Tuesday, June 26, 2012

မဟာမြိုင်ခရီး-၂(အဆက်)






မဟာမြိုင်ခရီး-၂(အဆက်)
မဟာမြိုင်သို့ ၂၈-၂-၂၀၁၂ နေ့ညထွက်။ မုံရွာသို့ ၂၉-၂-၂၀၁၂ နေ့တွင် ရောက်ရှိပြီး ထိုနေ့ညကို ကျမတို့သည် ကားပေါ်တွင်သာကျော်လွှားလိုက်ခဲ့ကြပြီး (၁-၃-၂၀၁၂)နေ့ မနက်(၆)နာရီတွင်ကျောင်းသို့ရောက်ခါ မနက်(၉)နာရီ ဆွမ်းခံကြွလာသော ဆရာတော်ကြီးသပိတ်တော်ထဲသို့ ဆွမ်းလောင်းလှူခွင့်ရသည်။ တန်းစီနေသောလူများမှာ ပုညဝေသီ ဆွမ်းလောင်း ဇရပ်တွင် ဆွမ်းလောင်းလှူကြရသည်။ ဆရာတော်ကြီးအား လောင်းလှူရန်လျာထားသော ဟင်းများထဲမှ ကပ္ပိယကြီး ဒေါက်တာသန်းထွေးအောင်မှ ဆရာမရဲ့ဟင်းတွေက များတယ် သံဃာတော်တပါး မဟာမြိုင်ကျောင်းမှာရှိသေးလို့ အလှူခံလို့ရမလားဟုလာပြောသည်။ ကျမသည်လည်း အလှူခံသူအား ကျေးဇူးတောင်တင်မိသေးသည်။ ဆရာတော်ကြီးတင်သာမက အခြားသံဃာတော်အားပါ တပ်တိုးလောင်းလိုက်ရသဖြင့် ပီတိဖြစ်မိပါတော့သည်။ နေ့ခင်းတွင် ခေါင်နန်းပလ္လင်ပေါ်တက်ပြီး စရဏလုပ်နိုင်သလောက် လုပ်ရသည်။ တောကြီးထဲသို့တကူးတကန့် ခဲခဲယဉ်းယဉ်း လာရောက်ရန် မနည်းကြီးကြိုးစားရမှာ အောင်မြင်သွားချေပြီ။ရောက်လာသခိုက် အချိန်မဖြုန်းနိုင်ဘဲ ဆရာတော်ကြီးအား တရားဖြင့်ပူဇော်ခြင်းဖြစ်ပါသည်။ ကျမနှင့်အတူ ကျောင်းဆရာမဘ၀မှ မယ်သီလရှင်ဘ၀ကူးပြောင်းထားသော ဆရာလေးနှင့်အတူ ခေါင်နန်းပလ္လင်တွင် အတူ တရားထိုင်ကြပါသည်။ ညနေတွင် သာစည်မှ သာဝကများ ဆရာတော်ကြီးကန်တော့ရန် အုပ်စုလိုက်ရောက်လာတော့သည်။ နဲသည့် လူအုပ်မဟုတ်ပေ။ ကျမတို့သည် ကံရာမင်းကား(၂)စီးစာ။ သူတို့ကလည်းအုပ်စုလိုက်- ခေါင်နန်းပလ္လင် အောက်ထပ် အပေါ်ထပ်အပြည့်။ သူ့အုပ်စုနှင့်သူချက်ပြုတ်နေကြတော့သည်။ သူတို့ကို အကြောင်းပြပြီး ကျမတို့သည် မဟာမြိုင်ကျောင်းဆောင်မှ ခေါင်နန်းပလ္လင်အောက်ထပ်သို့ ရွေ့လာခဲ့သည်။ ရည်ရွယ်ချက်မှာ ညအချိန်တွင် ခေါင်နန်းပလ္လင်အပေါ်ထပ်သို့ တရားတက်ထိုင်လိုလို့ဖြစ်သည်။ ပန်ထွာဘုရင်မ(ခေါ်) ပြိဿနိုးမယ်တော်ကြီးနှင့် နောက်လိုက်နောက်ပါ မကျွတ်မလွတ်သူများအား မေတ္တာပို့အမျှဝေခြင်း ပြုလုပ်ခဲ့ပါသည်။
(၂-၃-၂၀၁၂) မနက်တွင် ပန်ထွာမယ်တော်ကြီးနှင့်တကွ မကျွတ်မလွတ်သူမျာ့း မြတ်စွာဘုရားကိုပူဇော်နိုင်ရန် ဆရာတော်ဘုရားကြီးကို ပူဇော်နိုင်ရန် လိုရာသုံးရန် ၄င်းတို့အတွက် ဆရာတော်ဘုရားကြီး၏ အကျွတ်အလွတ်ကျောင်းတော်မှ ဆွမ်းခံကြွလာရာ ဒုတိယ ခြံဝန်းအ၀တွင် အမွေးတိုင်များစွာစိုက်ပြီး လှူဒါန်းပေပါသည်။
လူအများစုသည် ဖယောင်းတိုင် အမွေးတိုင်များကို မယ်တော်ကြီးကို ပသခြင်းဖြစ်ကြပါသည်။ ကျမရည်ရွယ်ချက်မှ ထိုသို့မဟုတ်ပါ။ ၄င်းတို့အား ပသလျင် ၄င်းတို့သည် ဘုရားနှင့် သံဃာတော်များအား ပြန်လှူနိုင်ခြင်းမရှိပါ။ ကျမကား ၄င်းတို့အား ပသခြင်းမဟုတ်ပါ။ ၄င်းတို့ ကုသိုလ်ရစေရန် ဒါနအကျိုးခံစားနိုင်ရန် အလို့ငှာ ပေးခြင်း သာဖြစ်ပါသည်။
ထိုအမွေးတိုင်များကိုလှူတန်းနိုင်ရန်နာမ်လောကနှင့်ပတ် သက်ပြီး ငယ်စဉ်မှစ မကြာခဏ ကြုံတွေ့ခဲ့ဘူးသည်ဖြစ်ရာ နာမ်လောကအား လက်ခံသူဖြစ်ပါသည်။ ဆရာတော် ဘုရားကြီးသည်ကား မနောအာရုံကို ပိုင်သူဖြစ်ရာ ဆရာတော်ကြီးအား လျောက်ထားပေးပါရန်မှာကြားကြသော သံဃာတော်များ၏ စကားများကို မနောဖြင့်ပင် လျောက်ထားလိုက်ပါသည်။ ဆရာဘုရားကြီးကား ပျဉ်းမနား လက်လုပ်တောင်တွင် သီတင်းသုံးစဉ်ကပင် စိတ်ထဲတွင် ဖြစ်နေသော လျောက်လိုသောစကားများကို အလိုလိုသိနေသည်ကို ၄င်း၊ ရွှေဘို နတ်တလူတောရတွင် ညပိုင်းဆရာတော်ကြီးအား ဆရာတို့ မိသားစုနှင့်အတူ ဖူးမျှော်သောအခါတွင် လည်းကောင်း သတိထားမိခဲ့ပါသည်။
ဆရာတော်ကြီးသည် ၄င်း၏ကျောင်းတွင် တညသာတည်းခိုခွင့် ပြုပါသည်။ အမှန်တကယ် ကျင့်ကြံ အားထုတ်နေသူ ဆရာတော်သံဃာတော်များအတွက် ပရိတ်သတ်သည် အနှောက်အယှက်တစ်ခု ပင်ဖြစ်ပါသည်။ ဆရာတော်ကြီးကိုယ်တိုင်ကလည်း စည်းကမ်းထားသည်။ (တနှစ်တကြိမ်တွေ့ရပြီးတာဘဲ။ သူမသေသေးဘူး ငါမသေသေးဘူးသိရင်တော်ပြီပေါ့။ လာပြီးဘာလာလုပ်ကြတာလဲဗျာ၊ ခင်ဗျားတို့ဆီမှာ စာတတ်တဲ့ သံဃာတော်တွေ ဓမ္မကထိကတွေ တရားပြဆရာတော်တွေအများကြီးပါဗျာ။ ဘာလာလုပ်တာတုံးဗျာ။ ဒီကိုလာမဲ့အစား ဒီဘုန်းကြီးကို ကြည်ညိုလျင် အိမ်ကနေ ဒီဘုန်းကြီးအတွက်ဆိုပြီး တရား ၅ မိနစ်ပိုထိုင်ပါဗျာ)ဟု မကြာခဏမိန့်လေ့ရှိသည်။ မသေခင်၊ သာသနာမကွယ်ခင်၊ လူ့ဘ၀ကိုရသခိုက်ကာလ အရှုံးမခံကြရန် အောက်ကို ပြန်မဆင်းရန် အကြိမ်ကြိမ် သတိပေးတရားကို စကားပြေသက်သက်ဖြင့် ဥပမာပေး ကောင်းကောင်း အာဝဇ`္ဇန်းကောင်းကောင်းဖြင့် ဟောပြောပြီး အကြိမ်ကြိမ် သတိပေးတော်မူပါသည်။ ဆရာတော့်စေတနာကား မေတ္တာကား အံ့သြဘွယ်ပင်။
ကျမတို့မှာကား ဆရာတော်ဘုရားကြီးတရားမဟောတော့ဘူး ဆိုသည့်အချိန်မှ ဆရာတော့်ထံပါးသို့ရောက်ရ ပါတော့သည်။ ဆွမ်းလောင်းဇရပ်မဆန့်သဖြင့် ဒုတိယနေ့ ဆွမ်းလောင်းရန် အပြင်ဘက်တွင် ကပ္ပိယကြီးများက စီစဉ်ထားပါသည်။ ကျမသည်ကား ဒီနေ့ပြန်ရတော့မည်။ ဒီဆွမ်းကား သွန်ဆွမ်းထဲမပါလို။ ဘာကြောင့်ဆိုလျင် ကျမဆရာဒေါက်တာမြသွင်(ဆရာတော်ဘုရားကြီးမှ သွင်ကြီးဟုခေါ်ပါသည်)၏ဇနီး ဒေါ်ခင်ခင်ဆွေ(ဆွေကြီး)တို့ ထံဖုန်းဆက်ရာ မမဆွေနှင့်စကားပြောနေစဉ်ဆရာမှ ဆရာတော်ကြီးနောက်ဆုံးသပိတ်ထဲက ဘုန်းပေးမယ့်ဆွမ်း ကိုပါအောင်လောင်းခဲ့ဟူသော စကားကို သတိရလျက် ဆရာ၏စကားအတိုင်းကျမသည် ဆွမ်းလောင်းတန်း၏ နောက်ဆုံးနေရာအနီးသို့ တန်းစီနေပါတော့သည်။ ထိုအခါ…। ကျမတို့အဖွဲ့က ပြန်မည့်အဖွဲ့ သာစည်အဖွဲ့ကား ယနေ့မှရောက်သည့်အဖွဲ့ ကျမတို့အဖွဲ့ခေါင်းဆောင်မှ ဆွမ်းကိုမြန်မြန်လောင်းပြီး မြန်မြန်ပြန်ထွက်လိုသည်။ အကြောင်းပြချက်ကား ကားတန်းကြီးပိတ်မည်ဟုဆိုသည်။ ထို့အတွက် နောက်ဆုံးမဟုတ်သည့်နေရာ စောစော ဆွမ်းလောင်းပြီးမည့်နေရာသို့ ကျမအားရွေ့ရန်လာဆော်သြပါတော့သည်။ ကျမကားမလှုပ်၊ ကျမအား ၂ ခွန်း ၃ ခွန်းပြောလာသောအခါ… ဦးလေးထားခြင်ထားခဲ့ ကျမတခြားကားနဲ့ပြန်လိုက်လာမယ်။ ကျမဆရာက ဆရာတော်ကြီး သပိတ်ထဲ ဘုန်းပေးမဲ့ဆွမ်းပါအောင်လောင်းခဲ့လို့မှာထားတာ ပါအောင်လောင်းမှာဘဲ။ ဆရာတော်ကြီးဆီ လာဆွမ်းလောင်းတာ ကန်တော့တာမဟုတ်လား။ ဆရာတော်ကြီးကျောခိုင်းသွားမှသာ ကားပြန်ထွက်သင့်တယ် ဟုပြောလိုက်မိပါသည်။ စိတ်ထဲတွင်ကား ဒီဦးလေးကြီးတော့ ဒဏ်ချခံရတော့မယ် ထင်တယ်ဟု ဖြစ်မိပါသည်။ကျမကားခေါင်းအတော်မာပါသည်။ နေရာမရွေ့ပါ။ သာစည်မှ ဆရာတော်ဘုရား ကြီး၏ အမာခံဒကာမကြီးသည် သူမ၏သမီးအား နေရာရွေ့ပေးခိုင်းပါသည်။ သို့သော်ကျမလက်မခံပါ။
ဒီနေရာတွင် ဒဏ်ချခံရတော့မယ် ဆိုသောစကားကို အထင်မလွဲစေလိုပါ။ ဆရာတော်ကြီးကား မေတ္တာရေ အဖြူသက်သက် အပူမစွက်ဖြင့် မျှဝေပေးနေသည်။ ကျောသားရင်သားမခွဲခြား ရှေ့မှ အားထုတ်နေသည်။ ဆရာတော်ကြီးမေတ္တာတင်မက သူတော်ကောင်းအစားစားက ရှေ့တန်းကနေ ဝေနေယျသတ္တ၀ါတို့ ချမ်းသာပါ စေဟု အားထုတ်သည် မေတ္တာပို့နေသည်။ ထိုကိုမှ မထောက်ရှုလျင်ကား ဆရာတော်ဘုရားကြီးအား စောင့်ရှောက်နေကြကုန်သော သက်ဆိုင်ရာအစောင့်အရှောက်များသည် ခေတ်စကားနှင့်ဆိုသော် (သုတ်ပါလိမ့် မည်)။ ကျမတို့ဆရာတပည့်နှစ်ဦး ပုလဲတွင် ဆရာတော်ကြီး ကပ္ပိယအဖြစ်တာဝန်ယူထားသူ သစ်တောဌာနမှ တောခေါင်းနှင့် ရန်ဖြစ်ကြသဖြင့် ဒဏ်ချခံခဲ့ရဘူး ပါသည်။ နောင်အလျင်းသင့်လျင် ရေးသားပါမည်။
သာသနာ့နယ်မြေသို့လာလျင် သာသနာနယ်မြေနှင့် လျော်ညီသော အပြောအဆိုအနေအထိုင် အပြုအမှုများ ရှိအပ်ပါသည်။ ကျမငယ်စဉ်က ပုပ`္ပါးတောင်ပေါ်တွင် အဖွဲ့လိုက်ပြောဆိုကြသဖြင့်လည်း ပြသနာကြုံခဲ့ဘူး ပါသည်။ မြင်မှမမြင်ရတာ။ မယုံဘူးဟုပြောသည့်သူများများပါသည်။ (၂-၃-၂၀၁၂)နေ့တွင် ကျမလည်း သွန်ဆွမ်းမဟုတ်သော ပါဆွမ်းလောင်းလိုက်ရသဖြင့် တလုပ်တဆုပ်သော ဆွမ်းအတွက် စိတ်ကြေနပ်မှု ပီတိများဖြင့်လည်းကောင်း၊ နှစ်ပေါင်းများစွာ မဖူးမျှော်ရသော ဆရာတော်ဘုရားကြီး၏ လ၀န်း၏ ရောင်ခြည်ကဲ့သို့ မေတ္တာအပြည့်ပါသော မျက်နှာတော်အား ဖူးမျှော်ခဲ့ရ သည့်အတွက် ဝေးလံသောခရီး၊ ကြမ်းတမ်းသောခရီးကို မကြာခဏဆရာတော်ဘုရားကြီးထံ ကားကြီးများနွံတွင်နစ်မှန်းသိပါလျက်၊ ဗွက်တွေထသည်ကို သိပါလျက် ခက်ခက်ခဲခဲလာရောက်ဖူးမျှော်ကြသူတို့ ကိုလည်း လေးစားမိပါတော့သည်။ ဆွမ်းလောင်းပြီးသည်နှင့်မဟာမြိုင်တောကြီး ဆရာတော်ကြီးသီတင်းသုံးရာ ခေါင်းနန်းပလ္လင် ဓမ္မေသစခမ်းမှ ပြန်ထွက်ခွာ လာကြပါတော့သည်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts