Sunday, August 5, 2012

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအသက်(၇၀)ပြည့်မွေးနေ့ပွဲ ဂုဏပူဇာအခမ်းအနား







ဝါဆိုလပြည့်ကျော် (၁)ရက်နေ့(၃.၈.၂၀၁၂)

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမွေးနေ့ပွဲကိုနှစ်စဉ်ဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သော သာစည်၊ ပျဉ်းမနား၊ ရွှေဘိုနှင့် ရန်ကုန်မြို့များတွင်ပြုလုပ်လေ့ရှိသည်ဟု ဆရာတော်ဘုရားကြီး ပျဉ်းမနားမြို့ လက်လုပ်တောင် ရွှေနန်းသွင်းစေတီတော်ကြီးတွင် သီတင်းသုံးနေသော ဆရာတော် ဦးခေမာမှ မိန့်ပါသည်။

ကျမသည် ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့တွင် ကျင်းပမည့် ဆရာတော်ဘုရားကြီးမွေးနေ့ပွဲသွားရောက်ပူဇော် ခြင်းပြုရန် လပြည့်နေ့ညပိုင်းတွင် လှူဘွယ်တို့နှင့် အတူ ကိုရီးယားထမင်းလိပ်၊ ကျောက်ကျောများကိုစီမံနေ ပါသည်။ ထိုကျောင်းတွင် သံဃာတော်(၂)ပါးသာလက်ရှိသီတင်းသုံးနေထိုင်လျက်ရှိပါသည်။ မိုးရာသီဖြစ်သဖြင့် မိုးရက်ဆက်ရွာနေပါသည်။ ရေဆင်းသည် တောင်ကုန်းပေါ်တွင် ရှိသဖြင့် ရာသီဥတုအားဖြင့် ညတွင်ပျဉ်မနား ထက်ပိုအေးပါသည်။ ညပိုင်းဘုရားခန်းဝင်လျက် လက်လုပ်တောင်သို့ မေတ္တာပို့ခြင်း၊ တောင်စောင့်နတ်များအား မနက်ဖန်မွေးနေ့ပူဇော်ပွဲတွင်လာမည်ဖြစ်ကြောင်း သင်တို့အတွက်လည်း ပြူသမျှကုသိုလ်အမျှအတန်းဝေခြင်း၊ မြတ်စွာဘုရားနှင့် ဆရာတော်ကြီးအားပူဇော်ရန် အမွေးတိုင်များလာစိုက်ထူပေးမည်ဖြစ်ကြောင်းစိတ်ဖြင့် အာရုံညွတ် ပြောကြားလိုက်ပါသည်။ မနက်(၄း၃၀)နာရီထရန်လည်း နာရီနိုးစက်ချထားလိုက်သည်။

သို့သော် မနက်စောစောနိုးစက်ကြောင့်ထရန်ပြင်လိုက်သောအခါ မိုးတော်တော်ရွာနေသည့်အတွက် ကျမသည် ထရန်ပျင်းသွားသည်။ မိုးရေစက်စက်ထဲတွင် ၁၂ မိုင်ခရီးကို ကားတတန်၊ ဆိုက်ကယ်တတန်သွားရန်လည်း စိတ်ပျက်သွားမိသည်။ သို့အတွက်ကြောင့် ကျမသည်တော်ပြီ။ အိမ်ကနေဘောဇဉ်များကို ဘုရားနှင့် ဆရာတော် ဘုရားကြီးအားကပ်မည်၊ ကျောင်းတွင် လှူရန်ကိစ္စတို့ကို ဆွမ်းခံသံဃာများအားလောင်းမည်ဆိုကာ ပြန်အိပ်လိုက်ပါသည်။ လပြည့်နေ့ကလည်း သူငယ်ချင်းဖြစ်သူဝါဆိုသင်္ကန်းကပ်သည့်အတွက် စိမ်းစားပင်ကျောင်းသို့မနက် (၄း၃၀)အရောက်သွားခဲ့ရာ၊ အိပ်ရေးပျက်ထားသည့်အရှိန်လည်းပါပါသည်။ မထခြင်တော့ပါ။ သို့အတွက် မိုးလည်းသဲတော့ ပြန်ကုတင်ပေါ်လှဲလိုက်ရာ ပြန်အိပ်ပျော်သွားပါသည်။ (၁၀)မိနစ်ခန့်ကြာသောအခါ ကျမနားထဲတွင် တစုံတဦးသည် ကျမကိုစိတ်ဆိုးပြီးပြောဆိုနေသောစကား များကိုကြားလိုက်ရသည်။ သူပြောသောစကားကို ကျမနားမလည်ပါ။ ကျမကိုပြင်းပြင်းထန်ထန်လှုပ်နိုးသည်။ ကျမလည်း လန့်လန့်ဖြတ်ဖြတ်ဖြင့်နိုးလာပါသည်။ ထိုလှုပ်နိုးခံရသည့်အတွက်ကြောင့် ကျမသည်ကျောင်းကို သွားရန်ပြင်ဆင်ရပါတော့သည်။

ကျောင်းရောက်သော် သံဃာတော်များဆွမ်းခံကြွနေကြသည်။ ဦးလေး ဦးမြသိန်း(မဟာမြိုင်ခရီးစဉ်မှ ဥက္ကဌဇတ်လိုက်)နှင့်တွေ့ဆုံပြီး ကျမသည် ဦးလေးကို ဆရာတော်ဘုရားကြီးရှိစဉ်က ဦးလေး၏ အတွေ့အကြုံများကို မေးမြန်းခဲ့ပါသည်။ ကျောင်းတွင် ကောက်ညှင်းပေါင်းဖြင့်လာသောပရိတ်သတ်များကို ဧည့်ခံပါသည်။ အလားတူ မုန့်ဟင်းခါးဖြင့်လည်းဧည့်ခံပါသည်။ ကောက်ညှင်းပေါင်းမှာ ဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်အရ ကျွေးမွေးခြင်းဖြစ်ကြောင်း၊ ကောင်းခြင်းများပေါင်းသည့် အတိတ်နမိတ်ကောက်ယူပြီး ကျွေးခြင်းဖြစ်ကြောင်း ဦးဇင်း ဦးခေမာမှလပြည့်နေ့က ရှင်းပြခဲ့ပါသည်။ ဆရာတော်ဘုရားကြီးသည် ရွှေဘို့မြို့နယ်၊ ကျီကျင်းရွာအနီး နတ်တလူကျောင်းဟု အမည်နာမတွင်ခြင်းနှင့်ပတ်သက် အနီးအနားတွင် နတ်တလူးလယ်မြေများရှိကြောင်း နတ်တလူးတွင် လူးဆိုသောစကားလုံးကို မကြိုက်သဖြင့် နတ်တလူကျောင်းဟု အမည်နာမမှည့်လိုက်ကြောင်းဟောပြောခဲ့ဘူးပါသည်။

ကျမသည် ကောင်းခြင်းများပေါင်းထားသည့် ကောက်ညှင်းပေါင်းတွင် နှမ်းနက်များဖြူးထားသည့် ကောင်းခြင်းများပေါင်းလိုသည့်အတွက် စားသောက်လိုက်ပါသည်။ ကျမသည်ကျောင်းပရ၀ုဏ်မှ အဆောက်အဦးများကို ဓါတ်ပုံလိုက်ရိုက်ခြင်း၊ တောင်စောင့်နတ်များ၊ အစောင့်အရှောက်များအတွက် အမွေးတိုင်များ စိုက်ပေးခြင်း၊ ရွှေနန်းသွင်းစေတီတော်ရင်ပြင်ပေါ်သို့တက်ပြီး ဘုရားဝတ်ပြုခြင်း၊ မေတ္တာပြို့ခင်း၊ ပြုသမျှကုသိုလ်ကောင်းမှုကို အမျှဝေခြင်းများပြုလုပ်ခဲ့ပါသည်။ ဆရာတော်ဘုရားကြီး ပျဉ်းမနားတွင်ရှိစဉ်က ကျမတို့ဆရာမိသားစု ကျမတို့ အပြေးအလွှားဆွမ်းလောင်းကြပုံများ၊ လုပ်အားပေးခြင်းများ၊ ဆရာတော်ဘုရား ကြီးသွန်ဆွမ်းများကို စားသောက်ကြခြင်း၊ ဆရာတော်ဘုရားကြီး တံခါးအဖွင့်ကို ဖူးရန်စောင့်မျှော်ကြရခြင်းများ ကို အမှတ်ရမိပါသည်။ တညတွင် ဆရာတော်ဘုရားကြီးထံသွားဖူးမျှော်သော ကျမဆရာနှင့် အမျိုးသားအဖွဲ့များ ဥစ္စာစောင့် ညီအမများ လာကန်တော့ခြင်းနှင့်ကြုံနေသည်ကို ဆရာပြောပြသည်ကိုလည်းအမှတ်ရမိပါသည်။ နေပြည်တော်ရုံးသို့သွားတိုင်း ထိုကျောင်းဘေးကဖြတ်သွားရလေ့ရှိရာ အစောင့်အရှောက်များ မေတ္တာပို့ခြင်း။ မြတ်စွာဘုရားနှင့်ဆရာတော်ဘုရားကြီးအားရည်မှန်းကန်တော့ခြင်းကို ကျမပြုလုပ်လေ့ ရှိပါသည်။ ယခုသော် နေပြည်တော်ရုံးအားမသွားရသည်မှာ ၄ လခန့်ရှိပါပြီ။

မနက်(၉)နာရီရောက်သော် ဆရာတော်ဘုရားကြီး၏ အသက်(၇၀)ပြည့်မွေးနေ့အား စတင်ကျင်းပပါသည်။ ပကာသနာမပါ ရိုးရိုးရှင်းရှင်း အခမ်းအနားမျှသာ။ သပြေကုန်းရွာမှ ဆရာတော်ကြီး လက်လုပ်တောင်တွင် သီတင်းသုံးစဉ်ကကိုးကွယ်ကျ ကုန်သော ရွာသူရွာသားများနှင့် ဆရာတော်ဘုရားကြီးအား ကြည်ညိုကြသောသာဝကများ ဥပသကာများ ဓမ္မရုံပေါ်တွင် ဆရာတော်ဘုရားကြီးအား မေတ္တာပို့ခြင်း၊ သီလခံယူခြင်း၊ တရားနာယူခြင်းများပြုလုပ်ကြပါ သည်။ အချို့က ၀ါဆိုသင်္ကန်းကပ်လှူကြပါသည်။ ထိုနေ့တွင် လှူဒါန်းသော ၀တ္တုငွေများကို ဦးဇင်း ဦးခေမာမှ ဆရာတော်ဘုရားကြီး၏ သာသနာပြုမဟာခရီးသည် ဒုတိယအုပ်အတွက် လှူဒါန်းမည်ဖြစ်ကြောင်း ကြေငြာပြီး အခန်းအနားကို ရှုတ်သိမ်းလိုက်ပါသည်။

ကျမသည် ဦးဇင်းဟောသောတရားအားအင်တာနက်တွင် တင်လိုပါသော်လည်း ဦးဇင်းမှ မတင်လိုသည့်အတွက် မရေးသားတော့ပါ။ ဦးဇင်းဟောရန်စီစဉ်ထားသော တရားရှိပါသော်လည်း ပူဇော်ပွဲသို့တက်ရောက်လာကြသော နေပြည်တော်မှ အရာထမ်းများ အချိန်အခက်အခဲကိုငဲ့ညှာရသဖြင့် တရားကို တိုတိုနှင့်ဟောကြားသွားခဲ့ပါသည်။ ကျမကတော့ ဦးဇင်းဟောသည့်တရားလေးထဲတွင် ဆရာတော်ဘုရားကြီး၏ သွန်ဆွမ်းဥပမာ အားကြိုက်နှစ်သက်သဖြင့် ပြန်လည်တင်ပြလိုက်ရပါသည်။

ဆရာတော်ဘုရားကြီးသည် လက်လုပ်တောင်တွင်သီတင်းသုံးစဉ်က ဆွမ်းခံလျင် ဆွမ်းတောင်းကြီးက နောက်ကလိုက်ရသည်။ သပိတ်ပြည့်တိုင်း သွန်ဆွမ်းဖြစ်သွားပြီး ဆွမ်းတောင်းကြီးထဲသို့ရောက်သွားပါသည်။ ဆွမ်းတောင်းကြီးမှ ဆွမ်းများကို ကျောင်းတွင်ရှိသော ဝေယျဝစ္စသမားများ၊ လုပ်အားပေးများ၊ ပန်းရံသမားများ၊ လက်သမားများ။ အဆောက်အဦဆောက်သူများ မျှဝေစားသောက်ကြသလို ကျီးဌက်များ တိရစ္ဆာန်များ အားလည်းကျွေးမွေးလေ့ရှိပါသည်။

ဦးဇင်းမှ ယနေ့လှူဒါန်းရသောအလှူဒါနတို့သည် ဆရာတော်ဘုရားကြီး၏ သွန်ဆွမ်းကဲ့သို့ဖြစ်ကြောင်း၊ ဆရာတော်ဘုရားကြီးသည် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ကြီးမားသကဲ့သို့ အလှူဒါနများကား ပြောဘွယ်မရှိပြီ။ မိမိတို့ထက် လွန်စွာမှသာလွန်သော ဆရာတော်ဘုရားကြီး၏ ကြီးမြတ်လှစွာသော ဒါနသီလ ဘာဝနာများနှင့်စာလျင်မိမိတို့ပြုလုပ်သော ကုသိုလ်ကောင်းမှုသည် မပြောပလောက်ပါ။ သို့အတွက် ဆရာတော်ဘုရားကြီး၏ ပြည့်လျံနေသောသွန်ဆွမ်းများကို မိမိတို့ပင် ပြန်စားသောက်ကြရသကဲ့သို့ ယခုပြုသောကုသိုလ်ကောင်းမှုများသည် ဆရာတော်ဘုရားကြီးအတွက် ရည်မှတ်ပြုလုပ်သော်လည်း အစစအရာရာ ပြည့်စုံနေသောဆရာတော်ဘုရားကြီး၏ ပြည့်လျံနေသော သပိတ်တော်မှ ဆွမ်းများကဲ့သို့ မိမိတို့ပင် ထိုကောင်းမှု၏အကျိုးများကို ပြန်လည်ခံစားရမည် သာဖြစ်ကြောင်းဟောကြားသွားပါသည်။

ကျောင်းတွင် သပြေကုန်းမှ ဆရာတော်ဘုရားကြီးရှိရာ ရွှေဘိုသို့လိုက်သွားသူများနှင့်တွေ့ရာ ဆရာတော်ကြီးသည် ရွှေဘို့၊ ကျီကျင်းမှ (၈)မိုင်ကွာသောနေရာတွင် သီတင်းသုံးလျက်ရှိကြောင်း၊ ဆရာတော်ကြီးထံသို့ မည်သူမျှမလာရောက်ကြရန် မေတ္တာရပ်ခံထားကြောင်း၊ စာစောင်များတွင် လည်း ကြေငြာထားကြောင်း၊ ရွှေဘို သာဟိတာများမှလည်း မေတ္တာအထူးရပ်ခံထားကြောင်း၊ မြန်မာများသာမက နိုင်ငံခြားသားများအား အထူးမေတ္တာရပ်ခံထားကြောင်းသိရှိရပါသည်။


0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts