Saturday, June 30, 2012

မဟာဗောဓိမြိုင်ဆရာတော်ကြီး ရွှေဘိုမြို့နယ်၊ နတ်တလူတောရအနီးသို့ပြောင်းရွေ့သွားခြင်း

မဟာဗောဓိမြိုင်ဆရာတော်ကြီး ရွှေဘိုမြို့နယ်၊ နတ်တလူတောရအနီးသို့ပြောင်းရွေ့သွားခြင်း

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ရွှေဘိုမြို့နယ် ၊ ကျီကျင်းကျေးရွာ၊ နတ်တလူတောရနှင့် (၁၂ )မိုင် ဝေးသော နေရာတွင်သီတင်းသုံးလျက်ရှိသည်ဟု ယနေ့ ဆရာတော်ဘုရားကြီး၏ ဒကာရင်းများဖြစ်သော ရန်ကုန် သင်္ကန်းကျွန်းမှ ကျမ၏ဆရာဖြစ်သူဒေါက်တာမြသွင်(သွင်ကြီး)၏ ဇနီး ဒေါ်ခင်ခင်ဆွေ(ဆွေကြီး)မှ ပြောပြပါသည်။ ကျမတို့သည် ဆရာတော်ဘုရားကြီးထံ နေရာတော်တော်များများကို ရောက်ကြပါသော်လည်း မှတ်တမ်းများ မထားမိ။ ဓါတ်ပုံမရိုက်ထားမိသည်ကို ပြောမိကြပါသည်။ ဆရာတော် ဘုရားကြီးသည် မိုးမိတ်မြို့၊ မပဒါန်းလှိုင်ဂူမှ တဆင့် ထိုနေရာသို့ပြောင်းရွေ့သွားခြင်းဖြစ်ပါသည်။ နေမကောင်းသဖြင့် ဆေးသွင်းထား သည့်ကြားမှ နောက်တနေ့တွင် တုန်တုန်ရီရီဖြင့် ဆွမ်းခံကြွတော်မူသည်ဟု ဆိုပါသည်။ ဆွမ်းခံဝတ်ကို မပျက်မကွက် ဖြည့်ကျင့်ခြင်းသာတည်း။

ကျမ၏ဆရာကား ဆရာတော်ကြီးထံလိုက်သွားရာ ကျောင်းအနီးမကပ်ရ၊ ကမူလေးပေါ်မှပင် ဖူးခဲ့ရသည်ဟု ဆိုပါသည်။ သို့သော် ရွှေဘိုသည် ကျမတို့နဲ့ပိုနီးသွားပါသည်။ ဆရာတော်ဘုရားကြီးကား ပရိသတ်နှင့် အကျိုးပေးသည်ဟုဆိုရပါမည်။ ချောင်ချိုချောင်ကြားသို့ ပြောင်းရွေ့သွားပါသော်လည်း နောက်လိုက်ပရိသတ် က ဘယ်လိုဘယ်ကကြားသည်မသိ ထုနှင့်ထည်နှင့် ရောက်လာကြစမြဲပင်။ ဆရာတော်ဘုရားကြီးကတော့ လိုက်လေ ပြေးလေ။ တခါက ပြောမနာဆိုမနာ ဒကာမအရင်းတစ်ဦးသည် ဆရာတော့်အား (ပြောတော့ဖြင့် မလာနဲ့မလာနဲ့နဲ့ ၊ ဟောတဲ့တရားတွေက လာပါလာပါနဲ့ ခေါ်နေသလိုဘဲ)ဟု ပြောဆိုသည်ဟုဆရာတော်ကြီး ကမိန့်တော်မူပါသည်။

ရွှေဘိုတွင် ၁၉၉၇ ခုနှစ်တွင် တရားစခန်းဖွင့်စဉ် ရန်ကုန်၊ ရွှေဘို သာစည်နှင့် ဒကာအရင်းများ လှူဒါန်းထားသော စတီးပုဂံများ၊ ဇလုံများ၊ ခေါက်ခွဲထုပ်များ၊ ငါးခြောက်များ၊ ကြာဇံများ အစသည်များ အိတ်လိုက်အိတ်လိုက်။ ကြောက်မက်ဖွယ်ပံ့ပိုးပေးခဲ့ကြသည်။ ပကာသနာမပါသောတရားစခန်းကား ခန်းနားထယ်ဝါခြင်းမရှိ။ ရိုးရိုးရှင်းရှင်းသာတည်း။ ဆရာကြီး မင်းသိင်္ခတပည့်တဦးလည်း ထိုတရားစခန်းတွင် တွေ့ရပါသည်။ အမည်ကားမမှတ်မိသော်လည်း ကျမက ဘာကြောင့် ဒီမှာတရားလာထိုင်တာလဲလို့ မေးသော် လမ်းရှည်လိုက် ရတာကြာလို့ လမ်းတိုကဘဲလိုက်တော့မယ် ဘ၀တွေအများကြီးမနေခြင်ဘူးဗျာဟု ပြန်ဖြေပါသည်။

မကြာသေးမီက ဆရာတော်ဘုရားကြီးကား ကျန်းမာရေးမကောင်းဟုသိရပါသည်။ အစာအိမ်က မကြာခဏ ဖေါက်သည်ဟုလည်း မိန့်တတ်ပါသည်။ မိုးမိတ်မြို့၊ ပဒါန်းဂူသွားစဉ်ကလည်း ၀ါးရုံတောများကြသေား ဖိနပ်မပါသွားသည့် အတွက် ခြေထောက်တွင် ၀ါးငုတ်များစူးသဖြင့် သွေးစိမ်းရှင်ရှင် ထွက်နေသည်နေသည်ကို ပတ်တီးစည်းထားသည့်ကြားမှ အပြုံးမပျက် တရားဟောတော် မူသည်ကို ကြည်ညိုဘွယ်အတိဖြင့် ကျမအတွက် လက်ဆောင်ပေးလိုက်သော အခွေထဲတွင်ဖူးတွေ့ရပေသည်။ လက်တွေ့သွားရောက်ပို့ဆောင်သော အဖွဲ့ကား ကံကောင်းလှပေစွ။

ယခုအခါတွင် ကျမတို့သည် တပေါင်းတွင် အဖူးခံမည်လောဟု စောင့်မျှော်နေကြပါသည်။ အဖူးခံလျင်လည်း ပ၇ိသတ်က နည်းမည်မဟုတ်ပါပေ။ ယခုအခါ ဆရာတော်ကြီးသည် ကျမ်းစာရေးနေသည်ဟု သိရပါသည်။ ဆရာတော်ကြီး၏စာအုပ်များဖတ်လျင် ဆရာတော်ဘုရားကြီးသည် သူနေမကောင်းဖြစ်လျင် အများအတွက် ဘာမှမကျန်ဖြစ်မည်ကို ထည့်တွက်ကာ ကျမ်းစာရေးတတ်လေ့ရှိသည်ကို ဖော်ပြထားသည်ကို သတိထား မိနိုင်ပါသည်။

ပရိသတ်ကလည်း ဆရာတော်ကြီး အဖူးခံမည့်အချိန်ကို သဲကြီးမဲကြီးစောင့်နေမည်မှာအမှန်။ ကျမကတော့ ရွှေဘိုသားတို့ကံကောင်းလှချည့်ဟုသာမှတ်လိုက်ပါသည်။ ဝေဘူဆရာတော်ဘုရားကြီးကလည်း ရွှေဘိုသား၊ မဟာစည်ဆရာတော်ဘုရားကြီးကလည်း ရွှေဘို ဆိပ်ခွန်၊ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကလည်း ရွှေဘိုသား။ အဓိပတိ သာသနာ့အာဇာနည်ကြီးများထွက်ပေါ်လာ သလို တန်ဘိုးသိသမျှ အရယူသွားကြသော သာဝကများ ဝေနေယျများရှိသလို ကျော်သွားသူ တို့ အများယောင်လို့ယောင်လိုက်ရသည် သူတို့လည်း ရှိပါလိမ့်မည်။

သို့သော် ဘယ်သို့ဆိုစေ နီးနီးနေရသည်က ပိုတပန်းသာပါသည်။ ထစ်ဆို ကုသိုလ်ရနိုင်သည့်အခွင့်အရေးလည်း သူများထက်သာပါသည်။ ယူတတ်ရန်သာလိုပါသည်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts