လမိုင်းများ
လမိုင်းဆိုသည်ကား ပါဝါရှိသောသူတစ်မျိုးဖြစ်သည်။ သူ့တို့သည် ကျင့်ကြံအားထုတ်ခဲ့သဖြင့် ပါဝါရှိသည်။ သို့သော်အကောင်းဘက်သို့မလာ အဆိုးဘက် အဖျက်ဖက်သို့ ဦးတည်ကြသည်ဟု ရွှေပေါ်ကျွန်းဆရာတော် ဘုရားကြီး၏ တပည့်ရင်းဆရာမကပြောပြပါသည်။
တခါက လူဝင်မှုကြီးကြပ်ရေးမှ အငြိမ်းစားအရာရှိတစ်ဦးနှင့်ကျမစကားပြောဖြစ်ပါသည်။ ဦးသန်းဝင်းဖြစ်ပါသည်။ ဦးသန်းဝင်းက ပုဏ္ဍားသွေးပါသည်။ ဗေဒင်တွက်ရာတွင်နာမည်ကြီးသည် ကြေးလည်းကြီးသည်။ တနေ့သော် သူ့တူနှင့်ပတ်သက်၍ ကျမနှင့်ဆုံဖြစ်ပါသည်။ ထိုစဉ်ကကျမမှာပုတီးကိုစိပ်ဖြစ်သည့်အချိန်ဖြစ်ပါသည်။ တခါတရံတွင် ထူးဆန်းသောအိမ်မက်များရသည်။ ထိုအိမ်မက်သည်သိပ်မကြာခင်အမှန်ဖြစ်နေတတ်သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီးလည်းကောင်း ငယ်စဉ်ကကြုံခဲ့သော ပုပ္ပါးဇတ်လမ်းအကြောင်းကို၎င်းပြောပြမိပါသည်။ ဦးသန်းဝင်းက ကျမအား သူအကြားဓါတ်ရပုံကိုကျမအားပြောပြပါသည်။ သူသည်နေ့စဉ်ဖယောင်းတိုင်တစ်တိုင် ကုန်သည်အထိ အဓိဌာန်ဖြင့်ပုတီးစိပ်သည်ဆိုပါသည်။ ကြာသော် သူ့နားထဲတွင် တစုံတစ်ဦးသည်စကားလာ ပြောနေသည်တဲ့။ သူ့ထံသို့ တဦးဦး ဗေဒင်လာတွက်သော် ထိုသူ၏အကြောင်းများကို နားထဲတွင်လာပြော နေသည်တဲ့။ ထိုအသံရှင်ပြောသည့်အတိုင်းပြောလိုက်လျင် ကွက်တိ ၁၀၀% မှန်သည်တဲ့။ ထိုကြောင့်သူသည် အသံရှင်ကိုအားကိုးလာသည်။ မှန်လည်းမှန်သည်။ နာမည်လည်းကြီးသထက်ကြီးလာသည်။ နှစ်အနည်းငယ် ကြာသော် သူဟောပြောသမျှတို့သည် တဖြေးဖြေးလွဲချော်လာသည်။ ယခင်နှင့်တခြားစီဖြစ်လာသည်။ သူသည် ထိုအသံရှင်ကို မသင်္ကာတော့ တရက်သော် လာပြောသောအသံရှင်ကို မင်းဘယ်သူလည်း ငါ့ကိုဘာကြောင့် နှောင့်ယှက်နေတာလဲဟု မနောဖြင့်မေးလိုက်ရာ၊ ထိုအသံရှင်မှ ငါလမိုင်းကွဟုပြောပါသည်တဲ့။ ဦးသန်းဝင်းမှ အစစ်အမှန်မဟုတ်လျင် အန္တရာယ်ရှိကြောင်း။ အကြားအမြင်လောကသည် ရှုတ်ထွေးကြောင်း၊ သမာဓိမခိုင်မာ လျင်လည်းနှောင်ယှက်ရန်လွယ်ကူကြောင်း သူ့အတွေ့အကြုံကိုပြောပြခဲ့ဘူးပါသည်။ သာသနာတော်တွင် အမှိုက်များစွာရှိသည်ကို အထူးသတိချပ်စေလိုပါသဖြင့် ရေးသားရခြင်းဖြစ်ပါသည်။
တရားထိုင်နေသူအား ဂိုဏ်းမှလိုက်နှောက်ယှက်ခြင်း
တကဲ့အဖြစ်အပျက်တခုကို ပြောပြလိုပါသည်။ ဗဟုသုတလည်းရ လွဲမှားသောလမ်းများကိုလည်း ရှောင်နိုင်စေရန်ရည်ရွယ်ပါသည်။ အယုံလွဲ အလွဲယုံဆိုသလို တခါတရံငယ်စဉ်ကာလ အတွေ့အကြုံ ဗဟုသုတ နည်းသဖြင့် လုပ်မိခဲ့သောကိစ္စတခုသည် တရားထိုင်သောအခါ အနှောင့်မယှက်ပြုသည်ကို ကျမချစ်သော ဓမ္မမိတ်ဆွေများအား မျှဝေလိုခြင်းဖြစ်ပါသည်။
ကျမသူငယ်ချင်း၏ ဖခင်၏ တကဲ့အဖြစ်အပျက်ဖြစ်ပါသည်။ ကျမကအဘဟုခေါ်ပါသည်။ အဘသမီးဖြစ်သော ကျမသူငယ်ချင်းကား တရားထူးချွန်သူဖြစ်ပါသည်။ အဘသည် သူ့အဖြစ်အပျက်ကို ကျမသူငယ်ချင်းအား ပြောပြသည်။ သမီးဖြစ်သူက လက်မခံပါ။ အဖေစိတ်ထင်တာနေမှာပါဟုဆိုသည်။ နောက်တကြိမ်ထပ်မံပြီး ရိပ်သာသွားခိုင်းသည်။ အဘကားမသွားတော့ သို့သော် အသက်ကြီးသူတို့အဖို့ တရားသည်သာ အားကိုးရာ တရားတော့ထိုင်မှဖြစ်မယ်ဆိုကာ တနှစ်ခန့်ကြာသော် နောက်ရိပ်သာတခုသို့ပြောင်းပြီးတရားထိုင်သည်။ သို့သော်မရပါတဲ့။ အဖြစ်အပျက်ကား သည်လိုပါ။
အဘသည် ငယ်စဉ်က ဂိုဏ်းတဂိုဏ်းကိုဝင်ခဲ့သည်။ ၅ ပါးသီလကို မကျိုးမပေါက်စောင့်ထိမ်းပါမယ်ဟု သစ္စာဆိုရသည်။ ဂိုဏ်းစည်းကမ်းကိုလိုက်နာရသည်တဲ့။ ၀င်ထားတာကလည်းနှစ်ကြာပြီ။ ပျဉ်းမနားတွင် လည်း ထိုဂိုဏ်းကအဖွဲ့တစ်ခုအနေနဲ့မရှိသဖြင့် နှစ်ကြာသော် မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်ဟုဆိုပါသည်။ တခါသော် အဘသည် ကံဦးမဟာစည်ရိပ်သာတွင် သွားရောက်တရားသွားထိုင်သည်။ တရားထိုင်ပြီး တစ်ပတ်ခန့်ကြာသော် အဘ၏ခန္တာကိုယ်ထဲသို့ခေါင်းပေါ်မှ အနီရဲရဲမီးနီသေးသေးလေးသည် ခန္တာထဲဝင်သွား သည်ဟုပြောပြပါသည်။ ထိုအနီရောင်မီးသေးသေးလေး အဘ၏ ခန္တာကိုထဲဝင်သွားတိုင်း အဘသည် မိမိစိတ်နှင့်မိမိကိုယ်မဟုတ်တော့ပါ။ ဆွမ်းစားနေလျင်လည်း စားတာရပ်တော့ ထတော့ သွားတော့နှင့် ခိုင်းနေ သည်တဲ့။ အဘက မလုပ်ဖဲပေခံနေလျင်လည်းမရ၊ အလိုလိုထရသည်။ ရပ်ဆိုရပ်ရသည်။ ၂ ရက် ၃ရက်ကြာသော် အဘသည် ထိုမီးနီလေးကိုကြောက်လာသည်။ စင်္ကြာလျှောက်လျင်လည်းကောင်းကောင်း မလျှောက်ရ၊ လှည့်တော့ ရပ်တော့ သွားတော့နှင့် အမိန့်ပေးနေကာ အမိန့်အတိုင်းလိုက်လုပ်နေရသည်ဟု ပြောပါသည်။ အဘသည် သီးမခံနိုင်တော့ဘဲ ဆရာတော်ဘုရားထံသွားပြီး အကြောင်းစုံကိုလျှောက်ထား တော့သည်။ အတွေ့အကြုံရှိသော ဆရာတော်ဘုရားကြီးသည် (ဒကာကြီး ငယ်စဉ်က ဂိုဏ်းတွေဘာတွေ ၀င်ဘူးလား၊ တချို့ဂိုဏ်းတွေက သူတို့ဂိုဏ်းအလုပ်မလုပ်ဖဲ ၀ိပသနာတရားတွေအားထုတ်နေရင် မကြိုက်လို့ လိုက်နှောက်ယှက်တတ်တယ်)ဟုမိန့်ခဲ့ပါသည်။ အဘသည် သီးခံပြီးကျောင်းတွင်နေနိုင်သလောက်နေပါသည်။ ထိုရက်အတွင်းတွင် နေ့ခင်းဆရာတော်ကြီးကျိန်းစဉ် ဆရာတော်ကြီးဘေးသို့ဘုန်းကြီးတပါးသည် မတ်တပ်လာရပ်ခါ စကားမပြောဘဲကိုယ်ထင်လာပြသည်ဟု ပြောပါသည်။ ထိုဘုန်းကြီးကား အဘတို့ ဂိုဏ်းဆရာပေတည်း။ အဘသည်မည်သို့မျှမဖြစ်နိုင်တော့ရာ ရိပ်သာမှ တရားထွက်လိုက်ရတော့သတည်း။
ပြသနာကားထိုမျှနှင့်မပြီးသေး………နောက် (၈)လခန့်ကြာသော် အဘသည်ကြိတ်မနိုင်ခဲမရ နောက်တစ်ကြိမ် တရားထိုင်ရန်စီစဉ်ပြန်တော့သည်။ မီးနီ၏နှောက်ယှက်ခြင်းကို ကံဦးရိပ်သာတွင်ခံခဲ့ရသဖြင့် အခြားကျောင်းသို့ ပြောင်းပြီး တရားထိုင်လျင်တော့ မီးနီသည် မလာလောက်တော့ဟု ယူဆသည့်အတွက် မြို့ပြင်ဘက်တွင်ရှိသော သပြေတောင်မဟာစည်ရိပ်သာသို့ရွေးချယ်ခဲ့ပေသည်။ သပြေတောင်သို့သွားမည့်ရက်တွင် လမ်းမှာ ကံဦးရိပ်သာဘေးမှ ဖြတ်သွားရသဖြင့် အဘသည်မီးနီပိုင်ရှင်မမြင်နိုင်စေရန် ကံဦးကျောင်းဘေးမှဖြတ်သခိုက် မြင်းလှည်းအတွင်းတွင် ၀ပ်ပြီးပုန်းနေခဲ့သည်ဟုပြောပါသည်။ သို့ဖြင့် သပြေတောင်ကျောင်းသို့ရောက်သွား ပါသည်။ ပထမ(၃)ရက်တွင် ဘာအနှောင်အယှက်မှ မဖြစ်သဖြင့် အဘသည်အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ပါ သည်တဲ့။ သူ့ကိုကံဦးကျောင်းမှ မီးနီ(နာမ်)သည် မမြင်၊ သူ့အားရှာမတွေ့ဟု ၀မ်းသာခြင်းဖြစ်ပါသည်။ ထိုဝမ်းသာမှုသည်(၄)ရက်မြောက်တော့ မခံတော့ပါ။ မီးနီသည်ရောက်လာပါတော့သည်။ ကံဦးကျောင်းမှာဖြစ် သည့်အတိုင်းဖြစ်ပေါ်ရာ တရားထိုင်လို့မရဘဲ တစ်ပတ်နှင့်တရားထွက်ခဲ့ရပါသည်တဲ့။ ထိုအခါမှစတင်ပြီး အဘ သည်တရားထိုင်ရန်စိတ်မပါတော့ပေ။ စိတ်အနှောင်အယှက်ဖြစ်သဖြင့် ထိုင်ခြင်သော်လည်း မထိုင်လိုတော့ပေ။ ဂိုဏ်းဆိုလျင် ဘယ်ဂိုဏ်းမှမ၀င်တာ မပတ်သက်တာအကောင်းဆုံးဟု ကျမကတော့မှတ်ချက်ချမိပါသည်။ ဘုရားတရားသံဃာသည် ရိုးရိုးကိုးကွယ်လည်း ဒီတရား ဒီကျင့်စဉ်ဘဲ။ ဆန်းဆန်းကိုးကွယ်မှ ဘာမှန်းမသိသည့် အဆန်းတကျယ်တွေကြုံကြရတော့ ကိုယ်သွားရမဲ့လမ်းမှာအဟန့်အတားတွေသာဖြစ်လာပါတော့သည်။ ရတနာသုံးပါး၊ ငါးပါးသီလကို ရိုးရိုးရှင်းရှင်းခိုင်မြဲအောင် ခါးဝတ်ပုဆိုးကဲ့သို့လုံခြုံလျင် ဘာလိုပါသေးသနည်း။ လမိုင်းတို့ မနှောက်ယှက်ရင် အဓိကပြုလုပ်ရမည်မှာ မေတ္တာဘာဝနာသာဖြစ်ပါသည်ဟု အတွေ့အကြုံများသော ကျမဆရာမပြောပြသည်ကိုမှတ်သားမိပါသည်။
0 ဖတ်သူများပြောစကား:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး