Saturday, November 3, 2012

ဓါတ်သားအဆန် စိန်ဖူး၊ ပုဂံပြား ကြာမှောက်နဲ့ထူးထူးခြားခြား ဘိုးတော်အောင်မင်းခေါင်ဘုရား



့ဘုရားပုံအပြည့်အစုံ အောက်မှာဂူလေးများသဘွယ်ဖြစ်ပြီး လှေကားဖြင့် ဘုရားပေါ်တက်နိုင်ပါသည်။

ပြန်လည်ပြုပြင်ထားသော  အဘဦးတင်ဝင်း ဒေါ်ချိုချိုမြင့်နှင့် ရန်ကုန်တပည့်များအုပ်စု၏ ကဗ]္ဗည်းမှတ်တမ်း

ခေါင်ဒကာကြီး ဘိုးတော်အောင်မင်းခေါင် နုစဉ်ကာလက တည်ထားခဲ့သော ဓါတ်သား စိန်ဖူး၊ ပုဂံပြားမှောက်ထားသောကြာမောက် ဘုရား

ပုဂံကို လွန်ခဲ့တဲ့(၇)နှစ်လောက်ထဲက နှစ်စဉ်နီးပါး သင်္ကြန်ရုံးပိတ်ရက်ထဲရောက်ခဲ့ပါသည်။ပထမအစမှာ သူငယ်ချင်းဖြစ်သူက ညောင်ဦးကိုတာဝန်နဲ့ပြောင်းသွားရာက ကျမကိုဖိတ်ခေါ်တဲ့အတွက်သွားခဲ့တာပါ။ အဲဒီအချိန်တုံးက ပုဂံဘုရားတွေကို ဘုရားဖူးခေါ်မလား၊ ဖြူးဆရာတော်ကြီးပြောသလို ဘုရားလည်ခေါ်ရမလား အဲဒီဘ၀မျိုးနဲ့သွားခဲ့တာပါ။ ဘုရားကိုရောက် ပုဆိန်ပေါက်သလို ဖူး၊ အခါရက် ပိတ်ရက်တွေ လူတွေက တိုးလို့တိုက်လို့ ဒါက ဘုရားဖူး ဘုရားလည်လေ။ မနက်ပိုင်းနဲ့နေ့ခင်းတ၀က်လောက်အထိ ဘုရားပေါင်းစုံကို သွားနိုင်သလောက်သွား၊ ညနေပိုင်း(၄ နာရီခွဲ)လောက်အထိနေပြီးရင် ညောင်ဦးနဲ့အနီးဆုံး ငှက်ပစ်တောင်ဘုရားကိုသွားပြီး အပေါ်ဘုရားထဲမှာ ပုတီးစိပ်ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ (၃)နှစ်မြောက်နှစ်မှာ ကျမအတွက် လမ်းညွှန်ချက်တစ်ခုလာပါတော့တယ်။ အဲဒါကတော့ ဓမ္မရံကြီးဘုရားနဲ့ စူဠာမဏိဘုရားကို သွားဘို့ပါဘဲ။ ဓမ္မရံကြီးဘုရားရဲ့ လင်းနို့တွေကျက်စားထားတဲ့ အနံဆိုးဝါးလတဲ့ဘုရားအတွင်းမှာ နေရင်း စရဏလုပ်ရပါတော့တယ်။ ကျမသူငယ်ချင်းကတော့ ကျမနဲ့အတူပါလာပြီး သူက ရွတ်တာဖတ်တာ ၀ါသနာပါ တော့ သူရသမျှတွေကို ရွတ်ဖတ်ပါတယ်။ နေ့ခင်းအပူရှိန်ကို ဓမ္မရံကြီးရဲ့ ထုမှာ ဓမ္မရံဆိုတဲ့စကားနဲ့အညီ အပူချိန်က ထုကို မထိုးဖေါက်နိုင်တဲ့အတွက် အေးအေးချမ်းချမ်း စရဏကျင့်နိုင်ခဲ့ပါတယ်။ သို့သော် သင်္ကြန်ရက် ဆိုတာ ဘုရားဖူးများတဲ့အချိန်မို့ ဘုရားဖူးတွေနဲ့အကာအကွယ်ဖြစ်တဲ့ ဒေါင့်တွေမှာ နေရာယူရပါတယ်။
ရှင်အဇ္ဇဂေါဏဘုရားကတော့ မပျက်မကွက် မနက်ပိုင်းကိုသွားလေ့ရှိပါတယ်။ ဒီတခါကတော့ မရောက်နိုင်တော့ပါ။ ဘုရားသာဖွင့်ပြီး ဒီနှစ်ဧပြီ ကျမသွားတော့ ၀ိဇ`္ဇာကြီးများသီတင်းသုံးတဲ့ ဂူကတော့ ပိတ်ခံလိုက်ရပါတယ်။ ရန်ကုန်မှာလည်း ဒီလိုပါဘဲ ဓမ္မစေတီဆိုတဲ့ ရတနာများစွာခပြီးလှူဒါန်းထားတဲ့ တနင်္လာဒေါင့်က နှီးဘုရားဟာ အရင်က အင်မတန်စည်ကားပြီး ရွှေနီငှက်ပျောဖီးပွဲကြီးတွေနဲ့ ဟီးနေတဲ့ဘုရား၊ အဓိဌာန်ဝင်သူတွေနဲ့ပြည့်နေတဲ့ဘုရား၊ အင်မတန်သပ္ပါယ်တဲ့ဘုရားဟာ ယခင်ဘုရားလူကြီးများကို ပြောင်းလိုက်ပြီးတဲ့နောက်ပိုင်းမှာ ညစ်တိညစ်ပတ်ဖြစ်ပြီး အရင်ကနဲ့တခြားစီဖြစ်သွားပါတယ်။ ဒါကိုကြည့်ပြီး ဘယ်နေရာဖြစ်ဖြစ် စေတနာကတော့ အဓိပတိတပ်တာပါလားလို့ အသိအမှတ်ပြုလိုက်ပါတယ်ရှင်။ ဘုရားကျောင်းကန်တောင်မှ စေတနာနဲ့စည်းကမ်းဟာအတော်အရေးပါပါတယ်။ ဘယ်လောက်ဖဲ ကန့်သန့်ချက်တွေများများ ရွှေတိဂုံရင်ပြင်ပေါ်က ခေါင်ဒကာကြီးရဲ့ရုပ်ထုမှာကတော့ လူအပြည့်ပါဘဲ။ တခါတလေ ကန့်သတ်ချက်တွေ အခြေအနေအချိန်အခါနဲ့ပြောင်းလဲနေတာကို သက်မဲ့ဖြစ်တဲ့ ရုပ်တုတွေက တော့ ရင်ဆိုင်နေရသလို ဘုရားဖူးတဲ့သူတွေအတွက်လည်း ဒီမြင်ကွင်းတွေဟာ စိတ်မသက်သာစေတာအမှန်ပါ။
တတိယနှစ်မှာ ကျမက ပိုက်ဆံကုန်လို့မသွားတော့ဘူးလုပ်တော့ ကိုယ့်ကို လက်မှတ်တင်မက ကြိုပေးလိမ့်မယ် ဆိုပါတယ် ကျမလည်း မယုံတယုံနဲ့သွားလိုက်တာ ကျမသူငယ်ချင်းက ကားနဲ့ဘူတာကိုလာကြိုပါတယ်။ ဒီလိုနဲ့ ဘုရားပေါင်းများစွာတင်မက ပန်းချီဆရာ ကိုသံချောင်း ကိုငယ်လေးတို့နဲ့ပါ ပူးပေါင်းမိပြီး ဓမ္မဗိမာန် (စိန်ရတနာ-အိမ်တော်ရာဝန်း)ကျောင်းမှ တိပိတကဋ် DVD search engine တွေကြောင့် လူသိများသွားတဲ့ ယခု ဗုဒ္ဓစေတမာန်က ဦးဇင်း ဦးန္ဒောရဲ့အကူအညီတောင်းမူကြောင့် ရှိသမျှ ရနိုင်သမျှ (၅၅၀)ဇတ်တော် စဥ့်ကွင်းတွေ၊ နံရံပန်းချီတွေကို ရနိုင်သမျှစုကြ ဓါတ်ပုံပြန်ရိုက်ကြ ကိုသံချောင်းဆီက သူအရင်ထဲက စုထားဆောင်းထားသမျှတွေထဲက ဖလင်လိပ်တွေကို ပြန်ကူးကြ၊ ကန့်သတ်ချက်မရှိတဲ့ ဘုရားတွေကိုသွားပြီး လှေကားတွေကို ဆိုင်ကယ်နဲ့နောက်က သယ်ပြီး နံရံခေါင်မိုးတွေပေါ်က ဆေးရေးပန်းချီကားတွေကို ဓါတ်ပုံရိုက်ကြနဲ့ပေါ့ရှင်။
အင်မတန်ပူလောင်တဲ့နေရောင်အောက်မှာ ပန်းချီဆရာ ကိုသံချောင်း၊ ကိုငယ်လေး၊ သော်သော်၊ ကျမတို့တွေ ဟာ ပင်ပန်းရကောင်းမှန်းမသိလောက်အောင်ပါဘဲ။ အဲဒီမှာ လမ်းစရလာတာကတော့ ကျမသူငယ်ချင်းက ထူးခြားတဲ့ဘုရားတစ်ဆူအကြောင်းပြောလာပါတယ်။ ဒါကတော့ ငှက်ပစ်တောင်ဘုရား အနီးအနားမှာ လူမသိ မထင်မရှားဖြစ်နေတဲ့ ဘုရားငယ်လေးတစ်ဆူအကြောင်းပါ။
အဲဒီဘုရားကို သူကလည်း ဘုန်းကြီးတပါးကတစ်ဆင့်သိရတာပါ။ အဲဒီဘုန်းကြီးကို ဒီဆောင်းပါးထဲမှာ ပါတဲ့ ဘုရားပုံအတိုင်း ဓါတ်ဗူး အဆန်က စိန်ဖူးအဖြစ်ပူဇော်ထားပြီး၊ ကြာမောက်ကို ပုဂံပြားတွေမှောက်ထားတဲ့ ဘုရားကို အိမ်မက်ပေးလို့ အဲဒီဘုရားကို လာရှာတာဖြစ်ပါတယ်။ အဲဒီဘုန်းကြီးက မြင်းခြံကဖြစ်ပြီး သူငယ်ချင်းနဲ့အမျိုးမကင်းတော့ သူထံရောက်လာပြီး အိမ်မက်ထဲကို ဘုရားလာရှာဘို့ရောက်လာခဲ့တယ်။ အိမ်မက်ထဲက ဘုရားကိုလိုက်ရှာတာ တွေ့တော့ဘုရားကတည်ပြီးသားဖြစ် နေတဲ့အတွက် ဘုန်းကြီးကလည်း ပြန်သွားပါတယ်။ သို့ပေမဲ့ ထူးဆန်းတဲ့ဘုရားတစ်ဆူဆိုပြီး သူက ကျမကို ပြောပြပါတယ်။ ကျမလည်း စိတ်ဝင်စားတာနဲ့ စဥ့်ကွင်းတွေရိုက်ယူခဲ့တဲ့ ပြီးခဲ့တဲ့(၃)နှစ်လောက်မှာဘဲ အဲဒီဘုရား ဓါတ်ပုံတပုံကို ရိုက်ယူခဲ့ပါတယ်။အခုအဲဒါကိုစကင်မဖတ်ရသေးလို့ ဒီတပတ်ရိုက်လာတဲ့ပုံတွေကိုဘဲတင်ပေးလိုက်ပါတယ်။ ခေါင်ဒကာကြီးဘုရားတည်ရင် နိုင်ငံမှာတခုခုဖြစ်မှာတို့ကို ကြိုမြင်လို့ ရတြာဓါတ်ရိုက်တဲ့အနေနဲ့ မကောင်းတာတွေပပျောက်ပြီး ကောင်းတာတွေရောက်အောင်တည်တာများတယ်လို့လည်းသိထားရပါတယ်။ ဥပမာ-အင်းစိန်အရေးအခင်းဖြစ်မှာကို ကြိုမြင်လို့ ဘုရားတဆူကိုတည်ခဲ့တာကို မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးဟောထားတဲ့ ဆွမ်းနဲ့ထမင်းမှာ ရေးသားထားခဲ့ပြီးဖြစ်ပါတယ်။
သီတင်းကျွတ်လပြည့်နေ့မတိုင်ခင်တရက်၊ လပြည့်နေ့တရက်၊ လပြည့်ကျော်တရက် (ဒီနှစ်)ခရီးမှာတော့ ဇေတ၀န်ဘုန်းတော်ကြီးပညာရေးစာသင်ကျောင်းရဲ့ဘလော့စာမျက်နှာ(၇)မျက်နှာကို ရောက်ကတည်းက မနားတမ်းနီးပါးလုပ်ခဲ့ရပါတယ်။ ဒီလိုနဲ့အမြဲတမ်းခရီးသွားတိုင်းယူလေ့ရှိတဲ့ ကရမက်အစစ်အမွေးတိုင်ထုတ်နဲ့ ဖယောင်းတိုင်ထုပ်က လပြည့်နေ့ညမှာ တပါတည်းမပါလာတာကြောင့် ကျမကလပြည့်ကျော်တရက်နေ့တော့ တည်းခိုတဲ့နေရာကနေ တပါတည်းယူလာခဲ့ပါတယ်။ ဇေတ၀န်ကျောင်းမလာခင် (၁၀)ပင်ကျောင်းဆရာတော်ဆီ ၀င်ကန်တော့ခဲ့ပါသေးတယ်။ အချိန်ကလည်းမရှိတော့ ဇေတ၀န်ကျောင်းမှာ ဘလော့လုပ်ပေးနေတုံး ကျောင်းက ဆရာပေါက်စလေးကို ဘုရားပုံကို သွားရိုက်ခိုင်းထားတာဖြစ်ပါတယ်။ ဓါတ်သားစိန်ဖူးတော်ဟာလည်း တပိုင်းတစသာ ပုံတွေထဲမှာပါလာ ပါတော့တယ်။
အဲဒီဘုရားဟာ ဘိုးတော်အောင်မင်းခေါင် နုစဉ်ဘ၀ကတည်ထားတဲ့ဘုရားလို့သိရပါတယ်။ စာအရ ၁၃၆၇ (၂၀၀၆)မှာ ပြန်လည်ပြုပြင်မွမ်းမံထားတယ်လို့ ကဗ္ဗည်းတင်ထားပါတယ်။ ဘဘဦးတင်ဝင်း ဒေါ်ချိုချိုမြင့် မိသားစုနှင့် ပြည်သူအများကောင်းမှုလို့ရေးထိုးထားပြီ တန်ဆောင်မုန်းလရောက်ရင် ရန်ကုန်အဖွဲ့မှ လာရောက်ပူဇော်လေ့ရှိတယ်လို့သိရပါတယ်။ အဲဒီကျောင်းဝန်းထဲမှာတော့ မယ်သီလရင်တချို့နေထိုင်တာ ကိုတွေ့မြင်ရပါတယ်။ စိတ်ဝင်စားစရာကတော့ ဓါတ်ဗူးထဲက ဓါတ်သားအဆန်ကို စိန်ဖူးအဖြစ်တင်ထားပြီး ကြာမောက်နေရာမှာ ပုဂံပြားတွေမှောက်ထားတာပါဘဲ။ ကျမကလည်း ခေါင်ဒကာကြီးခိုင်းတာတွေသာ ကြိုကြားကြိုကြားလုပ်ပေးရပေမဲ့ ကျမက ၀ိပသနာကိုဘဲ စိတ်ဝင်စားတာပါ။ မကြာခဏလည်း ကျမက ကျမကို ၀ိပသနာလမ်းပေါ်ကနေ သူခိုင်းတာတွေလုပ်လုပ်ပေးနေရလို့ ပွစိပွစိပြောတဲ့အတွက် လွယ်တာတွေကို ခက်အောင်လုပ်ပြီး ပညာပေးခံရတာ။ လိုခြင်တာကိုရတောင် ကောင်းတာမရဘဲ အစုပ်ရအောင်လုပ်တာမျိုးတွေ ကြုံရတော့ အထာလည်း သိနေတာပေါ့။ ပညာကောင်းကောင်းပေးတတ်တဲ့ ခေါင်ဒကာကြီးပေါ့ရှင်။ ပုဂံညောင်ဦးရောက်ရင်လည်း ဘိုးတော်အောင်မင်းခေါင် (ခေါင်ဒကာကြီးလို့ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကသုံးလေ့ရှိတဲ့) ဘုရားဒကာကြီးရဲ့ နုစဉ်ကာလက တည်ထားတဲ့ ရှင်တရာဂုဏ်တော်တစ်ထောင်အမည်ရ ဘုရားကို ထူးထူးခြားခြား ၀င်ဖူးဖြစ်အောင်ဖူးလိုက်ပါဦးရှင်။
လပြည့်ကျော်တရက်နေ့မှာဘယ်နာမည်ကြီးဘုရားမှလည်းရောက်တော့မှာ မဟုတ်လေတော့ ဘုရားဟာ ဘုရားပါဘဲလို့ သဗ္ဗေညုတဥာဏ်တော်ကို ပူဇော်တာဖြစ်လို့ ဇေတ၀န်ကျောင်းနဲ့မျက်နှာချင်းဆိုင်မှရှိတဲ့ ရှင်တရာ ဂုဏ်တော်တစ်ထောင်(ခေါင်ဒကာကြီးဘုရား)ရဲ့နောက်ကြောဖြစ်နေတဲ့အတွက် ကျမဟာအဲဒီဘုရားမှာဘဲ အမွေးတိုင် အလင်းတိုင်တွေနဲ့ပူဇော်ကန်တော့ဖြစ်ခဲ့သလို၊ တိုက်တိုက်ဆိုင်ဆိုင် လပြည့်နေ့ကမှ ဇေတ၀န်ကျောင်းထဲမှာ အနေကဇာတင်၊ ဆွမ်းဆန်စိမ်းလောင်းပွဲကျင်းပခဲ့တဲ့အတွက် အနေကဇာတင်ပြီးခါစ အသစ်ချက်ချွတ် နဂါးရုံဘုရားမှာ ဆီမီးပူဇော်ဖြစ် အမွေးတိုင်တွေနဲ့ ပူဇော် ဖြစ်ခဲ့ပါတယ်ရှင်။
တကယ်တော့ ဗမာပြည်ရဲ့လပြည့်ကျော်(၁)ရက်နေ့ဟာ အိန္ဒိယပြည်မှာ လပြည့်နေ့ပါ။ အိန္ဒိယပြည်ရဲ့လပြည့် နေ့တိုင်းဟာ ဗမာပြည်နဲ့တရက်နောက်ကျပါတယ်။ ကိုယ့်အတွေးနဲ့ကိုယ် မြတ်စွာဘုရားဟာ အိန္ဒိယနိုင်ငံမှာ ပွင့်တာမို့ ဒီနေ့လပြည့်ကျော်(၁)ရက်နေ့ဟာ အိန္ဒိယနိုင်ငံမှာ လပြည့်နေ့သာဖြစ်တယ်။ ဒါကြောင့်ကျမဟာ ရက်အမှန်မှာ ပူဇော်လိုက်တာလို့ဘဲ ကိုယ့်ကိုကိုယ်ကျေနပ်နှစ်သိမ့် ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့မိပါတယ်ရှင်။
ကျမက ရိပ်သာတွေမှာသွားရောက်တရားထိုင်တဲ့အချိန်မှသာ ၀ိကာလဘောဇနသီလကိုစောင့်ပြီး ကျန်တဲ့ အချိန်မှာမစောင့်တဲ့အတွက် ဇေတ၀န်ဆရာတော်က ကျမအတွက် ကီးမာပလာတာစီစဉ်ပေးပါတယ်။ မစားဖြစ်တာကြာပြီဖြစ်တဲ့ ကီမားပလာတာကလည်း ကျမအလုပ်လုပ်တဲ့အခါမှာ ခွန်အားတစ်ခုကိုဖြည့်ပေး တာပါဘဲရှင်။ ကဲ- ခေါင်ဒကာကြီးရဲ့ပဌာန်းဆက်တွေ ဖူးမျော်နိုင်အောင်လို့ ကျမဖောက်သယ်ချ လိုက်တာဖြစ်ပါတယ်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts