Wednesday, July 4, 2012

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ရှေ့တန်းမှူးနှင့်တိုက်စစ်ဆင်ခဲ့ခြင်း (ကုသလ ကုသလံ အကုသလနံ ဓမ္မာနံ)

ပုလဲမြို့နယ်အတွင်း မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သီတင်းသုံးစဉ် ဆရာဒေါက်တာမြသွင် ဒေါ်ခင်ခင်ဆွေမိသားစုနှင့် ကျမတို့လိုက်ပါသွားခဲ့ပါသည်။ ပုလဲမြို့ မင်းတိုင်ပင်ရွာတွင် ကျမတို့ နေရပါသည်။

ချက်ခြင်းဆရာတော်ကြီးထံ သို့သွားလို့မရ မင်းတိုင်ပင်ရွာမှ သစ်လုပ်ငန်းလုပ်သော ဒကာတဦးအိမ်တွင် ပစ္စည်းတွေ အရင်ချကြသည်။ ကျမတို့လိုပင် ရန်ကုန်မှ ပျဉ်းမနား ရွှေဘို သာစည်နှင့် အခြားမြို့နယ်မှ ဒကာ ဒကာမများ သည်လည်း ထိုအိမ်တွင် စခန်းချကြသည်။ အခြားတည်းစရာမရှိ။ ပျဉ်ချောင်းများယာယီခင်းထားပေးသော စင်ပေါ်တွင် အကုန်တန်းစီအိပ်ခဲ့ကြရသည်။ အိမ်ပိုင်ရှင် အမျိုးသမီးကြီးသည် ၄င်းတို့ ဆရာတော်ကြီးအား တဲကျောင်းလေးဆောက်လှူခဲ့ပုံများ။ ထူးခြားပုံများကို ကျမရဲ့ဆရာကတော်ဖြစ်သူ ဒေါ်ခင်ခင်ဆွေအား ပြောပြပါသည်။ ကျမအဖွဲ့ကား ဒေါက်တာမြသွင် ဇနီးဒေါ်ခင်ခင်ဆွေ ဦးဆောင်ပြီး (၇)ဦးအဖွဲ့ဖြစ်ပါသည်။ ခဏနားပြီးသော် ဆရာသည် ဆရာတော်ဘုရားထံ နေမ၀င်ခင်သွားဖူးမည်ဟုဆိုလာသဖြင့်ကျမတို့အားလုံးသည် ဆရာတော်ဘုရားသီတင်းသုံးရာ သစ်တောကြိုးဝိုင်းထဲသို့လာခဲ့ကြပါပြီ။ တွေ့ပါပြီသူနဲ့။ သူကား တခြားသူ မဟုတ် တောခေါင်းပေတည်း။ ဆရာတော်ဘုရား ကျောင်းဝန်းထဲထိပ်တွင် သူက ဂိတ်ပိတ်ထားသည်။ သူက အခရာ သူကား ရှေ့တန်းမှူး။ သူက ဖြတ်သန်းခွင့် ကိုင်ထားသူ။ ဆရာကကားကို ဂိတ်တွင်ရပ်စေ၏။ ပြီးလျင် ရှေ့တန်းမှူးက အထဲမ၀င်ရဟုပြောတော့သည်။ ကျမဆရာသည် တောင်းတောင်းပန်ပန်နှင့် ဆရာတော်ကြီးကို ဖူးလို အဝေးကြီးကလာခဲ့ရသဖြင့်ဝင်လိုပါကြောင်းပြောသည်။ သူက ကားသံဆူသည့်အတွက် ဆရာတော် ဘုရားကြီးအတွက် တရားအားထုတ်ရာတွင်အနှောက်အယှက်ဖြစ်သည်ဟုဆိုကာ အ၀င်မခံ။ ဆရာသည် ထပ်အောက်ကြို့ပြန်သည် ကားမယူသွားပါ။ လမ်းလျောက်သွားပါမည်ဟု။ သူကသဘောမတူ။ ထိုအခါ ဆရာက သူတဦးထဲ ဆရာတော့်ကျောင်းကို ပတ်ကြည့်ယုံလေးသွားပါမည်။ ကျန်သူများခေါ်မသွားပါဟု တထစ်လျော့ ဈေးဆစ်ပြန်ပါသည်။ ဟိုကလည်းမလျော့။ ထိုအခါ ဆရာသည် ညနေ(၃)နာရီက လားဟူလီရှောတွေ ၀င်သွားတာ သူသိသည်ဟုပြောပြီး။ သူတို့တော့ ၀င်ရတယ် ဒို့ကဘာလို့မ၀င်ရတာတုံး။ အသာလေး ချောင်းယုံလေးသွားချောင်းမယ်လို့ ပြောနေတယ်ကွာ။ ဆရာစစိတ်တိုချေပြီ။ ဟိုကလည်း ဒါကဆရာတော်ကြီး က လားဟူတွေလာရင် ၀င်ခွင့်ပြုလိုက်ုလို့ မှာထားလို့ ၀င်ခွင့်ပြုရတာ။ ကျမလည်း ကျမဆရာဘက်က ၀င်ပါတော့သည်။ ဘက်လိုက်တယ် ဘာဖြစ်တယ် ညာဖြစ်တယ် တယောက်တခွန်းဖြစ်ကုန်ကြတော့သည်။ မမဆွေကား တော်တော့ တော်တော့ဟုဆိုကာ ကျမကိုလည်း ဆူ။ ဆရာကိုတော့မဆူပါ။ ထိုအခါ တောခေါင်းမှ ၀င်ရဲရင် ၀င်ကြည့် တူမီးနှင့် ပစ်မယ်တွေဖြစ်ကုန်ကြသည်။ ဆရာလည်း သူ့ဇနီးမှ ကျမကိုဆူသည်ကိုကြားတော့ ငြိမ်သွားပြီး မကျေမနပ်နှင့်လက်လျော့ကာ နောက်ကြောင်းပြန်လှည့်လာကြတော့၏။

တည်းအိမ်ပြန်ရောက်သော မနက်ဖန်မနက် ဆရာတော်ဘုရားကြီးကို ဆွမ်းလောင်းရန် လုပ်ကြကိုင်ကြ တော့သည်။ ကိုယ့်အဖွဲ့နှင့်ကိုယ်။ မနက်ရောက်သော် ကျောင်းသို့ ထိုအိမ်မှ ကားအလျိုလျိုအုပ်စုလိုက် ရှေ့ဆင့် နောက်ဆင့် စည်းကမ်းရှိရှိသွားကြတော့၏။ ကျောင်းရောက်သော် ဆရာတော်ဘုရားကြီးအား စနစ်တကျတန်းစီ ပြီးဆွမ်းလောင်းကြ၏။ ဆွမ်းလောင်းပြီးသော် ဆရာတော်ဘုရားကြီး၏ ကျောင်းသို့သွားရောက်ပြီး ဖူးမျှော်ကြ၏။

ကျမတို့ဆရာသည် ဆရာတော်ကြီးအား သူ မနေ့ညနေက ကျောင်းဝန်းထဲသို့ ၀င်ခွင့်မရ ပါကြောင်း လျှောက်တော့သည်။ ဂိတ်စောင့်ရှေ့တန်းမှူး တောခေါင်းကြီးကား ဆရာတော်ဘုရားဘေးတွင်ရပ်နေ၏။ ဆရာတော်ဘုရားကြီးကား ဆရာက မကျေမနပ်နှင့် တိုင်သည်ကို ပြုံးနေတော်မူ၏။ ကျမကလည်း မခံ တပည့်တော်တို့ကို အထဲဇွတ်ဝင်ရင် တူမီးနှင့်ပစ်မယ်လို့ပြောတယ်ဘုရားဟု လျှောက်ပါတော့သည်။ ဘုန်း ဘုန်းကြီးနား နေပြီး ယဉ်ကျေးအောင်လုပ်ထားဦး။ ယဉ်ကျေးအောင်သင်ထားဦးနဲ့ ကျမကချဲပါတော့သည်။ ဘေးက ဘုန်းဘုန်းကြီး၏တပည့်ဒါယကာများက ကျမတို့ဆရာတပည့်တွေ ပြောနေတာကို ကြည့်ပြီးရီနေကြ၏။

ဆရာတော်ဘုရားကြီးမှ ထိုနေ့က ပါဏာတိပါတာကံလုပ်ရင်း ကုသိုလ်ရသွားပုံ။ အလှူလှူနေတဲ့သူက လှူရင်း အကုသိုလ်ဖြစ်ပုံများကို မိန့်တော်မူပါသည်။ တခါက တံငါသည်တဦးသည် ငါးဖမ်းသွားရ၏။ ၄င်း၏သူငယ်ချင်း က ထိုနေ့တွင်အလှူလုပ်နေသည်။ တံငါသည် သည် ငါးဖမ်းနေရာမှ သူ့သူငယ်ချင်းအလှူကိုစိတ်ရောက်နေပြီး သာဓု သာဓု ခေါ်ကာ ကြည်နူးနေသည်။ အလှူလုပ်နေသော သူငယ်ချင်းကား အလှူတွင် စိတ်မရှိ ဟိုကောင်တော့ ငါးဖမ်းနေမှာဘဲဟုဆိုကာ ငါးဖမ်းသည့်နေရာသို့ စိတ်ရောက်နေ၏။ တံငါသည်ကား အကုသလ မှ ကုသလသို့ ဖြစ်နေပြီး အလှူရှင်ကား အလှူလုပ်နေသော်လည်း အကုသိုလ်လုပ်ငန်းကို စိတ်ရောက်နေသဖြင့် ကုသလ မှ အကုသလ သို့ အကုသိုလ် စိတ်အဖြစ်ပြောင်းနေသည်ဟု ဟောပြောပါတော့သည်။

အပြန်တွင် ကျမတို့သည် မင်းတိုင်ပင်သို့ပြန်မရောက်မှီပင် ကားပျက်ပါတော့သည်။ ဘယ်လိုမှလုပ်မရလို့ ဆိုင်တန်းလေးများအထိ တွန်းကာ အကူအညီတောင်းသော် ဝေါ့ရှော့ဆရာအိမ်က နောက်ကြောင်းပြန်လှည့်မှ ရမည်မို့ ဆရာတော်ကျောင်းဘက်သို့ လားရာကိုပြန်လှည့်ရသည်။ ဝေါ့ရှော့ဆရာအိမ်သို့ရောက်သော် ဝေါ့ရှော့ ဆရာကား မန္တလေးသွားသည်ဆိုတော့ မောတော့သည်။ စက်နိုးကြည့်လိုက် ရသလောက်မောင်းလိုက် နောက်ဆုံး လုံးလုံးကိုသွားမရတော့ပါ။ ရပ်သွားသည့်နေရာကလည်း ကားပြတ်သောလမ်းမပေါ်တွင်ဖြစ်ပေရာ အကူအညီဟူသမျှဝေးစွတကား။ စိတ်ဓါတ်ပျက်စရာ ဗိုက်ကဆာ။ ရှိတဲ့မုန့် အကုန်အုပ်။ ဟိုလို ဒီလို ကိုယ်လည်း မကူညီတတ်။ အချိန်ကားအတော်လင့်သွားပြီ။ ဟော လာပါပြီ ကယ်တင်ရှင်။ တောကြီးတောင်ကြီးထဲမှာ ဘွားကနဲပေါ်လာတဲ့ သစ်ကားတစ်စီး၊ သူ့ကိုအကူအညီတောင်းရသည် သံကြိုးဖြင့် မုံရွာဘက် ညောင်ပင်ဝိုင်း သို့ ဆွဲပေးပါဟု။ မမဆွေ အိတ်ကပ်ထဲက ငွေတွေအထပ်လိုက်ပြုတ်ကုန်တော့သည်။ မမဆွေကား စိတ်ပျက်ခြင်း ညိုငြင်ခြင်း အရိပ်အရောင်တောင်မပြ။ တခွန်းမှ မဟ။

ဟော-ညောင်ပင်ဝိုင်း၊ ဝေါ့ရှော့ဆရာအိမ်သို့ရောက်တော့အချိန်ကားလင့်နေပြီ။ ညနေ ၄ နာရီကျော်ပြီ။ ကားမောင်းဆရာနှင့် သူတို့အလုပ်သူတို့လုပ်နေကြပေပြီ။ ထိုအခါဆရာသည် ကျမအနားသို့လာပြီး။ တပည့်ကြီး ငါတို့တော့ ဒဏ်ချခံရပြီဟဟုပြောပါသည်။ နင်လည်း တရားထိုင်။ ပြီးရင် ဆရာတော်ဘုရားကြီးကို တောင်းပန် ကန်တော့။ မှားပါပြီလို့တောင်းပန်။ ငါလည်း ပုတီးစိပ်ပြီး ဆုတောင်းတောင်းပန်မယ်ဟုဆိုသည်။ ပြီးလျင် ဆရာသည် ကွပ်ပြစ်ပေါ်တွင် ပုတီးစိပ်နေလေတော့၏။ ကျမကတော့ ဖောင်းတယ် ပိန်တယ်ကို ပက်လက်ကုလားထိုင်တွင် ထိုင်ကာမှတ်နေတော့သည်။ ၁ နာရီခန့်ကြာသော် ဆရာက ငါတော့ တောင်းပန် ပြီးပြီ။ ဆုလည်းတောင်းထားတယ်။ မုံရွာပြန်ဘို့အဆင်ပြေပါစေလို့။ ကျမက ဆရာနေပါဦး။ ဒဏ်ချတယ်ဆိုတာ ဘာလဲလို့မေးပါတော့သည်။ ဟ-ငါတို့က ဆရာတော်ကြီးသတ်မှတ်ထားတဲ့ စည်းကမ်းကိုကျော်ပြီး စည်းကမ်း ဖေါက်ဘို့ကြိုးစားတာကိုး။ နောက် တာဝန်ချထားတဲ့ တံခါးမှူးနဲ့လဲ ရန်ဖြစ်လိုက်သေးတယ်။ သူတော်ကောင်းဆီ လာတာကွ။ အဲဒါကိုမှ မစောင့်ဆည်းနိုင်တာ ငါတို့အပစ်ဟ တပည့်ရဟုပြောပါသည်။ ဆရာတော်ဘုရားကြီးတို့ က မေတ္တာသမားကြီးကွ။ ဒီတော့ ဆရာတော်ကြီးတို့က ဒဏ်ခတ်တာမဟုတ်ဖူး သက်ဆိုင်ရာအစောင့်အရှောက် တွေက ဆရာတော်ကြီးဆီသွားရင်းက အကုသိုလ်အလုပ်လုပ်ရမလားဆိုပြီး ပညာပေးတာကိုပြောတာဟု ရှင်းပြပါသည်။ ကျမလည်း ရှင်းသွားပြီး ရှိရှိသမျှတွေကို မေတ္တာပို့ ဘုန်းဘုန်းကြီးကိုလည်း မကြာခဏ စိတ်ထဲမှ တောင်းပန်ပါသည်ဘုရားဟု အကြိမ်ကြိမ်ရွတ်ဆိုကန်တော့မိပါသည်။

ကားပြန်ကောင်းသည့်အချိန်ကား ည ၉ နာရီခွဲကျော်ပြီ။ ဝေါ့ရှော့ဆရာမှ တဖက်ကမ်းသို့ပြန်ကူးလို့မရနိုင်တော့ သဖြင့် ၄င်းတို့အိမ်အပေါ်ထပ်တွင်အိပ်ပါဟုဖိတ်ခေါ်တော့သည်။ ဆရာကားလုံးဝလက်မခံ။ တဖက်ကမ်းသို့ ကူးမည်ဟုချည်းပြောနေသည်။ ဇက်က ထိုအချိန်တွင် မရှိတော့။ သို့သော်ဆရာကား လက်မလျော့ ဘုန်းဘုန်းကြီးထံ တောင်းပန်ထားသည် လျောက်ထားသည်ဆိုသည်။ ဒီနေ့ မုံရွာကိုရောက်ရမည်ဟုဆိုပါသည်။ မမဆွေလည်း မဖြစ်နိုင်မှန်းသိသော်လည်း ဘာတခွန်းမှဝင်မပြောချေ။ ကျမတို့လည်း စိတ်ပျက်လက်ပျက်ဖြင့် ဆရာဆုံးဖြတ်ချက်အတိုင်း ညကြီးသန်းခေါင် ဇက်ဆိပ်သို့ကားကိုမောင်းပြီး မှောင်မဲမဲတွင်နေရပါတော့သည်။ ခြင်ကကိုက် လရောင်ပြပြလေးအောက်မှာ ပြန်မပြောရဲလို့သာ မပြောကြသော်လည်း မဖြစ်နိုင်တာကို ကြိုးစားသည်ဟုသာ စိတ်ထဲမှ မှတ်ထင်ပါသည်။ ကမ်းနားမှဆိုင်များလည်း တိတ်လို့ငြိမ်လို့။ ၁၀ နာ၇ီခွဲလောက် ရောက်လာပေပြီ။ ဇက်ထွက်ဖို့ဆိုတာဝေး။ အမှောင်တိုက်ကဖုံးနေပါသည်။ ည(၁၁)နာရီထိုးကာနီးတွင် ကားမီး အလင်းရောင်သည် ဇက်ဆိပ်ဖက်သို့ရောက်လာသည်။ ဂျီအင်စီကားတစီးပါလား။ ကားပေါ်မှာလည်း ပစ္စည်းတွေနှင့်။ ဟောမကြာပါ ဇက်ပေါ်မှလူတွေရော ကားပေါ်မှ လူတွေေ၇ာ ပွက်စီပွက်စီဖြစ်လာကြသည်။ (၁၁ နာရီ ၁၀ မိနစ်)တွင် ထွက်သောဇက်ဖြင့် ကျမတို့သည် ညောင်ပင်ဝိုင်းမှ မုံရွာသို့လိုက်ပါလာခဲ့ရတော့သည်။ ထိုည (၁၂)နာ၇ီတွင် တည်းခိုရိပ်သာတွင် ဇိမ်ကျကျဖြင့်အိပ်လိုက်ရပါတော့သည်။

ကျမအံ့သြသည်မှာ ကျမတို့ဆရာ၏ ယုံကြည်မှုပင်ဖြစ်ပါသည်။ ဆရာတော်ကြီးကိုမနောဖြင့်လျှောက်သည်။ ဆရာတော်ကြီး၏ မေတ္တာကြောင့် သူ့ကိုယ်သူ မုံရွာကူးဘို့ အဆင်ပြေမည်ဟုလည်း လုံးဝယုံကြည်သည်။ မည်သူသည် ထိုအချိန်တွင်ဇက်ထွက်မည်ဟု…..ယုံကြည်မှုအပြည့်နှင့်စောင့်ဆိုင်းမည်နည်း။ သို့သော်…… ဆရာတော်ဘုရားကြီး၏ မေတ္တာစွမ်းအင်ကား နက်ရှိုင်းလျို့ဝှက်လှပါသည်။

ကျန်းမာချမ်းသာ လူမျိုးဘာသာ သာသနာအကျိုးသယ်ပိုးဆောင်ရွက်နိုင်ကြပါစေသတည်း။

2 ဖတ်သူများပြောစကား:

  1. စာဖတ်ရင်းကြက်သီးများထမိပါတယ်။

    ReplyDelete
  2. စာဖတ်ရင်း ကြက်သီးများထမိပြီး ဆရာတော်ကြီးကို ကြည်ညိုစိတ်တဖွားဖွားပေါ်ခဲ့ပါတယ်။ ကျေးဇူးပါ။

    ReplyDelete

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts