Thursday, August 16, 2012

အတွန့်များသော လမ်းကြောင်းများ (အပိုင်း-၁)


ဖိုထိုးသော ဆရာကြီးနဲ့ဆရာတော်ဘုရားကြီး

ဖိုထိုးသည်အခြားသော အဘကြီးတစ်ဦး ကျမတွေ့ဘူးပါသည်။ သူကဖိုထိုးပြီးရလာသော သူ့ဓါတ်လုံးအား လူတိုင်းကိုမပြပါ။ သူ့ဓါတ်လုံးရေစိမ်သောက်ရဖို့ကိုတော်တော်ခဲယဉ်းသည်။ကျမရှေ့တွင် လူတချို့ကို တိုက်နေ သော်လည်း ကျမကိုတော့ ဓါတ်လုံးရေမတိုက်ပါ။ ထို အဘကြီးကား အဘဘိုးမင်းခေါင်နှင့် ဆက်နွယ်နေသူဖြစ်ပါသည်။ သူကအကြောပြင်ဆရာတစ်ဦးဖြစ်ပြီး သူနှိပ်ပုံကထူးခြားပါသည်။ ဘယ်လိုတတ်သလဲဟုမေးရာ သူ့အလိုလိုတတ်လာတာဟု ပြောပြခဲ့ဘူးပါသည်။ သူဟောပြောခြင်လျင် ကျမကိုနှိပ်ပေးရင်း ကျမအကြောင်းတွေကိုပြောသွားသည်။ လျှို့ဝှက်ချက်တွေကိုလည်း သူကသိနေသည်။ လူတိုင်းကိုလည်း မပြောပေးပေ။ အဘကြီးကား ပျဉ်းမနားမြို့၊ သာဂေါင်ရပ်မှ ဦးလှအောင်ဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် ကွယ်လွန်သွားပါသည်။

နောက်တစ်ပါးကား ကျမအလွန်ကြည်ညိုသော သာစည်မှ ငါးဆူကျောင်းဆရာတော်ဘုရားကြီးဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးသည် အဘိဥာဉ်ရ ပါသည်။ စိတ်အကြံကိုသိသည်။ သာစည်တွင် ဆရာတော်ဘုရားကြီးသည်အထူးကျော်ကြားသည်။ သူ့ကျောင်းတွင်နေထိုင်သော သံဃာများ ယောဂီများ ဘာလုပ်လုပ်အကုန်သိသည်။ ဘာသာကွဲများပင်လျင် ဆရာတော်ကြီးထံ ဆွမ်းကျိုင့်ကိုပို့သည်အထိပင် ဘုန်းတန်ခိုးကြီးပါသည်။ ကျောသားရင်သားမခွဲခြား။ ဆရာတော်ဘုရားကြီးအားမနောညွတ်ပြီးလျှောက်လျင်လည်း သိသည်။ သူမိန့်လိုလျင်လည်း နှုတ်ဖြင့် လည်းကောင်း၊ တရားစစ်ရင်းဖြင့်လည်းကောင်း၊ မနောအာရုံတွင်လာပြောခြင်းဖြင့်မိန့်တတ်သည်။

ဥပမာ-ကိုယ့်အသံက ကိုယ့်ကိုပြန်ပြောနေသလိုမျိုးကြားသိနေရသည်။မေးလိုက်ဖြေလိုက်လျောက်ထား လို့ရသည်။ ကျမ ဆရာတော်ဘုရားကြီး၏လယ်တီနည်းဖြင့်တရားပြသော ရိပ်သာတွင် (၃)နှစ်တရားထိုင်ခဲ့ပါသည်။ ထိုအခါနှစ်ပေါင်းများစွာ ဖိုထိုးခြင်းကိုလက်မခံခဲ့သော ကျမသည် နည်းမှန်လမ်းမှန်နှင့် သက်ဆိုင်ရာအစစ်အမှန် ပဌာန်းဆက် ပါရမီဆက်ရှိသူတို့သည် သူ့လိုင်းနှင့်သူသွားနေ ကြတာဘဲဟု လက်ခံခဲ့ရပါတော့သည်။ ယခုအခါ ဆရာတော်ဘုရားကြီး၏ ဖိုကား လျှပ်စစ်ဖြင့်ထိုးနိုင်သည် ဖိုဖြစ်ပါသည်။

သို့သော် -ကျမပေးထားသောခေါင်းစဉ်အတိုင်း လမ်းများကား အတွန့်များသောလမ်းများဟုပြောလိုပါသည်။ အတွန့်များလျင် ဆန့်ထုတ်သောအခါ ပိုပြီးရှည်လျားပါသည်။ ဖြောင့်တန်းသောလမ်းကား လမ်းတိုတည်း။ တွန့်ထားသောလမ်းကား အမြင်အားဖြင့် သည်မျှသာဟုထင်ရသော်လည်း ဆွဲဆန့်ကလမ်းရှည်တည်း။ အကောက်ဟုမသုံးလိုခြင်းမှာ လမ်းကားအကောက်မဟုတ်ပေ။ အတွန့်များသောလမ်းတွင် ဆရာသည် အလွန်အရေးပါပါသည်။ ဆရာကောင်းရှိမှ၊ ပါရမီကောင်း၊ ဆုတောင်းကောင်းလည်းပါမှ။ ထင်ယောင်မှား ဆရာတို့နှင့်လည်းမဖြစ်ပေ။ တတ်ယောင်ကန်းဆရာတို့နှင့်လည်းမဖြစ်ပေ။ သို့ဖြစ်သည့်အတွက် အတွန့်များသော လမ်းဟုတင်စားလိုက်ခြင်းဖြစ်ပါသည်။ ဗဟုသုတအဖြစ်တင်ပြခြင်းဖြစ်ပါသည်။

အလျင်းသင့်လျင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟောကြားသော သာသနာ့ပြု ခေါင်ဒကာကြီး(ဘိုးမင်းခေါင်)နှင့် ဝေဘူဆရာတော်ဘုရားကြီးအကြောင်းကိုတင်ပြသွားပါမည်။

ဂိုဏ်းတစ်ဂိုဏ်းနဲ့လိပ်ပြာကူးခြင်း

ဂိုဏ်းဆိုသည်ကို ကျမကြားဖူးသည်မှာ ငယ်စဉ်ထဲကဖြစ်ပါသည်။ ကျမတို့ဗန်းမော်မြို့လေးတွင် ဂိုဏ်းဆိုတာ ယခင်က မကြားဖူးခဲ့မရှိခဲ့။ ကျမ(၅)တန်းလောက်တွင် ကျမတို့အိမ်တွင် အတော်ဂယက်ရိုက်ခတ်သွားသည်။ ကား ဂိုဏ်းဝင်ကြသည်။ လိပ်ပြာကူးသည်ဆိုသောစကားဆန်းများစကြားလာရသည်။ ကျမတို့ဗန်းမော်မြို့ လူအနည်းစုနေထိုင်ပြီး ၁၉၆၀လောက်အခြေအနေတွင် မြို့သူမြို့သားများသည် လမ်းတွေ့သောလူငယ်လေး များအား ဘယ်သူသား၊ ဘယ်သူ့သမီး ဘယ်သူ့တူ၊ ဘယ်သူ့မြေးစသည်ဖြင့် အကုန်ပြောနိုင်လောက်အောင် ရင်းနှီးနွေးထွေးသောမြို့လေးတမြို့ဖြစ်ခဲ့ပါသည်။

ဂိုဏ်းစတင်ဖြစ်ပေါ်လာသည်မှာ ကြေးနန်းရုံးမှစတင်တာဖြစ်ပါသည်။ ကြေးနန်းရုံးသို့ ရန်ကုန်မှ အရာရှိတစ်ဦး ရောက်လာပါသည်။ နာမည်မှာ ဦးချမ်းမြဖြစ်ပါသည်။ ထိုအချိန်မှစတင်ပြီး ကျမတို့မြို့တွင် ထူးဆန်းသော ဘုရားဂိုဏ်းဆိုတာပေါ်လာပါတော့သည်။ လိပ်ပြာကူးသည်ဆိုသည့်စကားဆန်းမှာလည်း ထူးဆန်းစွာ မြို့သူမြို့သားများကြားတွင် မကြားဖူးသော အကြားထူးသောစကားဖြစ်လာကာ မိန်ရေလျက်ရေ ပြောကြပါတော့သည်။ ထိုဂိုဏ်းအဖွဲ့ဝင်များတွင် ကျမအဖွားလည်း ပါသည်၊ အဖေဘက်မှ ယောင်းမ၊ သူ့သားများ(တူအမွှာ)တို့ ဂိုဏ်းဝင်ကြပါသည်။ ဘယ်ဂိုဏ်း ဘာဂိုဏ်းတော့မသိ။ ကျမအဖွားကတော့ ထူးဆန်းစွာဖိုထိုးသလို၊ ကျမယောင်းမနှင့်သားများက လည်း ဘုရားခန်းတွင် လိပ်ပြာကူးသည်ဆိုကာ ဟိုလူနဲ့ဒီလူကြား လက်တွေတုန်ကာတုန်ကာနှင့်ကူးနေလေရဲ့၊ ဘာလိပ်ပြာတကောင်မှတော့မမြင်ခဲ့ရ။ ထူးဆန်းသည်မှာ တခါသော တူအငယ်သည် ခေါင်းမြီးခြုံကာ နောက်ပြန်သွားပြီး မြစ်ထဲသို့ခုန်ချမလို ဖြစ်ခဲ့ခြင်းပင်။ သူကူးသောလိပ်ပြာကသူ့ကိုဒုက္ခပေးလိုက်ခြင်းပေတည်း။ ကျမအခုအရွယ်ရောက်လာ သောအခါ ထိုဂိုဏ်းဆိုတာကို ပြန်လည်သုံးသပ်မိပါသည်။ ကောင်းတာလည်းရှိသလို မကောင်းတာလည်း ထုနဲ့ဒေးပါ။ မြတ်စွာဘုရား အယူဝါဒကို အစွန်းဘက်လိုရာဆွဲသည် တို့ရှိသလို ၀ိဇ္ဇာလိုင်းနှင့် ဆက်နွယ်နေသော အမှန်အကန်ဂိုဏ်းများ လည်းရှိပါသည်။ သံဃာဂိုဏ်းများလည်းရှိကြပါသည်။ မြတ်စွာဘုရား ၀ိနည်းစည်းကမ်းများနှင့် အတတ်နိုင်ဆုံး အညီညွတ်ဆုံးနေထိုင်သည့်သူများရှိသလို အဆန်းထွင်ထားသည်များလည်းရှိပါသည်။ သာသနာတော်သည် ဂိုဏ်းဂဏဆိုသော မာယာတောတွင် မျောမသွားရန်အထူးသတိချပ်သင့်သည်။ ရလိုမှုဖြင့် ကိုးကွယ်ခြင်း၊ အထင်ကြီးခြင်းဖြင့် ကိုးကွယ်ခြင်း အားလုံးသည် ယုံကြည်သူတို့အတွက်အန္တရာယ်သာဖြစ်သလို၊ သာသနာတော်အတွက်လည်း ဆူးညောင့်ခလုတ်များဖြစ်ပါသည်။

ရွှေငွေမဖြစ် ပြာသာသွားတဲ့ ဖိုထိုးသော ကျမအဖွား

အဖွားသည်ကား ဖိုထိုးလေသည်။ ထိုဂိုဏ်း၏ လမ်းညွှန် ချက်အတိုင်း၊ ကျမကျောင်းပိတ်ရက် အဖွားခြံထဲသို့အလည်အပတ်ရောက်သွားသောအခါ မြေးဖြစ်သူကို စကားမပြောနိုင်ဘဲ အဖွားသည် တဲသီးသန့်ထိုးကာ ဖိုချည်းထိုးနေလေသည်။ ပြာတွေ လျှာနဲ့လျှက်လိုက် လုံတွေကို ဖားဖိုကြီးဖြင့် မီးထိုးလိုက်။ ရွှေလည်းမဖြစ်၊ ငွေလည်း မဖြစ်၊ ဖြစ်သွားသည်ကား ကျမအဖိုးနှင့်အဖွား ခဏကွဲသွားခြင်းပင်တည်း။ လူအေးရိုးသားသော ကျောင်းဆရာဟောင်း ကြီး ကျမအဖိုး၏ သည်းခံနိုင်စွမ်းကုန်သွားရာ ကျမအဖွားသည် ထိုအိမ်မှခဏဆင်းပြီး မူလတန်းကျောင်းအုပ် အဖြစ်အုပ်ချုပ်သော သူ့ကျောင်းတွင် အိမ်ခွဲနေရတော့သည်မှာ နှစ်အတန်ကြာ။သားသမီးများလည်း တစ်စုစီလိုက်နေရတော့သည်။ ဘာများချမ်းသာအစစ်ကိုတွေ့သွားပါသနည်း။ ယခုတော့ လာရာလမ်းကိုအကုန်ပြန်သွားကြကုန်သလို သူဖိုထိုးသော လုံထဲမှ ပြာများဖြစ်သွားပါချေပြီးတကား။


0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts