မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟောကြားသောတရားများမှ ဒါနပြုရာပညာပါ
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ ဒါနနှင့်ပတ်သက်ပြီး ဆရာတော်ကြီးရှိရာ မဟာမြိုင်တောကြီးထဲသို့ လာရောက်ဖူးမျှော်တဲ့ သာဝကတွေ ဝေနေယျတွေကို မကြာမကြာ လမ်းမလွဲအောင် ဟောပြောသွန်သင်တော် မူပါတယ်။ ဘာလို့ဆို ဆရာတော်ကြီးထံလာရင် လှူဘွယ်ဝတ္တုတွေကို ခက်ခက်ခဲခဲ တောကြီးထဲရောက်အောင် သယ်ယူလာကြတဲ့ သဒ္ဓါတရားကို ချီးမြင့်သောအားဖြင့် လှူတတ်စေရန် ဟောကြားတယ်လို့ ယူဆရပါတယ်။
ကျမကြားနာရတဲ့ တရားတွေထဲမှ အကြိုက်ဆုံးနဲ့နှလုံးသားကို အထိမိဆုံးပညာပေးတဲ့ ဆရာတော်ဘုရားကြီးရဲ့ ဓမ္မစကားစုလေးတွေကို ကျမရေးသားပြီး ပြန်လည်မျှဝေလိုက်ပါတယ်။
(၁) ၀တ္တုပစ္စည်းကိုသာစွန့်တာ စိတ်ကိုမစွန့်ဘူး။ စိတ်ကိုပါစွန့်ဘို့လိုတယ်။
(၂) ငါလည်းမဖက် ပုဂ္ဂို၏ုလ်ဖက်လည်းမပါ ၀တ္တုမှာလည်းမစွဲမက် သက်သက်သောစေတနာ
(၃) ၀န်ထမ်းတွေ ဒါနကိုဦးစားမပေးနဲ့ သီလကို ဦးစားပေး ဆိုတဲ့အချက် (၃)ချက်ကိုပါဘဲ။
ဆရာတော်ဘုရားကြီးဟာ ပစ္စည်းကိုလှူတဲ့အခါမှာ မိမိရှာဖွေထားတဲ့ ပစ္စည်းကို လှူပြီးရင် မစင်ကဲ့သို့ သဘောထားရမယ်လို့ မဟာမြိုင်ကျောင်းအလှူကိုရေစက်ချပွဲမှာဟောကြားခဲ့ပါတယ်။ မစင်စွန့်ပြီးလျင် ပြန်လှည့်မကြည့်ခြင်တော့ဘူး။ အဲဒီလို သဘောထားဘို့ဟောကြားတော်မူပါတယ်။
(၁) မဟာမြိုင်တောရကိုလာရောက်ဖူးမျှော်ကြတဲ့ ဒကာဒကာမများ သာဝကများကိုတော့ ၀တ္တုကိုတော့ ပြတ်ပါတယ်။ စိတ်ကမပြတ်ဖူး။ တချို့ဆိုရင် သူတို့လှူထားတဲ့ကျောင်းရှေ့ကဖြတ်သွားရင်းတောင် အဲဒါဒို့လှူထားတဲ့ကျောင်းပေါ့လို့ ပြောတော့ ကျောင်းပေါ်မှာ နေတဲ့ ဘုန်းကြီးတောင် ဆင်းပြေးရမဲ့ပုံဘဲ ဟု မိန့်ကြားတော်မူပါတယ်။ လှူပြီးလျင် စိတ်ပါပြတ်သားရန်၊ စိတ်မပြတ်သည့်အတွက် အကျိုးထူးရသင့်လျက် မရနိုင်ကြောင်း ဟောကြားတော်မူပါတယ်။
(၂) စေတနာသည်သာလျင် အဓိကအကျိုးပေးတာဖြစ်ကြောင်း၊ အလှူလှူလျင် ဘာဖြစ်ပါစေ ညာဖြစ်ပါစေဟု ဆုတောင်းခြင်းများသည် သံသရာကို ဖိတ်ခေါ်နေသလိုဖြစ်ကြောင်း၊ နိဗ္ဗာန်ကိုသာ ရည်မှတ်ဆုတောင်းရမည်ဖြစ် ကြောင်း အလှူလှူသောအခါတွင် စိတ်တည်ငြိမ်အေးချမ်းစွာ (သို့မဟုတ်) အမှတ်ဖြင့်လှူခြင်းသည်သာ မြတ်သောအလှူဖြစ်ကြောင်း သွန်သင်ဆုံးမတော်မူပါသည်။ အရှင်ဆန္ဒာဒိက မှ ဆရာတော်ဘုရားကြီး စာရေးတတ်သဖြင့် စာရေးသည့်အခါသုံးရန်စာအုပ်များ လှူသောအခါ (အေးဗျာ စာသင်သားတွေကတော့ စောင့်နေပြီ ဦးဆန်ကြီး)ဟုပြောပါသည်။ ဆိုလိုသည်မှာ ဆရာတော်ကြီးသည် တထိုင်တည်းပင် အရှင်ဆန္ဒာဒိက လှူသော စာအုပ်များအား ပရိယတ္တိစာသင်နေသော စာသင်သားများအတွက်ပြန်လှူမည်ဖြစ်ကြောင်း ကြေငြာ လိုက်ခြင်းပင်ဖြစ်ပါသည်။
သင်္ကန်းလာလှူလျင်လည်း (ဒို့က ရောင်းစားမှာဗျ။ ပြတ်ရဲ့လား။ ကျောင်းလှူသော ဒကာ ဒကာမများကိုလည်း ကျောင်းကြီး ရောင်းစားမှာဗျ)ဟု စိတ်ပြတ်သားစေရန် မိန့်ကြားလေ့ရှိပါသည်။
တကယ်လည်း ဆရာတော်ကြီးသည် လှူသမျှကို ၀ိနည်းအရ အပ်စပ်သမျှသာ သုံးဆောင်ပြီး ကျန်တာများကို ပြန်လှူဒါန်းလေ့ရှိပါသည်။
(၃) ကျောင်းဆရာမလေး (၃)ဦး သင်္ကန်းလာလှူသောအခါ ဆရာတော်ဘုရားကြီးမှ (၀န်ထမ်းဆိုတာ ဒါနကို ဦးစားမပေးနဲ့ အသက်(၆၀)ကျော်ရင် သုံးဘို့စွဲဘို့စုရမယ်။ အသက်(၆၀)ကျော်လာရင် ခက်လာမယ်။ ၀န်ထမ်းက ဒါနအစား သီလကိုလုံအောင်ဆောက်တည်။ သီလကိုဦးစားပေး)ဟု ဆုံးမမိန့်ကြားတော်မူပါသည်။
ကျမသည်လည်း ၀န်ထမ်းတစ်ဦးဖြစ်ရာ ဆရာတော့်စကား၏ အတိမ်အနက်အား အထူးအလေးထားမိပါသည်။ ၀န်ထမ်းလောကတွင် လာဒ်လာဘမရသော် လစာတခုတည်းနှင့်ခက်ခဲ၏။ သို့မဟုတ် အပြင်တွင် စီးပွားရေးလုပ် ရမည်။ အပြင်ထွက်စီးပွားရေးလုပ်သော် လူတစ်ဦးသည် အလုပ်(၂)ခုကို တပြိုင်တည်း တာဝန်ယူရတော့၏။ ထိုအခါ တခုကတော့ လစ်ဟင်းလာသည်။ ရုံးမမှန်ဖြစ်မည်။ ၀တ်ကျေတန်းကျေလုပ်မည်။ လစာကတော့ ရနေတာ မဟုတ်လား။ အပြင်စီးပွားရေး အရေးကြီးလျင်ကြီးသလို ရုံးမှလစ်မည်။ သည်တော့ တန်ဘိုးအရှိဆုံးဟု လူများသတ်မှတ်ထားသော အချိန်ကို ခိုးယူသည့်အတွက် သီလကားကျိုးတော့သည်။ လာဘ်လာဘဆိုသည်မှာလည်း အကျိုးလိုလို့အကြောင်းလာခြင်းသာဖြစ်သည်။ စေတနာသက်သက်ကား ရှိတော့ရှိသည် ရှားပါသည်။ မိမိ နေရာရဘို့ အခွင့်အရေးရဘို့ ဘာလုပ်ရလုပ်ရ လုပ်ရဲသူများလည်း ထုနဲ့ဒေး။ ဒါကြောင့် နိဗ္ဗာန်၏ အခြေခံ အဓိကအုတ်မြစ် ဖြစ်သော သီလသည် ကျိုးပျက်ကြ ရတော့သည်။ (ဒါက ကျမရဲ့အတွေ့အကြုံမျှသာဖြစ်ပါသည်)။
အမရပူရမြို့မှ သာသနာ့အာဇာနည်တပါးဖြစ်သော ရှင်ဇနကာဘိဝံသသည် မသန့်ရှင်းသောငွေဖြင့်လှူသော အလှူ မသန့်ရှင်းသောငွေဖြင့်တည်သောဘုရားများကို လုံးဝအားမပေးကြောင်း ဖတ်ခဲ့ရဘူးပါသည်။
သီလသည်ကား ခါးဝတ်ပုဆိုးဟုဆိုသည်မဟုတ်ပါလား။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး