Sunday, November 11, 2012

သာစည်က အကြားအမြင်များ


ကျမက သာစည်နဲ့ဘာအဆက်ပါတယ်တော့မသိ၊ သာစည်ကို ရောက်ဖြစ်တယ်။ အကြောင်းကိစ္စအထူးလည်း မရှိပါဘူး။ ပထမအကြိမ်က သာစည်ကို မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ပျဉ်းမနားလက်လုပ်တောင်က နေကြွသွားတော့ လိုက်ပို့တဲ့အဖွဲ့ထဲပါသွားရတာပါ။ နောက်တော့ ကျမရဲ့လုပ်ဖော်ကိုင်ဖက်တယောက်က သာစည်ကဖြစ်ပါတယ်။ သူက သာစည်မှာ အကြားအမြင်ဆရာမတဦးတော်တယ်လို့ပြောတယ်။ သူတို့အိမ်က အမတွေကလည်း မေးတာဝါသနာပါတယ်ပေါ့။ ဒီတော့ကျမက သူ့သာစည်သွားတော့ မေးခိုင်းလိုက်တယ်။ တကယ်ကို ဒက်ထိမှန်အောင်ပြောနိုင်တယ်။ ကျမကို ဘယ်ဆရာ၊ နာမည်မှာ ဘာစာလုံးပါတာကအစ ပြောနိုင်တယ်ပေါ့။ နောက်ကျမမကြာခင် ရခိုင်ဘက်ကိုသွားရမဲ့အကြောင်း၊ ကျမဟာသိုက်ဆက်ဖြစ်ကြောင်း တွေပေါ့။ ဒါက မမြင်ဘူးဘဲနဲ့ပြောလိုက်တာ။ နောက်(၆)လလောက်ကြာတော့ သူပြောတဲ့အတိုင်း ကျမရခိုင်ဘက်ကိုသွားခဲ့ရတယ်။ ကျမကို အောက်လက်ငယ်သားတဦးက ကုန်းသွားသွားတိုက်လို့အထင် အမြင်လွဲနေတဲ့ဆရာနဲ့လည်းဝေးသွားတယ်။
နောက်အခါတွေ ကျမရဲ့လုပ်ဖော်ကိုင်ဖက် မိုး က သာစည်ကို ပြန်တော့ သူအိမ်ကိစ္စတွေမေးတော့ ဆရာမက- ကျမကို ကိုယ်တိုင်တွေ့ခြင်တယ်လို့ပြောတယ်လို့ဆိုပါတယ်။ ကျမလည်း နည်းနည်းစိတ်ဝင်စားတာနဲ့ တကြိမ်မှာ သာစည်ကိုလိုက်သွားပါတယ်။ ရောက်တဲ့ညနေမှာဘဲ ကျမကို အပေါင်းအသင်းရဲ့အမက အဲဒီအိမ်ကို လိုက်ပို့ပါတယ်။ အိမ်လည်းရောက်ရော သူက ကျမကိုယုံကြည်လောက်တဲ့ အတိတ်ကအကြောင်း တွေကိုအရင်ပြောပါတယ်။ ပြောပြီးတော့ သူက ကျမကို ခေတ်မှီတဲ့အ၀တ်အစားတွေ မ၀တ်ဖို့၊ မကြိုက် ကြောင်း၊ တနေ့တွင် ယောဂီဝတ်ရမှာဖြစ်ကြောင်းပြောပြပါတယ်။ ဘိုးဘိုးအောင်နယ်မြေကို အဆင်ပြေရင်  သွားစေခြင်ကြောင်းတွေပြောတဲ့အပြင် ထူးဆန်းတာကတော့ ကျမဟာ တကဲ့ဆရာတော်ဘုရားကြီး တဦး(သူကတော့ အရိယာကြီးတဦးလို့ပြောပါတယ်) ကို အလိုလို ဒီကအပြန်မှာသိလာပြီး၊ အဲဒီဆရာတော်ကြီး ရဲ့ ကျောင်းပေါ်ကို အစုံတစ်ဦးဟာ ဆွဲခေါ်သွားပြီး ဆရာတော်ကြီး ရှေ့အရောက်ဖူးရမယ်လို့ပြောလိုက်ပါတယ်။ ကျမလည်းမယုံတယုံနဲ့ဘဲ တည်းအိမ်ကိုပြန်လာပါတယ်။
တည်းအိမ်လည်းရောက်ရော မိုးက သူနေမကောင်းလို့ဆေးခန်းသွားရာ မြင်းခြံမှ ပင်စင်ယူ သွားသော ဒေါ်အေးမာခင်၏ညီမဖြစ်သူ ဆရာဝန်မနှင့်တွေ့ခဲ့ကြောင်း၊ ဒေါ်အေးမာခင်မှာ ငါးဆူကျောင်းတွင် တရား စခန်းဝင်နေကြောင်းရောက်ရောက်ခြင်းပြောပါတော့သည်။ ကျမလည်း ဒါဆိုလျင် ကျမသွားရမည့် ကျောင်းမှာ ငါးဆူကျောင်းဖြစ်ကြောင်းအလိုအလျောက်သိသွားပါတော့သည်။ မနက်စောစောထပြီးသွားမည်ဟု စိတ်ကူး လိုက်မိပါသည်။ သို့သော် ခရီးပမ်းသည့်အတွက် ကျမအိပ်ရာက နိုးသောအချိန်မှာ မနက်(၈)နာရီဖြစ် ချေပြီ။ နိုးလာတော့ မနက်စာစား၊ အချိန်လင့်သွားသည်။ သို့သော် သွားမည်ဆိုလျင် ရောက်အောင်သွားလေ့ရှိ သောကျမ၏အကျင့်အတိုင်း ဆိုင်ကယ်နှင့် ထိုကျောင်းသို့ထွက်သွားပါတော့သည်။
ကျောင်းသို့ရောက်သော ဒေါ်အေးမာခင်ကိုရှာဖွေတော့သည်။ ဒေါ်အေးမာခင်ကား တရားမှမနက်စောစော ထွက်သွားပြီဟုသိရရာ ကျမသည် ထိုအမျိုးသမီးဟောပြောသည်ကို မဖြစ်နိုင်တော့ဟုမှတ်ယူမိပါသည်။ တခြား အသိကားကျမတွင်မရှိပြီ။ သို့သော်ကျမ ခေါင်းထဲတွင် ဒီကျောင်းကဆရာတော်ဘုရားကြီးက သူတို့အပြော အရတန်ခိုးကြီးတာတော့အမှန်ဘဲ။ ဖူးဖြစ်အောင် ဖူးသွားမည်။ ပြောသလို ကျောင်းပေါ်လက်ဆွဲခေါ်မည့်သူမရှိ လျင်နေစေတော့ဟု။ ခဏကြာသော် ကျမဖာသာကျမမေးမြန်းပြီး- ဆရာတော်ဘုရားကြီးအား ကျောင်းအောက် တွင် ကန်တော့ပြီး ငွေများများစားစားမပါလာသဖြင့် လှူနိုင်သမျှလေးကိုလှူဒါန်းခဲ့ပြီး ရောက်သခိုက်မထူးပါဘူး ကျောင်းဝန်းထဲက ဘုရားထဲဝင်ပြီးတော့ ပုတီးတကုံးနှင့်စရဏလုပ်တာကောင်းပါတယ်ဟု စိတ်ပိုင်းဖြတ် မိပါသည်။ မိုးတို့အိမ်ကထွက်ကတည်းက ညနေမှပြန်လာမည်ဟု တခါတည်းပြောခဲ့မိပါသည်။
ကျမစိတ်တွင် ဆရာမ(မတူး)ပြောတာ အလကားပါ မှန်လည်းမမှန်ပါဘူးဟု တွေးမိပြီး ခပ်လှမ်းလှမ်းရှိဘုရား ဘက်သို့ထွက်လာခဲ့ပါသည်။ ထိုသို့ထွက်လာချိန်တွင် ကျမကိုနောက်ကျောမှ အသံတသံက အန်တီသက် အန်တီသက်နှင့်လှမ်းခေါ်ပါသည်။ ကျမလည်း ထိုအသံကြားသောအခါ ခြေလှမ်းများတုန့်သွားမိပါသည်။ စိတ် တွင်လည်း ဒီလိုနေရာမျိုးမှာ အသိလည်းမရှိဘဲနဲ့ဘယ်သူကများ ခေါ်နေပါလိမ့်ဟု လှည့်ကြည့်လိုက်ရာ ကျမ အသိသော ကောင်လေး(၂)ဦးကိုတွေ့ရပါသည်။ သူတို့က သူတို့ကိုယ်သူတို့ ဒေါ်ကြူကြူသားပါဟု မိတ်ဆက်ပြီး အမေက ခေါ်ခိုင်းလိုက်လို့ဟုပြောပါသည်။ သူတို့ခေါ်သဖြင့်ကျောင်းပေါ်လိုက်သွားရာ သူ့အမေ က (ကျမ၏ တက္ကသိုလ်ပထမနှစ်ထဲက တစ်အုပ်စုထဲ သူငယ်ချင်းဖြစ်ပါသည်) ကျမက အံ့သြတကြီးနှင့် ကိုတိုးအောင်က နင့်ကိုမြင်လိုက်တယ် ပြောလို့ လိုက်ခေါ်ခိုင်းတာ။ ငါက ဟုတ်မှဟုတ်ပါ့မလားလို့ဟု ပြောပါသည်။ ကျမကလည်း ယောဂီရောင်ဝတ်စုံကိုဝတ်ထားရာ-ကျမကိုမှတ်မိသော ကိုတိုးအောင်ကို အံ့သြမိ ပါသည်။  ကိုတိုးအောင်ကား တက္ကသိုလ်တုံးက အလွန်အေးသောသူ (၅)နှစ်အတွင်း သူနှင့် စကား(၃)ခွန်းပြည့် အောင်မပြောဖူးသူ။ မတွေ့တာလည်း နှစ်(၂၅)မကသူ။ သူက မှတ်မိလို့ ခေါ်ခိုင်းလိုက်တာဖြစ်သည်။
ဘယ်လိုဖြစ်ဖြစ် ကျမကို ဒေါ်ကြူကြူက သူတို့အလှူလုပ်တာဆိုကာ ခေါ်ကြွေးမွေးသည်။ သူ့အမျိုးသားက ဆရာတော်ကြီးထံတွင်တရားထိုင်ရာ တရားအထွက်နေ့ဟုပြောပါသည်။သူမက သူတို့အင်းတိုင်တွင် တာဝန်ကျစဉ် ဆရာတော်ကြီးကို ကိုးကွယ်တာဖြစ်သည်ဟုပြောပါသည်။ ဆွမ်းကပ်ပြီးသော် ဆရာမမတူးပြော သည့်အတိုင်း ဆရာတော်ဘုရားကြီး၏ ကျောင်းပေါ်တွင် ကျမသည် သူတို့မိသားစုနှင့်အတူ တရားအတူနာခဲ့ ရပါသည်။
ဆရာမ-မတူးကို ကျမက မမှန်ဘူးဟုဆုံးဖြတ်မိရာ အတော်ကိုမှားသွားပါသည်။ သူပြောသည့်အတိုင်း တထပ်တည်းပင်။ ဆရာတော်ကြီးမှာ သာစည်တ၀ှက်တွင် နာမည်ကြီးပါသည်။ ဘာသာခြားများပင် ဆရာတော်ကြီးအား ကြည်ညိုသဖြင့် ကထိန်များတွင် အမည်မဖော်ဘဲ လှူဒါန်းခြင်း၊ ဆွမ်းကျိုင့်များ ပို့ခြင်းရှိပါသည်ဟု မြို့ခံများထံမှ သိရှိရပါသည်။ တခါတွင်လည်း ဆရာတော်ဘုရားကြီး မနက်အစောကြီး ဈာန်ပျံသည်ကို မြင်သူက မြင်သည်ဟုလည်းသိရပါသည်။ မနက်(၄)နာရီကျော်ကျော်တွင် မြို့နှင့် အသင့် အတင့်လှမ်းသော ငါးဆူကျောင်းသို့ မနက်အာရုံဆွမ်းကျိုင့်လာပို့သူ အများအပြားရှိပါသည်။ ထို့အတွက် လည်း သာစည်တွင် မူဆလင်လူမျိုးများရှိသော်လည်း မည်သည့်အခါမှ မူဆလင် မြန်မာ ပြသနာများဖြစ်ခြင်း မရှိပါဟုလည်း သိခဲ့ရပါသည်။
ဆရာတော်ဘုရားကြီးသည် လယ်တီမူဖြင့် တရားပြနေသူဖြစ်ပါသည်။ တရားရိပ်သာမှာ နှစ်ပေါက် မည့်သည့် အချိန်မဆိုထိုင်နိုင်ပါသည်။ ဆရာတော်ဘုရားကြီး၏ ထူးခြားချက်မှာ အေးဆေးသောမျက်နှာနှင့် ကျောသား ရင်သားမခွဲခြားခြင်းဖြစ်ပါသည်။ ထိုအတူ ဆရာတော်ကြီးသည် သက်တော်ရှည်ဆရာတော်ကြီးဖြစ်ပြီး မကြာမှီကပင် အသက်တော်(၈၀)ပြည့် ဂုဏပူဇာအခန်းအနားကျင်းပခဲ့သည်ဟုသိရပါသည်။
ဆရာတော်ဘုရားကြီး၏အရိပ်ကိုမှီခိုနေသော ရဟန်းယောဂီ၊ ယောဂီရောင်ဝတ်ယောဂီအမျိုးသမီးများ၊ ကိုရင်များမှာ ကျောင်းအပြည့်အဆောက်အဦးများစွာတွင် လက်ခံထားပါသည်။ ဆရာတော်ကြီးကို သာစည် တမြို့လုံးမှ အားထားကိုးကွယ် အလေးအမြတ်ပြုကြပြီး ဆရာတော်ဘုရားကြီးသည် မနောကို သိသော အဘိဥာဏ်၊ နတ်မျက်စေ့ကဲ့သို့သော ဖျောက်ထွင်းမြင်နိုင်သော အဘိဥာဏ်ကိုတော့ ကျမကိုယ်တွေ့အရ ပိုင်ဆိုင်ထားသူလည်းဖြစ်ပါသည်။ အခြားသော အဘိဥာဏ်များကို ရရှိသည် မရရှိသည်ကို မသိသော်လည်း ယောဂီဆောင်တွင် ယောဂီများ ဘယ်လိုသောင်းကျန်းနေလျင် လာမကြည့်ဘဲသိသည်။ မနောဖြင့်လျောက်လျင် လည်း သိသည်ကတော့ အမှန်ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးသည် သမထနှင့် ၀ိပသနာ(၂)မျိုးဖြင့် ၂ လမ်းသွားကျင့်ကြံသူဖြစ်ပါသည်။ အတွန့်များသောလမ်းကြောင်းတွင်လည်း ကျမအနည်းငယ်ရေးသားထား ပါသည်။
သာစည်က အကြားအမြင်ကတော့ ကျမအတွက် ထူးခြားစွာ အကျိုးပြုသွားသည်မှာအမှန်ဖြစ်ပါသည်။ သာစည်က ဆရာမ မတူးက နောက်ထပ်တောင်တွင်းကြီးတွင် သာသနာကိစ္စတခုအတွက် အကျိုးပြုသွာ့း  ပုံကို လည်းရေးသားပါဦးမယ်ရှင်။
ဆရာမ-မတူးက ကျမကိုပွင့်ပွင့်လင်းလင်းပြောပြပါတယ် သူဟာ နတ်ကတော်တဦးပါ။ စရဏတော့ ကျင့်ပါတယ်တဲ့။ သူနောက်တော့ အလိုလို သက်ဆိုင်ရာ ၀ိဇ`္ဇာကြီးများက လာပြောပေးတာကြောင့် အကြားအမြင်ကို ရခဲ့သည်ဟုဆိုပါသည်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts