတွေကလည်းဖျက်မရ ။ လိုင်းလည်း ၂ တုံးသာမိတော့ အင်တာနက်သုံးဘို့ဆိုတာဝေးလို့ ဖုန်းတောင်အဆင်ပြေအောင်ခေါ်မရတဲ့ဘ၀နဲ့ကြုံခဲ့ရတဲ့အတွက် ပေးတဲ့သူထံပြန်ပို့လိုက်ရပါတယ်။
ဗမာလူမျိုးအများစုဟာ ဒီအကြားအမြင်တွေ သမထလိုင်း ပုဂိုလ်တွေနဲ့ မကင်းကြပါဘူး။ ဗုဒ`္ဓဘာသာတင်မက ပါဘူး ဘာသာခြားတွေလည်း သူတို့အခက်အခဲကြုံရင် တကယ်မှန်မှန်ကန်ကန်ပြောနိုင်တဲ့သူတွေကို မေးကြပါတယ်။ ကျမသူငယ်ချင်းတွေထဲမှာကို-ဒါမျိုးတွေရှိပါတယ်။ ဒါကြောင့်လည်း သူတို့တွေက ဘာသာခြားပေမဲ့ ဒီပါဝါတွေ ပဌာန်းဆက်တွေကိုတော့ ယုံလေ့ရှိကြပါတယ်။
ကျမသိသမျှ အကြားအမြင်လောကမှ တချို့ကို ဖောက်သယ်ချလိုက်တာဟာ ဒီလောကတွေနဲ့မကင်းနိုင် ကြတာကြောင့်ပါ။ ခေါင်ဒကာကြီးကိုယ်တိုင်ကတော့ လိုအပ်မှသာကြွလာပြီးပြောဆိုပေးတာပါ။ အများအားဖြင့် တပည့်တွေကသာလာတာဖြစ်ပါတယ်။ တပည့်ဆိုတာ အကြီးအကဲတော့မဟုတ်တာအမှန်ဘဲနော်။ နောက်ပြီး ခေါင်ဒကာကြီးကမနောနဲ့ပြောပေးတဲ့သူမျိုးကလည်း ခပ်ပေါ့ပေါ့ စရဏအားထုတ်တဲ့သူမျိုးမဟုတ်ပါဘူး။ ပြင်းပြင်းထန်ထန်ကျင့်ပြီး ဘုရားတည်တဲ့အလုပ်လုပ်နေတဲ့သူမျိုးတွေ ဘ၀ဆက်တွေကိုဘဲဝင်ပြော ပေးတာဖြစ်ပါတယ်။
ဒါကြောင့်- ကျမက တခါတလေကြရင် အတုမှန်းမသိ အစစ်မှန်းမသိလို့ပြောလေ့ရှိပါတယ်။ ကျမသိတဲ့ ခေါင်ဒကာကြီးကတော့ အိမ်မက်ထဲမှာ အင်မတန်အသံသြဇာ အမိန့်သံနဲ့ပြောတဲ့ ပုဂိုလ်သာ ဖြစ်ပါတယ်။ ကျမလိုတော့ မကျေနပ်ရင် ပြန်မပြောမိစေနဲ့နော်။ စိတ်ကသိကအောင့်ဖြစ်ရတတ်တယ်။ ဒါတောင် ကျမရဲ့ခင်မင်တဲ့ဆရာမက နင်ကို ဘာပဌာန်းဆက်ရှိလို့ ဒီလောက်အလိုလိုက်ထားမှန်းမသိပါဘူးတဲ့။ သူ့တပည့်တွေဆို သီးမခံဘူးတဲ့။ ကျမတော့ဒီတခါတော့ စိတ်ရှုတ်ရပေမဲ့ ကိုယ့်ကိုကိုယ် လူသာနာစေ စိတ်မနာစေနဲ့လို့ ကိုယ့်ကိုကိုယ်အထပ်ထပ်အခါအခါ အားပေးမိပါတယ်။
ကိုယ်ပြောကိုယ်ခံပေါ့နော်။ အားလုံးကျန်းမာချမ်းသာကြပါစေ။ သိသမျှကို မျှဝေလိုက်ခြင်းသာဖြစ်ပါတယ်ရှင်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts