Tuesday, July 10, 2012

ကိုရင်ကလေး ဈာန်ကစား ကန်းမနဲ့ညား (ဖြူးဆရာတော်)

ဒီစာစုလေးက ၁၉၈၉ ခုနှစ်တွင် ဖြူးဆရာတော်ဘုရားကြီး အရှင်နာရပတိဟောခဲ့တဲ့တရားထဲက ဖြစ်ပါတယ်။ ဖြူးဆရာတော်ကြီး ဟာ ပျဉ်းမနားမြို့ ကန်ဦးမဟာစည်ရိပ်သာ ဆရာတော်ဘုရားကြီး၏ မွေးနေ့ရောက်ပြီးဆိုလျင် ပျဉ်းမနားသို့ ကြွလာပြီး ဓမ္မတရားဟောပြီး ဆရာတော်ကြီးကိုပူဇော်လေ့ရှိပါတယ်။ အဲဒီတရားဟာ ကျမ အဲဒီ ကျောင်းမှာတရားသွားထိုင်စဉ် ယောဂီတဦးအနေနဲ့ ကြားနာခဲ့ရခြင်းဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးဟောခဲ့တဲ့တရားကတော့ တခါက ကိုရင်လေးတပါးရှိတယ်။အဲဒီကိုယ်ရင်လေးဟာ သမထကို ပြင်းပြင်းထန်ထန်အားထုတ်တော့ ဈာန်ရတယ်တဲ့။ ကိုရင်လေးက သူဟာ သူ့ရဲ့ဈာန် အစွမ်းကို သိလိုတော့ မကြာခဏ ကောင်းကင်ပေါ်တက်ပြီးဈာန်ကစားတာပေါ့နော်။ တရက်ကြတော့ ဈာန်ကစားရင်း ကစားရင်းနဲ့ အောက်ကိုငုံကြည့်မိရာက မိန်းမရွယ်တစ်ဦးကိုတွေ့သွားတယ်။ အဲဒီတော့ ဒီကိုရင်ဟာ လူပျိုပေါက် ဖြစ်ပုံရပါတယ်။ မိန်းမငယ်လေးလဲတွေ့ရော စိတ်က တိမ်းညွတ်သွားပါလေရော။ စိတ်တိမ်းညွတ်သွားတော့ ဈာန်က ပြုတ်ကျပါတော့တယ်။ ဈာန်လည်းလျော မိန်းမလည်းယူလိုက်တာပေါ့။

သူရဲ့ဇနီးဖြစ်တဲ့ မိန်းခလေးဟာ ယက်ကန်းခတ်ခြင်းအတတ်နဲ့အသက်မွေးသူဖြစ်တယ်။ ဒီတော့ ချည်ငင်ရ. ချည်ဆေးဆိုးရ လန်းရ ယက်ဖောက်ထဲချည်ထည့်ရနဲ့ လုပ်စရာတွေက တပုံကြီး သို့သော် ကိုရင်လေးက လည်း ဘုန်းကြီးကျောင်းမှာ တသက်လုံးနေလာတာဆိုတော့ စီးပွားရေးကို မယ်မယ်ရရ ဘာမှမလုပ်တတ်ဖူး။ ကူပြန်ရင် လည်းတလွဲကြီးဖြစ်နေသတဲ့။ အဲဒီလိုနဲ့နောက်ဆုံးဘာမှသုံးမရတော့ ချည်ထည်တွေကိုရောင်းတဲ့သူတွေဆီ ပို့ပေးတဲ့အလုပ်ဖဲလုပ်ရတော့တယ်။ အဲချည်ထည်တွေပို့ပြန်တော့ ပို့ရမဲ့လူလွဲပြီးပို့လိုက်ပြန်တယ်တဲ့။

ယက်ကန်းသယ်ဇနီးက ကြာတော့ သီးမခံနိုင်တော့ တနေ့မှာရန်ဖြစ်ကြပါရော။ ရန်ဖြစ်ရင်းနဲ့ ယက်ကန်းသယ်မ ကလည်း ကိုရင်လူထွက်ကို အသုံးမကျတာတွေထုတ်ဖော်ပြောဆိုတာပေါ့။ ဒီတော့ ကိုရင်လူထွက်လေးက ဒေါသတွေထွက်ပြီး အနီးကယက်ဖောက်တခုနဲ့ ကောက်ပေါက်လိုက်တာ။ အဲဒီအမျိုးသမီးလေးရဲ့မျက်လုံးကို ထိမှန်သွားတဲ့အတွက် ယက်ကန်းသယ်မလေးဟာ မျက်လုံးကန်းသွားပါရော။ ဒါကြောင့်ဖြူးဆရာတော်ကြီးက ကိုရင်ကလေး ဈာန်ကစား ကန်းမနဲ့ညား လို့ စာချိုးလေးနဲ့ဟောတော်မူခဲ့ပါတယ်။

ဆရာတော်ကြီးက ဒီနေရာမှာ သမထဈာန်ဆိုတာ မခိုင်မြဲကြောင်းကို ဆိုလိုတာဖြစ်ပါတယ်။ စိတ်၏ ဖြစ်ပျက်ကို မရှုခြင်းကြောင့် ၀ိပသာနာ အကျိုးနဲ့တခြားစီဖြစ်တာကိုလည်းဖော်ညွှန်းလိုတာဖြစ်ပါတယ်။ နောက်ထပ် ဆရာတော်ကြီးက သူလည်းအသက်(၄၀)ကျော်ကျော်မှာ အင်မတန်လူထွက်ခြင်ပါတယ်လို့မိန့်ပါတယ်။ လူထွက် ရင်ဘာလုပ်စားမလဲ။ ဒါဟာသူ့အတွက် မေးခွန်းဖြစ်ပါတယ်တဲ့။ တသက်လုံးဘုန်းကြီးဘ၀ကလာတာ ဘာလုပ်တတ်မှာလဲ။ ဘာမှမလုပ်တတ်တော့ မထွက်သေးပါဘူးဟာ။ မဖြစ်သေးပါဘူးဟာနဲ့ ဘုန်းကြီးဘ၀ မြဲသွားတာလို့ ရီမောဟောပြောပါတယ်။ ပရိတ်သတ်တွေကလည်း သဘောတွေကျကြတာပေါ့။

ဘုန်းကြီးဘဲဖြစ်ဖြစ် ကိုရင်တွေဘဲဖြစ်ဖြစ် လူသားတွေပါ။ သံဃာ့အနွယ်ဝင်တွေဟာ ငယ်သည် ကြီးသည် မဟူ တရားနဲ့ ကိလေသာကို ပယ်သတ်တယ်။ သီလနဲ့ ထိမ်းထားတယ်။ သူများရွာသူတွေအလုပ်မလုပ်ပါလို့ မြတ်စွာဘုရားက ဓမ္မစကြာမှာ ဟောထားပါတယ်။ ညနေ ဆွမ်းမစားရခြင်းဆိုတာလည်း လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ ဒီကြားထဲမှာ ပရိယတ္တိစာလိုက်ရတဲ့အခါ အင်မတန်မှ ပင်ပန်းတယ်လို့လည်းသိထားရပါတယ်။ အိန္ဒိယနိုင်ငံ၊ ကလ္လကတ္တားကျောင်းကို (၁၉၉၈)တုံးကရောက်စဉ် ဦးနန္ဒမာလာနဲ့တွေ့ဆုံတော့ ဦးဇင်းကငယ်စဉ် ပုဇွန်တောင်ဘက်ကစာသင်တိုက်မှာ စာတွေအော်ကျက်ခဲ့ရ ကျောင်းကကျွေးတဲ့ ချဉ်ပေါင်ရေ ကျဲနဲ့ အစာအိမ်ဖြစ်တော့တာဘဲတဲ့။ သံဃာတွေသယ်မှ ပရိယတ္တိဟာတည်တန့်ခိုင်မြဲတယ်။ ပရိယတ္တိရှိမှ ပရိပတ္တိ ရှိတာလို့ မဟာဗောဓြိမိုင်ဆရာတော်ဘုရားကြီးက ဟောတော်မူခဲ့ပါတယ်။ ကိုရင်လေးတပါးကို အမျိုးသမီးတဦးက ကိုရင်ဆိုပြီး လူလိုဆက်ဆံနေတာကို တွေ့ခဲ့ရတယ်တဲ့။ ငယ်သေးတော့ သားလို တူလို အော်ငေါက်နေတယ်တဲ့။ ကိုရင်လေးဟာ မြတ်စွာဘုရားရဲ့ စာပိုဒ်တပိုဒ်ကို ရွတ်ဆိုနေတဲ့အချိန်အခါမှာ အင်မတန်မြင့်မြတ်တယ် လူမဟုတ်တော့ဘူး။ ဒါဟာ မြင့်မြတ်သောကိုရင်တပါးဖြစ်တယ်လို့ ဆုံးမတော်မူ ပါတယ်။ ကိုရင်လေးတွေကို ငယ်သေးတယ်ဆိုပြီး လူလို ဆူငေါက်တာတွေကို အမြင်မတော်လို့ ဆုံးမတော်မူ တာ ဖြစ်နိုင်ပါတယ်။ ကျမတို့လည်း သံဃာ့ဂုဏ်တွေကို ကြည်ညိုပြီး မင်းတုန်းမင်းကြီး ကိုယ်ချင်းစာသလို ကိုယ်ချင်းစာ ကြည်ညိုနိုင်ကြပါစေလို့။

မေတ္တာဖြင့်

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts