Wednesday, June 20, 2012

မလုပ်တတ်လုပ်တတ်နဲ့လုပ်ထားတဲ့ ဘလော့ ဘာကြောင့်ရေး

မလုပ်တတ်လုပ်တတ်နဲ့လုပ်ထားတဲ့ ဘလော့ ဘာကြောင့်ရေး

တကယ်တော့ ဒီဘလော့ကို create လုပ်ထားတာ ၁၉၉၉ ခုနှစ်ထဲက ဖြစ်ပါတယ်။ သို့သော် တလုံးမှမရေးဖြစ်ခဲ့ပါဘူး။ HTML တွေကို အင်တာနက်ခေတ်ဦးက လေ့လာခဲ့ဘူးတယ်။ Computer wizard nick name သူငယ်ချင်းဖြစ်သူ ဒေါက်တာထက်ကြူက ပေးထားခဲ့တဲ့သူပါ။ သူက ရှာပေးဖွေပေးလို့စာအုပ်ဖတ်ရင်းလေ့လာထားတာပေါ့။ အခုတော့မေ့ပြီ။ မလုပ်တာ မထိတွေ့တာကြာရင် မေ့တာပါဘဲ။

အဲကျမအားကိုးခဲ့ရတာကတော့ အသက်(၂၅)နှစ် အိုင်တီပညာရှင်လေးဖြစ်တဲ့ ကိုအာကာဖြိုး www.akarphyoe.com ဆိုက်ကလေးပါဘဲ။ www.kp3family.blogspot.com နဲ့ အခြား blogger tutorial တွေမှာ ဟိုဟာလေး ကြည့်လိုက်ဖတ်လိုက်။ ရှာမရလိုက် စိတ်ညစ်လိုက်နဲ့ ဒီဆိုက်ကလေးကိုလုပ်ဖြစ်သွားတာပါ။ အစီအစဉ်မကြရင်လည်း ဖတ်ရှု့သူတို့ သီးခံပေးကြပါတော့။

ဒီဆိုက်ကိုရေးရခြင်းအကြောင်းအရင်းဟာ မဟာဗောဓိမြိုင်ဆရာတော်ကြီးကို ကြည်ညိုလွန်းလို့ရေးဖြစ်သွားတာပါ။ ကျမတို့က တကယ်တော့ နောက်ကောက်က အပြေးအလွှားလေး ဒရွတ်တိုက်လိုက်ပါရသူပါ။ သူများတွေက ဆရာတော်ကြီးထံ ကတီးကတီးသွားကြလာကြ။ ကျမတို့က အားတွေကျပေါ့လေ။ အထူးသဖြင့် စည်းကမ်းရှိတဲ့ ဆရာတော့် တပည့်သာဝကတွေဟာ (ရွှေဘို သာစည် တန်ဆည် ပျဉ်းမနား ရန်ကုန် လာဟူလီရှော ဇီးကုန်း စသည်တို့) ဆရာတော်ဘုရားကြီးသတ်မှတ် ပေးထားတဲ့ ရက်ကိုဘဲ ဆ၇ာတော်ကြီးဆီသွားရောက်ဖူးမျှော်ကြပါတယ်။ သို့ပေမဲ့ အဖူးမျှော်ခံ(၄)နှစ်ကာလမှာ တစ်နှစ်မှ မရောက်ခဲ့ဘဲ။ ဆရာတော်ဘုရားကြီးက တရားလဲမဟောတော့ဘူး ဆွမ်းဘဲ ခံတော့မယ်လို့ ကြေငြာလိုက်မှ ကျမဟာ မဟာမြိုင်ကိုအပြေးအလွှားရောက်ခဲ့ပါတော့တယ်။ တကယ်တော့ ဆရာတော်ကြီးဟာ အစာအိမ်နာတဲ့ေ၇ာဂါရှိပါတယ်။ တောတောင်တွေကြားထဲမှာ ဆင်းရဲခံပြီးနှစ်ပေါင်းများစွာသီတင်းသုံးလာတဲ့ ဒဏ်က ခန္တာကိုယ်ကိုထိခိုက်လာတော့တာပါဘဲ။ ဆရာတော်ကြီးထံပါးမှာ အိုးအိမ်တွေထားပစ်ပြီး လိုက်စောင့်ရှောက်ခဲ့ကြတဲ့ သူတွေအများကြီးထဲမှာ ဒေါက်တာသန်းထွေးအောင် (ရွှေဘို)နဲ့ ဦးကျော်လွင်(သာစည်)တို့ဟာ ကျမတို့ရောက်သွားတဲ့အချိန်မှာ မဟာမြိုင်မှာ အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့တဲ့သူတွေဖြစ်တယ်။ သူတို့တွေ ဒီတောချည်းထဲ လိုက်နေတာကို လည်း ချီးကျူးမိပါတယ်။

ဆရာတော်ကြီး မဟာမြိုင်တောကြီးထဲကိုရောက်ပြီ အဖူးခံပြီဆိုကတည်းက သူများတကာတွေ အလျိုလျိုသွားခဲ့ရပေမဲ့ ၀န်ထမ်းကလည်းဖြစ်ပြန်တော့ စိတ်ရှိတိုင်းသွားမရ လာမရ။ သွားနိုင်တဲ့သူတွေကို အားကျပြီးရင် အားကျရင်းနဲ့ဘဲ စင်္ကာပူက ကိုကျော်ဇေလှ (www.dhamalink.com )တို့ ဒီဇင်ဘာလကုန်လောက်မှာ ဗမာ ပြည်ရောက်လာပြီး သွားကြတယ်ပေါ့။ ကျမနဲ့တော အီးမေး ဖုန်းနဲ့ဘဲ ပြောလိုက်ဆိုလိုက်ရပါတယ်။ ကျမတို့ကတော့ ဗမာပြည်နေပြီးဆရာတော်ကို မဖူးနိုင် ဒီတော့ ဖူးဖြစ်အောင်ဖူးမယ် နောင်ကို ဖူးခြင်လို့ မဖူးလိုက်ရတာမျိုးဖြစ်မှစိုးလို့ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီအကုန် မှာသွားဖူးကြတာပါ။ ပျဉ်းမနား သာဝကအဖွဲ့နဲ့အတူတူပါ။ အခုဆိုရင် ဆရာတော်ဘုရားကြီးဟာ မိုးမိတ် ရွှေမြင်တင်တောင်မှ မပဒါန်းဂူ၊ ၄င်းမှတဆင့် ရွှေဘိုမြို့နယ်သို့ပြောင်းရွှေ့သွားပြီး မည်သူမျှမလာရလို့ တားမြစ်ထားလိုက်တဲ့အတွက် ကျမတို့ဟာသွားဖူးလိုက်ရတာကို ကြည်နူးမဆုံးဖြစ်ခဲ့ပါတယ်။

ဒီဆိုက်လေးဟာ ကျမကဲ့သို့သော ဆရာတော်ဘုရားအပေါ်မှာ ကြည်ညိုကြတဲ့ သူတွေ တနယ်တဝေးမှာ အလုပ်လုပ်နေပြီး ဖူးမျှော်ခြင်ပါလျက် မဖူးမျှော်နိုင်သေးတဲ့ ဓမ္မမိတ်ဆွေတွေ အကြောင်းကြောင်းကြောင့် ဆရာတော်ကြီးထံသွားရောက်လိုပါသော်လည်း မသွားေ၇ာက်နိုင်တဲ့ သံဃာတော်များအတွက် ရည်ရွယ်ရေးသားတာဖြစ်ပါတယ်။ အမှားအနည်းဆုံး ဖြစ်အောင်ကြိုးစားထားပါတယ်။ တချို့သော သတင်းအချက်အလက်များ ဟာ ဆရာတော်ကြီးအရင်က သီတင်းသုံးသွားတဲ့ ပျဉ်းမနား လက်လုပ်တောင် နန်းသွင်းစေတီမှ ကျောင်းထိုင်ဦးဇင်းလေး ဦးခေမာ ထံမှ ရရှိတာဖြစ်ပါတယ်။ တရားများကတော့ အောင်နီဦး ဗွီဒီယို တန့်ဆည်မှ ဦးသန်းရှိန်မှ မှတ်တမ်းတင်ပူဇော်ထားတာကို ပြန်လည်ထုတ်နှုတ်ရေးသား ထားတာဖြစ်ပါတယ်။

ဒီဘလော့လေးဟာ အမြင်အသွင်အားဖြင့် မလှမပလေးရှိပေမဲ့ ဆရာတော်ကြီးရဲ့ တရားတော်တွေကိုတင်ထားတဲ့အတွက် မသိသူကျော်သွား သိသူဖော်စား သွားမှာဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ အမြဲတမ်း သူ့ဝေနေယျတွေကို အလှူလှူတတ်အောင် ရေစက်ချတတ်အောင် တရားအားထုတ်တတ်အောင် တရားနဲ့သိပ်မနီးတဲ့သူတွေဆိုရင်နောက်ဆုံးပုတီးနဲ့ သတိလေးခံပြီးစိပ်တတ်အောင်၊ နိုင်ငံတော်အကြီးအကဲပိုင်းတွေဆိုလည်း အလုပ်လုပ်ရင်း မင်္ဂလာတရား တော်နဲ့အညီနေတတ်အောင်၊ ရုံးဝန်ထမ်းများ ဆရာမများကိုဆိုလည်း ဒါနဖက်ကိုအားမသန်ဘဲ သီလကိုလုံခြုံအောင် ထိမ်းတတ်အောင်၊ ဥပုဒ်ကို ဘယ်လိုစောင့်ရမှာလဲ၊ သီလလုံအောင်ဘယ်လိုလုပ်မလဲ ဆိုတာတွေကို အာဝဇ္ဇန်းရွှင်ရွှင်နဲ့ ဥပမာများပေးပြီး ရိုးရိုးလေးနဲ့ဟေြာေ့ပာသွားတာဟာ အင်မတန် မှတ်သားနာယူဘွယ် လိုက်နာဘွယ် ကြည်ညိုဘွယ်ကောင်းလှပါတယ်။

ကျမအင်တာနက်သုံးရတာဟာ အပြင်ဆိုင်မှာသုံးရတာဖြစ်ပါတယ်။ ဆိုင်မှာစာရိုက်နေလို့မဖြစ်တဲ့အတွက် အိမ်ကနေစာတွေကြိုရိုက်ထားခဲ့ရပါတယ်။ ဒါကြောင့် ဖတ်သူများကို သီးခံဘို့ မေတ္တာရပ်ခံအပ်ပါတယ်။တရားခွေတွေထဲကလည်း နာရင်း စာရိုက်ရပါတယ်။ ပြီးရင် ဘလော့ပေါ်တင်ပါတယ်။ ကျမဘလော့ကလေးကို ဖတ်ရှုတယ်ဆိုရင်ကို ကျေနပ်လှပါပြီ။ ရောက်တတ်ရာရာလေးတွေလည်းရေးတင်ထားပါတယ်။ ဒါလေးတော့ သီးခံကြပါလို့။ တကယ်တော့ ကျမဟာ တရားခွေတွေကို မူရင်းအတိုင်း တင်ခြင်ပါတယ်။ ဒါပေမဲ့ တရားခွေတွေကို ဗမာပြည်ကနေ upload လုပ်ဖို့ရာဆိုတာ မဖြစ်နိုင်လို့ လက်လျော့ထားရတာပါ။

အပြင်အဆင်မလှပတဲ့အတွက် စာဖတ်သူများကို အထူးမေတ္တာရပ်ခံအပ်ပါတယ်။ နောက်ထပ် သံဃာ့ဂုဏ်ကိုကြည်ညိုတတ်စေရန် အဆုံးအမများနဲ့ ဆရာတော်ကြီးပြောတဲ့ မကျွတ်မလွတ်တဲ့ သူတွေအကြောင်း အရှင်ဆန္ဒဓိကသွားရောက် ကြည်ညိုစဉ်ကဟောသောတရားများ ထဲကကောက်နှုတ်ဖော်ပြသွားမှာဖြစ်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မေတ္တာရည်လျက်

ဘလော့ရေးသူ

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts