Monday, June 4, 2012


သင်္ခါရ (၁)
ဗန်းမော်တွင်နေစဉ်ငယ်ဘ၀လေးကအကြောင်းတခုကို ရေးတင်ခြင်မိပါတယ်။ အလုပ်ကလည်းများ မအားတာက များနေလေတော့ ဒီဘလော့ကို ကြာလှပြီလုပ်ထားပေမဲ့ ရေးမတင်နိင်ခဲ့ပါဘူး။ ဗန်းမော်မှာ 1957 က စပြီး 1974 အထိ (၁၀)တန်းကျောင်းပြီးတဲ့အထိနေခဲ့ပါတယ်။ သင်္ခါရတရားကို (၄)တန်းအရွယ်မှာ စပြီး ကြုံတွေ့ရခဲ့ပါတယ်။ ဒီအတွေ့အကြုံဟာ ဘ၀မှာမေ့နိုင်စရာမရှိသလို ဒါတွေမကြုံခင်ကလည်း ဘာသာရေးနဲ့ ဆက်နွယ်နေတဲ့ ထူးထူးခြားခြားရဟန္တာတပါးဖြစ်တဲ့ ဝေဘူဆရာတော်ကြီးကို ဖူးမြင်ခဲ့ရခြင်းပါဘဲ။
ကချင်ပြည်နယ်ဆိုတဲ့အတိုင်း မီးကမရ။ ငြိမ်းချမ်းရေးကလည်း မရပေမဲ့- ငယ်စဉ်ကတော့ သိပ်ပျော်စရာကောင်းခဲ့တာအမှန်ပါဘဲ။
ဖ.ဆ.ပ.လ ခေတ်ကိုလည်း မမှီတမှီမှီလိုက်သေးတယ်။ ဗိုလ်မှူးအောင်ကြီးတို့ ဗန်းမော်လာတာလည်း မှီလိုက်သေးတယ်။ အိမ်ရှေ့မှာ လွတ်လပ်ရေးနေ့ဆို ရုပ်ရှင်ပြစက်ကြီးနဲ့ ချစ်ပန်းသဇင်ဆိုတဲ့ မေသစ်တို့ ဇေယျကြီးတို့ပါတဲ့ဇတ်ကားကို ပိတ်ကားကြီးထောင်ပြီးပြတယ်လေ။ ကြည့်တဲ့ သူတွေ တသောသောပေါ့။
ဒါပေမဲ့--- ကံကြမ္မာဆိုတာမမြင်ရာက ထွက်လို့လာပါတော့တယ်။


ဝေဘူဆရာတော်ဘုရားကြီးဗန်းမော်ကြွလာတဲ့အချိန်၁၉၆၇-၆၈ ခုနှစ်ကာလတုံးလောက်ကဖြစ်ပါတယ်။ ကျမဟာ(၄)တန်းကျောင်းသူဘ၀ဖြစ်ပါတယ်။ကံကောင်းခြင်တော့ အဖိုးအဖွားတွေရဲ့ဂျစ်ကား အပူဇော်ခံမှာ ဖြစ်လို့ ကားကို ရထားပျံလိုပြင်ဆင်ကြရပါတယ်။ အဲဒီမှာ ကျမတို့က မိုင်းကိုင်စက္ကူတွေကို ဖျာကြမ်းနဲ့ ပုံဖော် ထားတဲ့ရထားပျံလိုအချပ်ပေါ်မှာကပ်ပေးကြရပါတယ်။ ခလေးဆိုတော့ ကုသိုလ်ရတယ်ဆိုတဲ့အတွက် အားတက် သရောလုပ်ခဲ့ပါတယ်။ကြီးမေကတော့ ချမ်းလည်းချမ်းသာ အလှူကလည်းရက်ရောဆိုတော့ ဆရာတော်ကြီးနဲ့ နောက်ပါ သံဃာများအတွက်အလှူကြီးလှူရန်ပြင်ဆင်ခဲ့ပါတော့တယ်။ အိမ်ရှေ့မှ ခုံတန်းတွေချပြီးလှူဘွယ်ပစ္စည်းတွေအများကြီးနဲ့ပေါ့။
ဆရာတော်ကြီးဟာမနက်ပိုင်းမှာ ဆွမ်းဆန်စိမ်းအလှူခံကြွရောက်ပါတယ်။ ဗန်းမော်တမြို့လုံးဟာလည်း အုတ်အုတ်ကျွတ်ကျွတ်ရုတ်ရုတ်သဲသဲ လောင်းလှူကြသလို။ ဝေဘူဆရာတော်ကြီးက ဈာန်ပျံသတဲ့။ ဆရာတော်ကြီးသီတင်းသုံးရာကျောက်ဆည်ဝေဘူချောင်ကနေ ဈာန်ပျံပြီး တောင်ပေါ်မှာတည်ထားတဲ့ဘုရားကို မီးပူဇော်တာ နွားနို့်ပို့ကုလားကမြင်သတဲ့စသည်ဖြင့် သတင်းတွေကလည်းစုံလင်ပါတယ်။ ဒါကြောင့် ဗန်းမော်မြို့၊ သိမ်မဟာစေတီကျောင်း၊ပိတကဋ္ဋတိုက်လို့အမည်ရတဲ့ ရေကန်ကြီးအတွင်းက တိုက်ကျောင်းမှာသီတင်းသုံးနေတဲ့ ဝေဘူဆရာတော်ကြီးကို မြို့သူမြို့သားတချို့က ချောင်းမြောင်းကြပါတော့တယ။်အဲဒီချောင်းမြောင်းတဲ့ သူတွေက ကျမအဖေကို ပြန်ပြောပြတယ်။ ဆရာတော်ဘုရားကြီးဟာ တညလုံးမကျိန်းဘူးတဲ့၊ကျမကတော့ ခလေးတွေးနဲ့တွေးမိလိုက်ပါတယ်။ တညလုံးမအိပ်ဖဲဘယ်လိုနေသလဲပေါ့၊၊
နောင်တနေ့မှာကျမဟာဘာသာရေးသုတတွေလေ့လာလိုက်စားလာမှ စိတ်ကိုနိုင်သောသူများဟာ မအိပ်ဖဲ ကျင့်ကြံအားထုတ်နိုင်တယ်ဆိုတာကိုသိလာရပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဟောကြားတဲ့ တရားတပုဒ်မှာလည်း ဝေဘူဆရာတော်ကြီးကလူတဦးဟာ တနေ့တာ (၃)မိနစ်အိပ်ရင်လုံလောက်တယ်လို့ ဆရာတော်ကြီးက ပြောကြားပါတယ်တဲ့။ သူဒီလောက်ဖဲအိပ်ပါတယ်လို့ဝန်မခံတာတခုဘဲရှိတယ်ဗျာဟု မဟာဗောဓိမြိုင်ဆရာတော်ကြီးက ဟောပြောသွားပါတယ်။
ဝေဘူဆရာတော်ဘုရားကြီးဟာညနေမှာလည်း မမောမပန်း ကားဖြင့် မြို့ကိုလှည့်လည်အပူဇော်ခံခဲ့ပါတယ်။ အပူဇော်ခံရာမှာမြို့ခံလူထုများရဲ့ ကပ်လှူတဲ့ ဖျော်ရည်ခွက်ပေါင်းများစွာကို နှုတ်ဖျားဆွတ်ယုံ အာဆွတ်ယုံလေးဘုန်းပေးအကပ်ခံခဲ့တာဟာ ယနေ့တိုင် အမှတ်၇ဆဲဖြစ်ပါတယ်။ အများဝေနေယျ သတ္တ၀ါတို့အပေါ် မေတ္တာဂရုဏာကြီးမားပုံဟာကြက်သီးများထမိပါတယ်။ ကျမတို့နောက်ကလိုက်ပါလာတဲ့သူများကတောင် ပင်ပန်းနေကြပေမဲ့ ဆရာတော်ဘုရားကြီးတော့ပင်ပန်းပုံမပြပါဘူး။
ကံကြမ္မာဆိုတာမမြင်နိုင်ဘူးလို့ပြောကြတာအမှန်ပါ။မထင်ရ မမြင်၇တဲ့ ကံကြမ္မာဟာ ကျမရဲ့ ကြီးတော်ကို စခေါ်ပါတော့တယ်။ သူမဟာနေမကောင်းဖြစ်ပြီးအိပ်ရာထဲလှဲတဲ့ဘ၀ရောက်သွားပါတယ်။ လူတယောက် ဘ၀ကြီးထဲက ထွက်သွားတာကို တခါမှ မကြုံဘူးခဲ့တဲ့ဘ၀ပါ။အသက်ကလည်းငယ်သေးတယ် ကျမက (၄)တန်းဆိုရင် ကျမအောက်က ဆွေမျိုးတွေကတော့ ကျမထက်ငယ်ကြတာပေါ့။
ကြီးတော်ကတော့သိပ်ကြာကြာမခံစားလိုက်ရပါဘူး။ ကြီးတော်ရဲ့ခင်ပွန်း (ပါပါ)လို့ ကျမတို့ကခေါ်တဲ့ ပါပါကဆရာဝန်ဆိုတော့ တော်တော်လေးကြပ်မတ်ကုသပါတယ်။ သေခါနီးမှာ ပါပါက အဖေ့ကို မင်းအမ ၂ ရက်လောက်ဖဲခံတော့မယ်လို့ ပြောပါတယ်။ ပြောတဲ့ရက်လည်းရောက်လာရော သေမင်းခေါ်ရာနောက် ကောက်ကောက်ပါသွားပါတော့တယ်။ကျမ(၄)တန်းအရွယ်မှာ သေခြင်းတရားနဲ့ စဆုံဆည်းခဲ့တာပေါ့။
ကြီးတော်သေပြီးလို့ (၃)ရက်မြောက်နေ့မှာ ပါပါရဲ့ ကိုယ်ပိုင်ဆေးခန်းထဲမှာ ကွန်ပေါင်းဒါးလိုရောကားမောင်းပေးတာရော လုပ်ခဲ့တဲ့ ကိုအောင်စိုးဟာ ဆေးခန်းထဲမှာတင် ပစ်လဲပြီး သေဆုံးသွားပါတော့တယ်။ရင်းနှီးတဲ့ဒုတိယတစ်ဦးသေဆုံးခြင်းပါဘဲ။ သူ့အိမ်ဟာလည်းနီးတယ်။ သူကိုယ်တိုင်ကလည်း ကျမတို့တွေကိုမိသားစုစိတ်နဲ့ဆက်ဆံတယ်။ ကျမတို့ကလည် ကိုအောင်စိုးကိုဆိုရင် ဦးလေးတယောက်လို ချစ်ခင်ကြတယ်။သူသေသွားပါပြီ။ ကျမတို့အိမ်က လူတွေ အလုပ်သမားတွေအကုန်လုံးဟာ ကိုအောင်စိုးတို့အိမ်ပြေးပြီးလုပ်ပေးလိုက် ကျမတို့အိမ်ပြန်လာလိုက်နဲ့ပေါ့။ ယောက်ယက်တွေခတ်ကုန်ပါတယ်။ ပါပါက ဇနီးဆုံးလို့ဆေးခန်း ပိတ်ထားပေမဲ့ အကယ့်အရေးကြီးတဲ့ လူနာတွေလာလို့ ဖွင့်ပြီးဆေးကုပေးနေစဉ်မှာ ကူညီရင်းသူဆုံးသွားပါတော့တယ်။
၅ ရက်မြောက်နေ့မှာသတင်းဆိုးတခုလာပါတော့တယ်။ အဲဒီသတင်းကတော့ ချောဆွဲတာပါသွားတဲ့ ပါပါရဲ့ကား က/၉၆၅၆ ကိုတပ်သားတွေတင်သွားတဲ့အချိန်မှာ ကချင်သူပုန်ကတောင်ကြားထဲအရောက် ခြုံခိုတိုက်ခိုက်လို့ကားမောင်းတဲ့ ကိုကျင်မောင် နဖူးက ကျဉ်မှန်ပြီးသေဆုံးသွားတဲ့သတင်းရောက်လာတာပါဘဲ။ ကားတစ်စီးလုံးကိုလည်း စတင်းနဲ့ဆွဲထားလို့ အပေါက်ရာတွေ သွေးတွေနဲ့ပွထနေတယ်လို့ ပြောပါတယ်။ အဖေဟာ သူ့အမဆုံးတဲ့ ပရိဒေ၀မီးကိုတောက်လောင်နေဆဲကနေ ကိုကျင်မောင်ကိစ္စ ကားကိုတောထဲကနေပြန်ရောက်လာဖို့ကိစ္စကားကိုဆေးကြောဘို့ကိစ္စတွေနဲ့ အပေါင်းအသင်းတွေက ကူညီလို့ ၀ိုင်းဝန်းမှုနဲ့ လုပ်ရပါတော့တယ်။
တပတ်အတွင်းဆွမ်းမမသွပ်၇သေး ကြီးတော်နဲ့ အိမ်ကကားဆရာ(၂)ယောက်စလုံးဆုံးပါးသွားတာကြောင့် အင်မတန်ခံစားရပုံရပါတယ်။ခြေပစ်လက်ပစ်ထိုင်ပြီး ရေလာတိုက်လို့ ရေသောက်ရာက ဖန်ခွက်ဟာ ကျကွဲ သွားပါတော့တယ်။ လက်တွေဟာလည်းတုန်ရင်နေပါတော့တယ်။
လုပ်သင့်လုပ်ထိုက်တာတွေလုပ်ပြီး(၇)ရက်မြောက်မှာ ဆွမ်းသွပ်ပတော့တယ်။ တရုပ်သွေးပါတဲ့အတွက် ကြီးတော်ကို တရုပ်သဂြိုင်းမှာမြုတ်နှံလိုက်ပါတယ်။ ပါပါဟာ မြုပ်နှံတဲ့ဘေးမှာ သူသေရင် မြုပ်နှံဘို့ နေရာပါ ၀ယ်တယ်လို့အဲဒီတုံးက လူကြီးတွေပြောတာကြားခဲ့ပေမဲ့ သိပ်သဘောမပေါက်ခဲ့ပါဘူး။ အသက်ရလာမှ ကြိုတင်စီမံထားတယ်။သေလို့ မြုပ်နှံရင်တောင် မခွဲအတူ မြုပ်ပေးပါဆိုတဲ့သဘောလို့။ ဒါပေမဲ့ သင်္ခါရကို မြဲအောင်လုပ်လို့မရပါဘူး။အမြဲပြောင်းလဲနေလို့ ဖြစ်တယ် ပျက်တယ်နဲ့ ဖြစ်နေတဲ့ကမ္ဘာကြီးမှာ သေပြီးရင် ဘာမှ မပြောနိုင်တော့ပါဘူး။အထိုက်အလျောက် ဒီအုတ်ဂူတွေဟာတည်မြဲနေတယ်။ ပါပါလည်း သူသေတော့ သူ့ရည်ရွယ်ချက်အတိုင်းဝယ်ထားတဲ့မြေမှာ စုံတွဲမြုပ်နှံလို့ရခဲ့ပေမဲ့ ဗန်းမော်သဂြိင်္ုင်း ဖြိုဖျက်တဲ့အခါမှာအရိုးသာ ကောက်နိုင်ခဲ့ပြီး အရာရာဟာ သင်္ခါရ၏ သင်္ခါရများသာ ဖြစ်တယ်ဆိုတာကို သုံးသပ်မိပါတယ်။
သေသူကြီးတော်ဟာလည်းအသင်းအပင်းနဲ့ သူ့ဘ၀ကို ဇတ်သိမ်းသွားပါတော့တယ်။ တရုပ်အယူတရုပ်သဂြိင်္ုင်း ကို ကြောက်လွန်းလှတဲ့ကျမအဖေကတော့ မသေခင်တဖွဖွ အမေ့ကိုမှာသွားတယ်တဲ့ သူ့ကိုဗမာသဂြိင်္ုင်းမှာဘဲ မြုပ်ပါလို့တဲ့ရှင်။အဖေဟာ သူ့ဦးကြီးဖြစ်စဉ်ကို အမှတ်ရလို့လား သို့မဟုတ် တရုပ်လူမျိုးတွေရဲ့အယူအရ သေဆုံးသူတွေကိုခေါ်ခေါ်ပြီး သဂြီိုင်းကန်တော့တဲ့အယူကြောင့် ၀ိဥာဏ်တွေဟာ မကျွတ်ဖူးလိုဖြစ်နေတာကို တွေးကြောက်ပြီးမကျွတ်မလွတ်သူ မဖြစ်ခြင်တာကြောင့် မှာခဲ့တာနေမှာပါလို့ဘဲယူဆရပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးထံကိုလာရောက်ဖူးမျော်ကြတဲ့သူတွေကို ဟောတဲ့တရားတပုဒ်ထဲမှာ ဒကာတဦးကို ဆရာတော်ကြီးက မေးတယ်ခင်ဗျားကဘာလူမျိုးလဲလို့။ ဒကာက သူကတရုပ်လူမျိုးပါလို့ ပြန်ပြောပါတယ်။ ဆရာတော်ကြီးကတရုပ်တွေတော့ မဟောဘူးဗျာ တရုပ်တွေက သေရင်တစ္ဆေဖြစ်မှာဗျာ ဟောစရာမလိုဘူးလို့ ရီရွန်းပတ်ရွန်းဟောပြောခဲ့ပါတယ်။တကယ်တော့ ဒိဌိအယူတွေကို ဒိဌိအစွဲတွေကို ကျွတ် စေခြင်တဲ့ ဆရာတော်ကြီးရဲ့စေတနာဖြစ်ပါတယ်။
ကျမရဲ့ဘ၀မှာငယ်ငယ်ရွယ်ရွယ်နဲ့သင်္ခါရတရားတို့ဟာ ကျမကိုချောက်လှန့်ခြင်းခံခဲ့ရပါတယ်။ ပါပါက ကိုယ်ပိုင်ဆေးခန်းရှိတော့ဆေးခန်းထဲလာတဲ့ လူမမာတွေထဲမှာ မီးလောင်တဲ့ဝေဒနာရှင်တွေ ဝေဒရှင်တချို့ရဲ့ မြင်ကွင်းကလည်းကျမကို သင်္ခါရရဲ့ လက္ခဏာတွေအနေနဲ့ ဆွဲခေါ်ပြီး စစ်ကြေငြာ အသိပေးလိုက်ပါတော့တယ်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts