Thursday, August 9, 2012

မိမိပါးစပ်တလုပ်စာ အရသာခံဘို့ သတ္တ၀ါတွေအများကြီးသေရတာ တရားပါရဲ့လား


မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် မကြာခဏဆိုသလို ကြက်စွဲ ၀က်စွဲတရားကိုဟောကြားလေ့ ရှိပါသည်။ထောင်တံတိုင်းထက်ပိုမြင့်သော ထောင်နံရံထက်ပိုသော ကြက်စွဲ ၀က်စွဲ တံတိုင်းကြီးများဟုလည်း ပုံနှိုင်းပြခဲ့ပေသည်။လက်လုပ်တောင်တွင် ဆရာတော်ဘုရားကြီးရှိစဉ်က ဟောပြောခဲ့သလို အခြားနေရာများတွင် တရားနာပရိတ်သတ်အား ဟောကြားလေ့ရှိပါသည်။ နေ့စဉ်စားသောက်နေကြ အသား၊ ငါးများအပေါ်တွင် သနားဂရုဏာသက်စေလိုခြင်း၊ သူတပါး၏အသားများကို စားသောက်ရသည်ကို နှစ်ခြိုက်စွဲလန်းစိတ်များ (ကြိုက်စိတ်၊ စွဲစိတ်များ)ကို မဖြစ်စေလိုသဖြင့် အသိဥာဏ်ရှိကြစေရန်မကြာခဏ ဟောပြောပေးသည်ဟု ကျမထင်မြင်မိပါသည်။

ဆရာတော်ဘုရားကြီးသည် ရဟန်းမ၀တ်မှီ ရန်ကုန်တွင်အသက်မွေးဝမ်းကြောင်းပြုစဉ်က ပုဇွန်သွားဝယ်ခဲ့ရာ စိတ်ထဲတွင် ပါးစပ်တလုပ်စာ အရသာခံရန်အတွက် အသက်ပေါင်းများစွာသေဆုံးရတယ်။ သူ့ကိုယ်သူ မတရားဘူးဟုခံစားမိကြောင်းကိုလည်းဟောပြောခဲ့ပါသည်။ဆရာတော်ဘုရားကြီးသည် ငယ်စဉ်မှစပြီး ဇာတိသရဥာဏ်ကို ရရှိတော်မူလေရာ ဘ၀သံသရာအကြောင်းကို ပိုမိုထင်ရှားစွာသိမြင်သူလည်းဖြစ်ပါသည်။ မယ်တော်ဒေါ်မယ်နှင့် ရွှေဘိုတွင်ဆုံတွေ့ခဲ့စဉ်က ဆရာတော်သည် ငယ်စဉ်က ကိုရင်ဝတ်သောအခါ ဘုန်းတော်ကြီးမှ ဘွဲ့အမည်ကိုပေးမည်ဟု ပြောသောအခါ တပည့်တော် ဥေယျပါဘုရားဟု အတိတ်ဘ၀က ကိုရင်ဘွဲ့ကို ပြန်ပြောသည်ဟု မိခင်ဒေါ်မေမှ ပြောပြဘူးပါသည်။ ဆရာတော်ဘုရားကြီးသည်အစွဲများနှင့် ပတ်သက် အစွဲကျွတ်အစွဲလွတ်စေရန် အသေးစိပ် ဟောပြောခဲ့ပါသည်။

ဒို့များက ပါဏာတိပါတာကို ကြောက်မှန်းသိတော့ သူတို့က အသားတွေကိုလုပ်ပေးလိုက်တယ်။ တုံးလိုက်တစ် လိုက်ပြီဆိုထဲက ကြက်၊ ၀က်ဆိုတာရှိသေးလား။ မရှိတော့ဘူး။ ဒါကိုတောင် အိမ်ဦးနတ်က တခါတလေ မင်းဝယ်လာတဲ့ ကြက်ကြီးက ရင့်တယ်ဆိုတာရှိသေး။ ဟင်းချက်လိုက်ရင်ကြက်၊ ၀က်ဆိုတာမရှိတော့ဘူးဟု လည်းကောင်း၊ ကြက်သားကို ကြိုက်တယ်။ ကြက်သားမှစားခြင်တယ်။ ကြိုက်စွဲစွဲမယ်နော်။ ကြက်သားရှိသေး လို့လား ချိုတာဘဲရှိတာမဟုတ်လား။ ချိုတာတောင် ကြာကြာဝါးရင် အဖတ်ကြီးလိုဖြစ်လာပြီး တဖြေးဖြေး ဘာအရသာမှ မရှိတော့ဘူး။ ကြက်ရှိသေးလို့လား ၀က်ရှိသေးလို့လားဗျာ။ ကြက်စွဲစွဲပြီး ကြက်မဖြစ်စေနဲ့။ ၀က်စွဲစွဲပြီးဝက်မဖြစ်စေနဲ့။

တဖန်စားသောက်သော အစားအသားပေါ်တွင် စွဲလန်းနေခြင်းသည် ထောင်နှင့်တူကြောင်း ထောင်သည် လေးဘက်လေးတန်သာရှိတယ်။ ကြက်စွဲ ၀က်စွဲ အသားတွေအပေါ်စွဲလန်းခြင်းက နံရံ(၄)ဘက်မက (၆)ဖက်လောက်ဖြစ်နေတယ်။ ကြိုက်စွဲစွဲတော့ ပြိတ္တာဖြစ်မှာပေါ့ဟုဟောပြောတရားပြသခဲ့ပါသည်။ ထောင်နံရံက ပေ ၂၀ လောက်မြင့်တာဗျ။ ခင်ဗျားတို့ ကြက်စွဲ ၀က်စွဲနဲ့ နေ့စဉ်ဆင့်ထားတဲ့ ထောင်နံရံက အမြင့်ကြီးမဟုတ်လားဟု ဟောပြောခဲ့ပါသည်။ (မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးတရားမှ)

တချို့သူများသည် သက်သတ်လွတ်စားကြသည်။ သက်သတ်လွတ်သမားများကို သက်သတ်လွတ်မစား သူများက ဒေ၀ဒတ်အဖွဲ့တွေဟု ကဲ့ရဲ့ သဂြိုလ်ကြပါသည်။ မြတ်စွာဘုရားက သက်သတ်လွတ်မစားဘူးဟုလည်း မြတ်စွာဘုရားကိုသက်သေထားခဲ့ကြသေးသည်။ မြတ်စွာဘုရားကိုယ်တိုင်က ဓူတင်ဟုလမ်းစဉ်ထားခဲ့သည်။ ယခုခေတ်တွင် ဓူတင်ဆောင်ခြင်းသည်ကား အလွန်မှနည်းပါးလာသည်။ တောရဆောက်တည်သော သံဃာများသာ ဓူတင်ဆောက်တည်ကြသည်။ ပိဏ္ဍပါတဓူတင်္ဂ( ပိဏ္ဍပါတ်ဓူတင်)တွင် တထပ်တည်း တထိုင်တည်း တစ်ကြိမ်တည်း ဆွမ်းစားသောအခါ ၊ ရောမွှေ စားသောက်သောအခါ မည်သည့်ဟင်း မည်သည့်အရသာဟူ ခွဲမရ မည်သည့်အသားဟူလည်း သရုပ်သဏ္ဍန်မရှိတော့။ သက်သတ်လွတ်နှင့်မခြားတည်း။

ထိုရောနှောမွေထားသည့် အရသာယူသည် ခံစားမရသလောက်ဖြစ်နေသော ဆွမ်းတို့ကို သတိဖြင့် ဘုန်းပေးသောအခါ၊ ကိလေသာတို့သည် မြူမျှမကပ်တော့။ ဘာသား ညာသား ဘာအရသာ ညာအရသာ မရှိတော့။ သက်သတ်လွတ်ကားမဟုတ်သော်လည်း…. ဘာမျှမရှိတော့သော အကောင်အထည်မရှိတော့သော ခံစားမရတော့သော ဆွမ်းတို့ကို အမှတ်သတိဖြင့် ဘုန်းပေးသော သံဃာတော်တို့အား သက်သတ်လွတ်မစား ဟုပြောသော် မှန်သလိုနှင့်မမှန်ပါ။ သက်သတ်ကားမလွတ် သို့သော် ခံစားမှုတဏှာကားမရှိ ။ သက်သတ်လွတ်ယုံမက အစားအသောက်အပေါ်တွယ်ကပ်သောကြိုက်စွဲ မကြိုက်စွဲပါလွတ်သည်ဟု ဆိုခြင်ပါသည်။

တခါက ကျမသည် ပျဉ်းမနားမြို့နယ်၊ လှေခွင်းတောင်ကျောရှိ အရိယာတောင်ကျောင်းသို့သွားရောက်ပြီး ဦးဇင်း တပါးမှ အလှူခံသဖြင့် အပင်များသို့ရောက်ပို့ဆောင်ခဲ့ပါသည်။ ထိုတောရကျောင်းသည် တောနက်သည့်အပြင် ရွာနှင့်လည်းဝေးရာ အခြေအနေအရ ဦးဇင်းဆွမ်းဘုန်းပေးရမှာကျန်သော ဆွမ်းတို့ကို စားသောက်ခဲ့ရပါသည်။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး လက်လုပ်တောင်တွင် သီတင်းသုံးစဉ်ကလည်း ဆရာတော်ဘုရားကြီး၏ ဆွမ်းတောင်းကြီးထဲမှ သွန်ဆွမ်းများကိုစားသောက်ခဲ့ရသည်။

ထမင်း ပျော့မာ၊ ဆန်အကောင်းအဆိုး၊ ရွာနားမှလောင်းသော ပဲစေ့ ပဲပြား ကြက်ဥကျော် မြေပဲဆန် ဟိုဟင်း၊ ဒီဟင်း ပေါင်းစုံ ရောမွှေလိုက်သောအခါ ဟင်းကနည်းနည်း ထမင်းကများများ။ ဒါကိုဘဲလွှေးကြရသည်။ မြတ်စွာဘုရားကသက်သတ်လွတ်မစားဘူးဟု အော်အော်နေသော သူများကို စားကြည့်စမ်းစေခြင်ပါသည်။ ဘယ်သို့အရသာခံမည်နည်း။ ထို့အတွက်ကြောင့် မြတ်စွာဘုရားသည် ဓူတင်များကိုထားခဲ့ခြင်းပေဘဲဟု ဆင်ခြင်မိပါသည်။ ဓူတင်တိုင်းတွင် နိဗ္ဗာန်၏အကျိုးအထောက်အပံ့ဖြစ်ရန် အကြောင်းထားခဲ့ခြင်းဖြစ်ပါသည်။

လူများကြတော့ ထိုသို့ ရောမွှေဆွမ်းလည်းမစားနိုင်။ သတိအမှတ်ဖြင့်လည်းမစားနိုင်ကြပါ။ ရိပ်သာဝင်ချိန်တွင် တော့ သတိအမှတ်ဖြင့်စားကောင်းစားကြမည်ဖြစ်ပါသည်။ ကျန်အချိန်များတွင် သတိလွတ်သည်များများ။ အကောင်းကြိုက်ကား လူတိုင်းနီးပါး။ သက်သတ်လွတ်စားခြင်းသည် သတ္တ၀ါတို့အား သနားငဲ့ညှာရာ ရောက်ပါ သည်။ သက်သတ်လွတ်စားခြင်းဖြင့်လည်း မေတ္တာဘာဝနာကို စူးရှထက်မြက်စေမည်မှာအမှန်ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးအတော်များများသည်လည်း လူမဖြစ်မှီ တိရစ္ဆာန်ဘ၀ အဖြစ်များသည်ဟုဟောပြောကြ ပါသည်။ ကျမတို့လည်း သူတို့သေသလို အကြိမ်ပေါင်းမည်မျှစတေးခဲ့ကြရပါပြီနည်း။ မသိခဲ့လို့သာပါ။ သိနိုင်သော မေတ္တာစွမ်းအားရှင်ဆရာတော်ကြီးများသည်ကြောက်ကြပါသည်။ သို့အတွက် ကိုယ်တိုင်လည်း သက်သတ်လွတ်စား၊ ပရိတ်သတ်အားလည်း သက်သတ်လွတ်စားရန်တိုက်တွန်းခဲ့ကြခြင်းဖြစ်ပါသည်။

မိမိကိုယ်တိုင်သက်သတ်လွတ်မစားနိုင်သော်ငြား မြတ်စွာဘုရားက သက်သတ်လွတ်စားဖို့ မထားခဲ့ပါဟု မြတ်စွာဘုရားအား သက်သေတိုင်မပြုသင့်ပါ။ မြတ်စွာဘုရားကိုမဆိုထားလျင် တောမှီရဟန်းများ၏ ဓူတင် ဆောင်သော ဓူတင်များထဲမှ ရောပြွန်းမွှေနှောက်စားသောက်သော ဆွမ်းတနပ်မျိုးကိုသာ ဖန်တီးပြီး အမှတ် သတိဖြင့်သာစားကြည့်ပါက သက်သတ်လွတ်စားသူတို့၏ သဘောကို နားလည်ပြီးကဲ့ရဲ့ခြင်းမှ ကင်းလွတ်မည် ဟုယူဆပါသည်။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကတော့ မိမိပါးစပ်တစ်လုပ်စာ အရသာခံဘို့အတွက် သတ္တ၀ါတွေအများကြီးသေရတာ ငါမတရားဘူးတဲ့။ (ကိုယ်ချင်းစာတာနော်)။

ချမ်းမြေ့သာယာရှိကြပါစေ။ မေတ္တာဘာဝနာပွားများသူတို့ သက်သတ်လွတ်စားခြင်းအား ကဲ့ရဲ့ခြင်း၊ ရှုံ့ချခြင်းများ ကင်းဝေးကြပါစေ။ သူတပါးချမ်းသာလိုသောစိတ်စေတနာကြောင့် ချမ်းသာကြပါစေ။

=======================

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts