မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ရတနာ(၃)ပါးအား ကျောက်ထုပ်၊
ရတနာထုပ်ကြီးသည် မျောက်အုပ်ကြားချသော် မျောက်သည် ရတနာမှန်းမသိဆော့စရာ တခုအဖြစ်အသုံးပြုခဲ့သည်ကို
တရားထည့်ဟောထားဘူးပါသည်။
ပြီးခဲ့သော ၂ ရက်ခန့်က ကျမ၏ဆရာဟောင်းတစ်ဦးဖြစ်သူ ဆရာဦးလှတင်နှင့်
ဇနီးမထင်မှတ်ဘဲ ကျမတို့ရုံးကြီးအောက်တွင် တွေ့လိုက်ရသဖြင့် ကျမသည် ၀မ်းသာအဲလဲနှုတ်ဆက်ပြီး
စကားပြောမိကြပါသည်။ ထုံးစံအတိုင်း မည်သည့်အကြောင်းအရာက စစ နောက်ဆုံးတွင် တရားထိုင်ရန်ဝါသနာပါသူများသည်
တရားအကြောင်းသာ ကျောက်ချပြောဆိုမိကြပါသည်။
ကျမတို့ပိတ်ရက်တွင် တရားအားထုတ်ရန် မနည်းကြိုးစာရကြောင်းမှစပြောဖြစ်ပြီး၊
တချို့သော ရိပ်သာများမှာ စည်းကမ်းပိုင်းတွင်အရမ်းလျော့ရဲကြောင်းပြောမိပါသည်။ ရိပ်သာတခုသို့
ကုသိုလ် ဖြစ်လာရောက်သူများလျင် အမှန်တကယ်တရားအားထုတ်လိုသူများအတွက် အနည်းငယ်အခက်တွေ့
ရပါသည်။ တန်းဖြုတ်တာနဲ့ စကားများကြ၊ မိတ်ဖွဲ့ကြ။ အလွန်စည်းကမ်းရှိသောရိပ်သာတွင်တောင်မှ
အဆောင်ပြန်ရောက်လျင် စကားတွေများကြသည်ကို ကြုံတွေ့ရကြပါသည်။ တချို့ဆိုလျင် ရိပ်သာလာပြီး
မိတ်ဆွေများဖွဲ့ကြသဖြင့် ဆရာတော်ကြီးများ ဆူသံလည်းကြားခဲ့ရဘူးပါသည်။
ရိပ်သာလာ ရတနာထုပ်ကြီးလာကောက်ပါမှ မျောက်အုပ်ကြားတွင် ရတနာထုပ်ချထား သလိုဖြစ်နေပါ ရောလားဟုစိတ်ထဲတွင်ဖြစ်မိခဲ့ပါသည်။ စည်းကမ်းသည်တရားတက်ရန်အတွက်များစွာ အထောက်အကူဖြစ်ပါသည်။
ဝဇီပိတ်မဟုတ်တောင် အဖြစ်နိုင်ဆုံး ၀ဇီပိတ်နေခြင်းသည် တရားအတွက် များစွာအထောက်အပံ့ဖြစ်စေပါသည်။
ရသမျှလေးအရယူဘို့လာသည့်အတွက် ရှားပါး လှသောအချိန်များအတွက် ရိပ်သာကိုရွေးချယ်ရကြောင်း
ပြောမိပါသည်။ ကျမတခါထိုင်သောရိပ်သာ ဆိုလျင် စင်္ကြန်လျောက်နေသည်ကို စကားဘေးမှလိုက်ပြောနေသည်ကို
အတော်သီးခံခဲ့ရပေသည်။
ထိုသို့သောအကြောင်းများကိုအခြေခံပြီး တန်ဘိုးရှိသည့်ရတနာထုပ် လက်ဝယ်ရောက်နေပါလျက်
မြင်နေရပါလျက် ကောက်လို့ရပါလျက်နဲ့ ရတနာထုပ်မျောက်အုပ်ကြားရောက်နေသလိုဟူသော ဆရာတော်ဘုရားကြီး၏
ရတနတ္တယ ဇောတိနိကထာ စာ-၃၆၅ ကိုတင်ဆက်လိုက်ရပါသည်။
ရတနာဟူသောစကားသည် သတ္တ၀ါတို့၏မြတ်နိုးမှုကိုဖြစ်စေသည်ကိုဆို၏။
ဘာကြောင့်မြတ်နိုးရသနည်း။ မိမိနှင့်အသုံးတည့်လွန်းလို့။ ခွေး ၀က်၏ ရတနာသည်မစင်။ နွားကျွဲတို့၏ရတနာကား
မြက်။ မျောက်တို့၏ရတနာကားသစ်သီး။ သို့လျင် မိမိတို့နှင့် အသုံးတည့်ရာ တည့်ရာ အမြတ်တနိုးထားကြလေရာ-
မျောက်အုပ်ထဲ စိန်ကျောက်စသည် လူ့ရတနာထုပ် ပစ်ချက မကောက်ယူ၊
ကောက်ယူသော်မှ ဖြေကြည့်၊ ကစားကြည့်၊ အသုံးမတည့်သဖြင့် ဆောင်ခြင်း၊ စားသုံးခြင်းအမှုကားမပြုပြီ။
အကယ်တိတိ ငှက်ပျော မာလကာစသည်တို့ကိုပစ်ချပေးလိုက်ပါသော်ကား။
သင်သည်လည်း လောကီ ယခုဘ၀ အသုံးတည့်သည့် တစ်ခဏစာ၊ တစ်ဘ၀စာ
ရွှေငွေကြေးလောက် ဘုရားဂုဏ်အပေါ် တရားဂုဏ်အပေါ် သံဃာဂုဏ်အပေါ် မြတ်နိုးရကောင်းမှန်းမသိလျှင်
မယားရတနာ၊ သားရတနာ၊ သမီးရတနာလောက်မျှ ထိုဘုရားဂုဏ် စသည် အပေါ်အလေးမထားတတ်သေးလျင် ယုတ်စွအဆုံး
မိမိအလွန်မြတ်နိုးလှပါသည်ဆိုသော အစားအစာ တစ်နပ်စာလောက်မျှ မမက်မောသေးလျှင် ယခုသာသနာနှင့်ပက်ပင်းတိုး
တိုးနေသော်မှလည်း မျောက်အုပ်ကြား ကျောက်ထုပ်ချထားရသည်နှင့် ဘာမျှမခြားနားပြီ။ ထိုထိုကိစ္စ
အကျဉ်းအကြပ်တွေ့ရစဉ်
-ဘုရားကျောက်ဆင်းတုနှင့် ပတ္တမြားတစ်ခဲ ကြိုက်ရာယူ အခွင့်အရေးရချိန်
စဉ်းစားပါလေ။
-တရားနာနေဆဲ သား=လူသတ်မှုဖြင့် ဖမ်းသွားပြီ သတင်း အရေးတကြီးပို့လာချိန်စဉ်းစာပါလေ။
-သံဃာဖူးတွေ့ရဆဲ သင့်အိမ် ဓားပြတိုက်သွားပြီသတင်း အရေးတကြီးပို့လာချိန်
ဆုံးဖြတ်ပါလေ။
သရဏဂုံဟူသောစကားသည် သတ္တ၀ါတို့၏ ဘေးကိုပယ်ဖျောက်ပေးတတ်သည်ကိုဆို၏။
၁။ ဘုရားသည်အကျိုးမဲ့ဖြစ်က တား၊ အကျိုးရှိအရာဖြစ်နေက ပွားစေသောအားဖြင့်
သတ္တ၀ါတို့၏ ပစ္စက္ခဘေး သံသရာဘေးတို့ကို ကယ်မဆယ်တင်ပေးတော်မူ၏။
၂။ ဘုရားတရားတော်သည် စိတ်ကို ကိလေသာအပူဘေးဆိုးကြီးမှ ထုတ်ယူဆွဲနုတ်ပေးပြီးကိုယ်ကိုလည်း
ကိလေသာအပူ မီးအဟပ်တို့မှ သက်သာရာပေးနေချေ၏။
၃။ ဘုရားသာဝက သံဃာကလည်း အနည်းငယ်မျှ လှူဒါန်းသည်ကပင် များသော
မြတ်သော အကျိုးကိုပြုစုပေးသောအားဖြင့် သတ္တ၀ါတို့၏ မကောင်းကျိုးဘေးကို ကာကွယ်ပေးနေချေ၏။
သင့်စိတ် ဘုရားစကားနားထောင်သောအားဖြင့်-
ဘုရား-ဘုရားဟူ တစ်ချက်လေးမျှ နှလုံးသွင်းမိစေရုံမျှဖြင့်
ရှိသမျှဘေး စိတ်မှ ကင်းဝေးပြီသာ။ အရဟံ စသည် ဂုဏ်ကျေးဇူး အထူးအောင့်မေ့နေလျှင်ကား ဆိုဖွယ်ပင်
မရှိတော့ပြီ။
တရား-တရားဟူ တစ်ချက်လေးမျှ နှလုံးသွင်းမှန်ရုံဖြင့် ရှိသမျှအပူဘေး
စိတ်မှ ဝေးပြီသာ။သွာက္ခာတစသည် ဂုဏ်ကျေးဇူး အထူးအောင့်မေ့နေလျှင်ကား ဆိုဖွယ်ပင် မရှိတော့ပြီ။
သံဃာ-သံဃာဟု တစ်ချက်လေးမျှ နှလုံးသွင်းမှန်ရုံဖြင့် ရှိသမျှ အပူဘေး စိတ်မှဝေးပြီသာ။
သုပဋိပန္န စသည် ဂုဏ်ကျေးဇူး အထူးအောင့်မေ့နေလျှင်ကား ဆိုဖွယ်ပင် မရှိတော့ပြီ။
ထိုသုံးပါးတို့၏ ဂုဏ်သတ္တိသ်ညပင် သရဏဂုံ အမည်ရနေပြန်ပါ၏။
ယုံသဖြင့် ပုံအပ်ထားသူတိုင်း၏ အတွင်းဘေး၊ အပြင်ဘေးများကို ပယ်ဖျောက်ပေးနိုင်သောကြောင့်ပင်
ဖြစ်ပါ၏။
ထိုသရဏဂုံတို့သည် ယုံသူတို့ပုန်းအောင်းရာ မှီခိုရာ လဲလျောင်းရာဌာနဟူလည်း
ဆိုရပါသေး၏။
ယခုဆရာတော်ဘုရားကြီး၏ သြ၀ါဒစာများဖြင့် တရားအားထုတ်ရာတွင်
တရားပြပေးခဲ့ကြသော ရွှေစေတီဆရာတော် (နေပြည်တော်)၊ ဆရာတော်ဘုရားကြီး ဦးဝါယမ၊ မဟာစည်ရိပ်သာ(ပျဉ်းမနား)၊ မိုးကုတ်ရိပ်သာ(ပျဉ်းမနား၊
ညောင်ဦး)၊ အလိုတော်ပြည့်ကျောင်း(ညောင်ဦး)၊ ချမ်းမြေ့ရိပ်သာ(ပြင်ဦးလွင်)၊ ငါးဆူ ဒိဌဓမ္မလယ်တီရိပ်သာ(သာစည်)နှင့်အနာဂါမ်ဆရာသက်ကြီးအဖွဲ့မှ
တရားပြဆရာများနှင့် တရားရှုရာတွင် မရှင်းလင်းသည်များကို မေးမြန်းသည်ကို စိတ်ရှည်လက်ရှည်ဖြင့် စိတ်၏သဘောများကို ရှင်းပြပေးသော မဟာမြိုင် ဦးဇောတိကဆ၇ာတော်ဘုရားများအား ရိုသေမြတ်နိုးလက်ဆယ်ဖြာမိုး ရှစ်ခိုးကန်တော့အပ်ပါသည်။ ဘာသာရေးတွင်အစစသွန်သင်ဆုံးမပေးခဲ့ကြသော
(ဦးလှတင်-ဒေါ်လှမူ မိသားစု၊ ဒေါ်နုကရမက်-ပျဉ်းမနား)၊ အထွေထွေမန်နေဂျာဟောင်း ဆရာကြီးဦးအောင်ခင်၊
ဆရာအရင်းအချာဖြစ်သော မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ဒကာ ဒေါက်တာမြသွင်၊ ဇနီးဒေါ်ခင်ခင်ဆွေ
(သင်္ကန်းကျွန်း) တို့အားလည်း လက်ဆယ်ဖြာမိုး ရှစ်ခိုးကန်တော့အပ်ပါသည်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး