Thursday, July 12, 2012

သူများပစ္စည်းနဲ့မျက်နှာလာလုပ်တာလား


မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၊ သာစည် ရွှေကျောင်းကုန်းတောင်တွင် သီတင်းသုံးစဉ်ကာလက ဖြစ်ပါသည်။ ဒေါက်တာမြသွင်မိသားစုနှင့်အတူ ကျမလည်း လိုက်ပါပြီး ရွှေကျောင်းကုန်းတောင်ပေါ်သို့ရောက်ခဲ့ရပါသည်။ ရွှေကျောင်းကုန်းတောင်သည် ကျောက်သားထုရှိသောတောင်ဖြစ်သဖြင့် တောင်ပေါ်တွင် ညနေပိုင်းတွင် အပူငွေ့များပျံတတ်ပါသည်။ ကျမတို့သည် အဆောင်တစ်ဆောင်တွင်ညအိပ်ပြီး၊ ဆရာတော် တွေ့ခွင့်ဖူးခွင့်ရသောအခါတွင် ဆရာတော့် စကားများကို ကြားနာခွင့်ရပါသည်။ တောင်ပေါ်တွင် ရေရှားပါသည်။ သုံးရေအတွက် ကျောက်ပြားများပေါ်စီးဆင်းကျလာသော ရေများကို ကန်လုပ်ပြီးခံထားပါသည်။ ကျမတို့ ပြောပြောနေသည့် water harvest လုပ်ထားခြင်း ဖြစ်ပါသည်။ တောင်ပေါ်က ကြည့်လိုက်သော် အောက်တွင် စမုံဆည်တည်ဆောက်နေသော နေရာသို့သွားသော ကားလမ်းများသည် ရှုတ်ရှက်ခတ်နေပါသည်။ ညနေပိုင်းတွင် မနက်အာရုံကပ်ရန်ဆွမ်းဟင်းများချက်ကြပါသည်။

ထိုအခါတောင်အောက်မှ တက်လာသော ရေခပ်ပို့သည့်မိန်းခလေးအုပ်စု လည်း ကျောင်းပေါ်တက်လာကြပါသည်။ နူးညံ့သိမ်မွေ့သော ကျမ အမ ဒေါ်ခင်ခင်ဆွေသည် ထိုမိန်းခလေးများကို ဘယ်ရွာကလည်း နေ့တိုင်းရေလာလှူတာလား စသည်ဖြင့် စကားစမြည် ပြောနေကြပါသည်။ ထိုမိန်းခလေးများကလည်း ကျမတို့က တောင်အောက် ဆွမ်းခံရွာကပါ။ တောင်ပေါ်ကရေတွေက သောက်လို့ မရတော့ ရွာကရေတွင်းက ခပ်ပြီး ရွက်လာပို့တယ်ဟု ပြောပြပါသည်။ အမတို့က ရန်ကုန်ကလားဟု ပြန်မေးပါသည်။ အမက ရန်ကုန်က ဟုတ်ပေမဲ့ အခု ပျဉ်းမနားရောက်နေတယ်။ ပျဉ်းမနားက လာတာဟုပြန်ဖြေပါသည်။

အမတို့က ဆရာတော်ဘုရားကြီး အကြောင်းပိုသိမှာပေါ့။ အရမ်းထူးဆန်းတယ်နော်။ ကျမက တရက်ရေလာခပ်ပို့တယ်။ ကျမခပ်လာတဲ့ ရေတွင်းက ရေတွေက နောက်နေတယ်။ ကျမလည်း ကျောင်းကိုလာရင်း ရွာအထွက်နားမှာ အခြားတွင်းတတွင်းမှာ ရေခပ်နေတဲ့သူတွေ ကိုမြင်တော့ သူတို့ရေကို ကြည့်လိုက်တယ်။ သူတို့ရေတွေက ကြည်တယ်လေ။ ဒါနဲ့ ကျမသူငယ်ချင်း တယောက်ရဲ့ရေအိုးကို ကျမက ငါဆရာတော်ကြီးကျောင်းကို ရေသွားပို့မလို့ပါ အေ။ ငါ့ရေတွေက နည်းနည်းနောက်နေလို့ ညီးရေအိုးနဲ့လဲပေးပါလားဆိုပြီး ကျမလည်း သူ့ရေအိုးနဲ့ ကျောင်းတက်လာ တာပေါ့။ ကျောင်းရောက်လို့ ရေအိုးတွေဘာတွေ လဲပြီး၊ ဆရာတော်ကြီးကို သွားလည်းကန်တော့ရော။ အေး တချို့များ သူများရေတွေနဲ့ မျက်နှာလာလုပ် သဟေ့ လို့ပြောပါလေရော အမရေ လို့ပြောပြပါတယ်။ ကျမလည်း ကျမရေအိုး ချင်း လဲခဲ့တာ ဘယ်လိုသိသလဲဆိုပြီး အံ့သြလွန်းလို့ ရွာကလူတွေကိုလည်း ပြောပြတာပေါ့။

ဆရာတော်ဘုရားကြီး၏ စရဏ နဲ့ အဘိဥာဏ်တို့ကို ကြည်ညိုလိုက်ကြပါဦးစို့ဟု..။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts