Thursday, June 28, 2012

မဟာမြိုင်ခရီးသည်-၃ (အဆုံးပိုင်း)



မဟာမြိုင်မှ ပြန်ချေပြီ။ စိတ်ထဲတွင် ဆရာတော်ကြီးကိုဖူးတွေ့ရတာ အားမရ ဆွမ်းနှစ်နပ်သာလောင်းရတာ အားမရ သို့သော် ကြည်ညိုစိတ် ဆရာတော်ာဘုရားကြီးမေတ္တာကို အနီးကပ်ခံယူရသောစိတ်တို့ကြောင့် တပိုင်းအားဖြင့် အေးငြိမ်းချမ်းသာ ပီတိဖျာမိခဲ့ပါသည်။ မဟာမြိုင်ခေါင်းနန်းပလ္လင် ဓမ္မေသစခမ်းမှ ထွက်ပြီး မကြာမတင် ဧရာမကားကြီး ပိတ်နေတော့သည်။ (ဒီကားကြီး ဒို့ရှေ့က ဘာလို့ပိတ်တာတုံး ဖယ်စမ်း၊ ဟိုအရှေ့ကားက သူတို့က ရှေ့ကသွားရမှာမဟုတ်ဖူး ဒို့ကားနောက်က လိုက်ရမှာ) ဟု ကိုယ်ကိုကိုယ်တောင် မသိလိုက်ဖဲ တစုံတဦးဝင်ပြောသကဲ့သို့ရှိ၏။ ကားကြီးလည်း ဖယ်သွားလေတော့သည်။ ကျမအိပ်ပျော်နေခိုက် တွင်လည်း ကျမတို့ကားသည် ခေါင်းဆောင်ကားကို ဘယ်အချိန်က ကျော်သွားမှန်းမသိတော့ပြီ။ အမြဲတမ်း ကျမတို့က သူတို့ကားနောက်ကလိုက်ရသည်ချည်း။

စောင့်ခေါ်စနစ်ဖြင့် မလှမ်းမကမ်းကလိုက်လာလိုက် ပျောက်သွားလိုက်နှင့်ပင်။ မဟာမြိုင်မှထွက်လျင် အလောင်းတော် ကဖတွင် ညအိပ်မည့်အစီအစဉ်ကို ကျမမသိ။ လိုက်သာလိုက်လာသည်။ လိုက်ခြင်သည်။ ရောက်လျင်ပြီးရော ဆရာတော်ကြီးပျဉ်းမနားအဖွဲ့အတွက် သတ်မှတ်ရက်တွင် လိုက်လိုသည်။ ၆ ရက်ကြာမည် ကိုမသိသဖြင့် ရုံးကို (၄)ရက်စာသာခွင့်တင်ခဲ့ရသည်။ သို့နှင့် အလောင်းတော်ကဖ သို့ဖြတ်လမ်းမှမောင်းပေး လေသည်။ သံဃာတပါးဦးဆောင်ပြီး ကုသိုလ်ရှင်များ၏ဆံပင်များဖြတ်လှူဒါန်းထားသော ငွေများဖြင့် ဆောက်ထားသော ချောင်းကူးတံတားလေးအား တွေ့ရ၏။ (အောက်ပုံ)

ညတွင် မှောင်မှောင်မဲမဲ အလောင်းတော်ကဖ မတက်မှီ ကပိုင်ဘုန်းကြီးကျောင်းတကျောင်းတွင် ညအိပ်ခဲ့ရသည်။ ကျောင်းပေါ်တွင် ဘုရားဖူးပေါင်းများစွာတို့သည် အိပ်နေကြသည်။ မနက် (၃ နာရီခွဲ)တွင် အားလုံးထပြီး မျက်နှာသစ်ကာ ကျမတို့စီးလာသော (ကံရာမင်း)ကားပေါ်သို့အကုန်တက် ရောက်ပြီး အဆင်သင့်ထိုင် နေကြတော့သည်။ ကားဆရာကလည်း အဆင်သင့်။ ထွက်ခွင့်ရသည်နှင့် ကျမတို့ကားဆရာလေးသည် စတင် ခရီးထွက်ပါတော့သည်။

အလောင်းတော်ကဖကား နာမည်ကြီးသော နေရာဖြစ်ပါသည်။ ကြားကားကြားဖူး နေသော်လည်း ဆင်စီးရသည်။ တောကြီးထဲမှာ ချောက်ကြီးထဲမှာ စသည်ဖြင့် ပြောဆိုကြသည်။ သို့သော် တကြိမ်မှ မရောက်ဖူး။ ယခုလည်း ရောက်မည်ဟု မမျှော်လင့်ထား။ ထိုခရီးစဉ်ပါသည်-ဆိုသော် အော်-ရောက်ဖို့ ကြုံလာတာပါလားဟု။ ဆရာတော်ဘုရားကြီး၏ ထေရုပ`္ပတိအကျဉ်းတွင်လည်း ဆရာတော်ဘုရားကြီးက ဖူးခြင်ပါသဖြင့် အဓိဌာန်ရာ အာရုံထဲတွင် အတွင်းထိပြသပေးသဖြင့် အမှန်တကယ်ဖူးတွေ့ရသည်ဟုပါရှိပါသည်။ စိတ်စွမ်းအားမြှင့်သော ဆရာတော်ဘုရားကြီးတို့ကား စိတ်ဖြင့် ထိုးဖေါက်မြင်နိုင်စွမ်းရှိပါသည်တကား။ ကျောက်တံခါးကြီးအား စိတ်စွမ်းအားဖြင့် ထိုးဖောက်မြင်နိုင်သောစွမ်းအားအားရရှိဖို့ရင် ဘ၀အဆက်ဆက်ပါရမီဖြည့်ကျက်ရခြင်း၊ ယခုဘ၀တွင်လည်းကျင့်ကြံအားထုတ်ရခြင်းတို့ပေါင်းစပ်မှသာရနိုင်သည်။ သာမာန်လူများရနိုင်ရန်ကား မလွယ်ကူ။ သိပ`္ပံပညာရှင်တို့ အမြင်ဖြင့် ဒါတွေ မဖြစ်နိုင်ဟုဆိုနိုင်ပါသည်လား။

တချို့သည် မိမိတွင် မြင်နိုင်စွမ်း သိနိုင်စွမ်းမရှိတိုင်း အမျိုးမျိုးပြောဆိုကြကုန်သည်။ အစစ်အမှန်များကိုကား မတိုးသာပြီ။ မိမိကိုယ်တိုင် မကြုံသောလည်း ခိုင်မာသော သူတို့ပြောသောစကားများကိုကား သံသယဖြစ်ဖွယ် မရှိချေ။ ကျမတို့ ကွမ်ဟိန်းက လိုက်လာသော ဦးပေါနှင့် လက်လုပ်တောင်တွင်ဆုံဘူးပါသည်။ ဦးပေါသည် ကျမ၏ဆရာအား ဆရာတော် ဘုရားသည် မိမိတို့အိမ် အခန်းထဲတွင် ယာယီသီတင်းသုံးနေခိုက် ရှိလျက်နှင့် သူတို့မိသားစု မျက်လုံးထဲတွင် မမြင်ရဘဲ ပျောက်နေသည့်အကြောင်းပြောပြဘူးပါသည်။ အခင်းများသွားနေသလားဟု အိမ်ပတ်ဝန်းကျင်အနှံလိုက်ရှာကြ သည်။ မတွေ့။ မိသားစုအားလုံးရှာကြ သည်မတွေ့။ ဆရာတော် ဘုရားကြီး သီတင်းသုံးနေသော အခန်းထဲသို့ ချောင်းကြည့် ကြသည်မတွေ့။ အတော်ကြာသော် ဆွမ်းဘုန်းပေးရန် ဆရာတော် အခန်းထဲမှ အပြင်ကြွလာသည်။ ဦးပေါတို့ မိသားစုအား ခင်ဗျားတို့ဘာရှာနေကြတာတုန်း ဟုမေးသည်။ ဆရာတော့်ကိုရှာနေတာပါဘုရားဟုပြန်လျောက်သော် ကျုပ်ဖြင့် ဒီအခန်းထဲက တခါမှအပြင်မထွက်ပါဘူးဗျာဟုပြန်ဖြေသည်ဟုပြောပြပါသည်။ ဦးပေါမှ ကိုယ်များဖျောက်ထား သလား။ မရှိတာတော့အမှန်ဟုပြောပါတော့သည်။

ကျမတို့ အလောင်းတော်ကသဖသို့ ဆင်ဖြင့်တက်ရန် ဆင်စီးခွင့်ရရန်အတော်အချိန်စောင့်လိုက်ရသည်။ အချိန်ပုတ်တာကို မကြိုက်သောကျမသည် ဆင်စီးဘို့ရာ စောင့်ရသည်ကို အတော်ပင်စိတ်ပျက်မိသည်။ ခရီးက လမ်းလျောက်သွားလို့ရသည်ဟုပြောသော်လည်း အတိုင်းအတာက ကိုယ်တိုင်မမြင်သဖြင့် မသိသေးပါ။ သို့ကြောင့် မဆုံးဖြတ်ရဲ။ ဒီလိုနှင့်ဆင်ဖြင့်ပင် အလောင်းတော်ကဖဘုရားသို့ရောက်ခဲ့ပြီး ဂေါပကတည်းကျောင်းများတွင် နေရာချကာ ရေချိုးထမင်းစားပြီး အချိန်အပုတ်မခံဘဲ အောက်ဖက် ဂူပေါက်ဝသို့ သွားဖူးတော့သည်။ ဂူပေါက်ရှေ့တွင် အလင်းတိုင်ထွန်း အမွှေးတိုင်ထွန်း တရားထိုင်၊ ညောင်းလာသော် အပေါ်ပြန်တက်လိုက် ဂူတွင်းပြန်ဆင်းနှင့် မယ်သီလရင် ဆရာလေးနှင့် အကြိမ်ကြိမ်ဝတ်ပြုသည်။ အာရုံရရန်လည်းမနည်းလုပ်ရသည်။ လူတွေကတိုး ရေတွေက စက်စက်နှင့် မိုးကလည်း တဖွဲဖွဲ။မိုးလေးကျလာတာနဲ့ ချော်လဲနေတဲ့ ဆင်ကြီးကိုသနားစဖွယ် အပေါ်ပုံမှာတွေ့ရမှာပါရှင်။ နောက်ဖိုးဝင်းတောင်မှ ဘ၀ကြီးကို ပျော်ပျော်ရွှင်ရွှ့င်ဖြတ်သန်းပြီး သန်းတုတ်နေကြ တဲ့မျောက်လေး (၃)ကောင်ကို သနားစဖွယ် တွေ့ခဲ့ရပါတယ်။

ညနေ(၄)နာ၇ီခန့်တွင် ကျမတို့နှင့် အတူသွားသော ခေါင်းဆောင်ကြီး၏ကားရောက်လာပါချေပြီ။ တမျှော်မျှော်နှင့် စိတ်တပိုင်းကလည်းပူသည်။ လက်လုပ်တောင်မှ ဦးဇင်း ဦးခေမာကလည်း အတူသွားအတူလာဟုမှာ လိုက်သည်။ သို့သော်… မနက်(၆)နာရီထဲက ကားပေါ်တွင်တက်ထိုင်နေကြသည်။ ကားဆရာကား မနက်(၈)နာရီအထိမပေါ်လာ။ နောက်တော့ သူတို့ ကားဆရာကို လိုက်ရှာရသည်ဟုပြောသည်။ ရှာလည်းတွေ့ရော မနက်ပိုင်း တောင်ပေါ်တက်ခွင့် (ဂိတ်)ပိတ်သွားသည်ဟု ပြောပါသည်။ သူတို့ကားဆရာပျောက်နေသည်။နေ့ခင်းပိုင်း ဂိတ်ပြန်ဖွင့်မှ တက်လာရကြောင်းပြောပြပါသည်။ ကျမမျှော်မှန်းထားသည့်အတိုင်း သက်ဆိုင်ရာများကား ဆရာတော်ကြီးအား ဖူးရန်သွားပါလျက်နဲ့ ဆွမ်းသက်သက်သာ လောင်းခွင့်လေးရအောင် တမင်တောကြီးသက်သက်ထဲ တကူးတကန့်လာရောက်ရသော ကျမအားတားမြစ်သောသူ့ကို ပညာပေးလိုက်ပါလေပါပြီကော။

မမြင်ရသော အစောင့်အရှောက်ပေါင်းများစွာသည် ဆရာတော်ကြီးများအား အနားတွင် ၀ိုင်းရံစွာ စောင့်ရှောက် လေ့ရှိသည်ဟု ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီး၏တပည့်အရင်း ဆရာမတဦးမှ ပြောပြဘူးသည်။ ဆရာတော် ကြီးများက မေတ္တာသမားများ သူတပါးထိခိုက်အောင် ဘာမျှမလုပ်။ သို့သော် အနားမှာရှိသော အစောင့်အရှောက်များက မနေဟုပြောပြခဲ့ဘူးပါသည်။

ဆရာတော်ဘုရားကြီးသည် ပဌာန်းဆက် ကံဆက် ပစ္စည်းဆက်များနှင့် ပတ်သက်ဆက်နွယ်ပြီး ပါရမီတို့၏ သရုပ်တွင် ရေးသားခဲ့ဘူးပါသည်။ အပြန်ခရီးသည်ကား အေးချမ်းပါဘိ။ ဖိုးဝင်းတောင်၊ ရွှေဘတောင်တို့ကို ၀င်ရောက်ဘုရားဖူးပြီး ပြန်လာပါသည်။ ကျမသည် ဘုရားဖူးနေစဉ် ဖြူးဆရာတော် ဦးနာရပတိဟောသော တရားတပုဒ်ထဲမှ အိမ်ကဘုရားကိုတော့ တန်ဘိုးမထားဖူး။ ဘုရားဖူးထွက်လိုက်ကြတာ ဘုရားကို ပုဆိန်ပေါက် ရှစ်ခိုးတဲ့ ဘုရားလည်တွေ ဆိုသည့်စကားကို ပင်တည်း။ မှတ်သားထိုက်ပါပေစွ။

နောက်နေ့မနက်အစောတွင် ပျဉ်းမနားလက်လုပ်တောင်ကျောင်းသို့မနက်(၅)နာရီတွင် ပြန်လည်ရောက်ရှိ ပါသည်။ ကျမကား မဟာမြိုင်တောကြီးထဲမှ ဆရာတော်ဘုရားကြီးနှင့်တကွ မကျွတ်မလွတ်ကြကုန်သော ပန်ထွာမယ်တော်ကြီးအား မေတ္တာပို့သလျက်၊ ဆရာတော်ဘုရားကြီးအား ရည်မှန်းကန်တော့လျက် ဆရာတော်ဘုရားကြီး၏ အဆုံးအမကိုလိုက်နာသောအားဖြင့် တတ်နိုင်သမျှ စရဏအားထုတ်လျက်။

ြ့ပုပြုသမျှ အမျှ အမျှ အမျှဟု……….

ဆရာတော်ဘုရားက ငယ်ရွယ်စဉ်က သမထလိုင်းဘက်မှ ပုတီးဖြင့်တက်ခဲ့ကြောင်းအမှန်အမှန်အတိုင်း ပြောခဲ့ဘူးသလို စာအုပ်ထဲတွင်လည်း အတိအလင်းထည့်ရေးခဲ့ပါသည်။ ယခုခေတ်တွင် သမထနှင့် ၀ိပနာ တိုက်ပွဲသည် တော်တော်ကြီးကြီးမားမားဖြစ်ပေါ်နေကြသည်။ မည်သည့်လမ်းကတက်တက် အေးချမ်းမှု ငြိမ်းချမ်းမှုကတော့ ရသည်အမှန်။ သို့သော် ၀ိပနာကား တရားအရသာဟူသော စကားအတိုင်း နိဗ္ဗာန်ကို မျက်မှောက်ပြုရလို၏ တရား၏အရသာကို ကိုယ်တိုင်သိမြင်ခံစား၇ကြောင်း ဆရာတော်ဘုရားမှမိန့်ပါသည်၏။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts