Thursday, August 30, 2012

အရှိခန္ဓာကို အားထုတ်ရမည်လော? မရှိခန္ဓာကို အားထုတ်ရမည်လော?

ရွှေစေတီဆရာတော်၊ လယ်ဝေးမြို့နယ်၊ နေပြည်တော်

အရှိခန္ဓာနှင့် အဖြစ် ခန္ဓာ (တရားအားထုတ်သောသူများအတွက် သတိပြုသင့်သောအချက်များ)
အရှိခန္ဓာကို အားထုတ်ရမည်လော? မရှိခန္ဓာကို အားထုတ်ရမည်လော?
ခန္ဓာကို အရှိအနေဖြင့် ယူဆ၍ တရားအားထုတ်လျင် သဿတဒိဌိဖြစ်၏။
ခန္ဓာကို မရှိအနေဖြင့် ယူဆ၍ တရားအားထုတ်လျင် ဥစ္ဆေဒ ဒိဌိဖြစ်၏။
ခန္ဓာကို ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ယောက်ျာ၊ မိန်းမအနေဖြင့် မှတ်ယူ၍ တရားအားထုတ်လျှင် သက္ကာယ ဒိဌိဖြစ်၏။
ငါးပါး ရုပ်နာမ်တရားတို့သည် အာရုံနှင့် ဒွါရတိုက်ဆိုင်ကြမှသာ ဖြစ်ပေါ်လာသော အဖြစ်တရားများသာ ဖြစ်ကြသည်။ ထိုအဖြစ်သဘောတို့သည် အပျက်သဘောမှာ လမ်းဆုံးနေကြသည်။
ကောင်းကင်မှာ လျှပ်စီးလက်သလိုဖြစ်တာနှင့်တပြိုင်တည်း ပျက်သကဲ့သို့ပင် ရုပ်နာမ် ခန္ဓာအဖြစ်သဘောတို့ သည် အပျက်သဘောမှာပင် လမ်းဆုံးနေကြသည်။
ခန္ဓာကို ဖြစ်ပြီးပျက်တတ်သော သဘောမျှသာဟု ယူဆ၍ တရားအားထုတ်မှသာလျှင်မှန်ကန်မည်။
သို့သော် ဥပမာအနေဖြင့် ကိလေသာကို အရှိတရားဟု ယူဆကြည့်ကြပါစို့။
ငါ့မှာ ကိလေသာရှိတယ်။ ငါကလောဘ (လိုခြင်မှု) အားကြီးတယ်။ ငါက ဒေါသ(စိတ်ဆိုး စိတ်ညစ်မှု)အားကြီးတယ်။ ငါက မာနကြီးတယ်စသည်ဖြင့် ကိလေသာခိုင်မြဲသည့်အနေဖြင့်ရှိသည်ဟု ခံယူသဘောထားမှတ်ယူသည့်အတွက်ကြောင့်ခံယူ၊ သဘောထား၊ မှတ်ယူချိန်ကြာလျှင် ကြာသလောက် ကိလေသာဖြစ်သည်ထက် ဖြစ်လာပါ၏။ တိုးပွားသည်ထက် တိုးပွားလာ၏။ ကိလေသာနုဿတိဘာဝနာ အနေသို့ ရောက်သွားခြင်းဖြစ်၏။
စာရှုသူအနေဖြင့် ကိလေဿာနုဿတိဘာဝနာပွားများသူတယောက် မဖြစ်အောင် ကိလေသာသည် အရှိတရားဖြစ်၏။ ဟုမယူဆဘဲ ကိလေသာသည် အဖြစ်တရားမျှသာဖြစ်၏ ဟု အမှန်အတိုင်းသိမြင်ရမည်။
ကိလေသာသည် အရှိတရားမဟုတ်ပါ၊ ဖြစ်ပြီးလျှင် ပျက်တတ်သော သဘောမျှသာဖြစ်ပါ၏။
ကုသိုလ်တရားများလည်း အရှိတရားမဟုတ်ပါ။ ဖြစ်ပြီးလျှင် ပျက်တတ်သော သဘောတရားများသာဖြစ်ကြ၏။
အားလုံးသော သင်္ခါရတရားများလည်း အရှိတရားမဟုတ်ပါ။ ဖြစ်ပြီးလျှင်ပျက်တတ်သော သဘောတရားများသာ ဖြစ်ကြပါသည်။
သဗ္ဗေ သင်္ခါရ အနိစ္စာ (အားလုံးသောသင်္ခါရ တရားများ၊ ပြုပြင်စီရင်အပ်သော တရားတို့သည)် ဖြစ်ပြီးလျင်ပျက်ကြကုန်၏ ဟု မြတ်စွာဘုရားဟောကြားတော်မူခဲ့ပါ၏။
ရုပ်နာမ်ဟုဆိုအပ်သော လောကီ သင်္ခါရတရား အားလုံးကို အရှိတရားဟု မမှတ်ယူဘဲ ဖြစ်ပြီးလျင် ပျက်တတ်သော သဘောတရားဟု အသိဥာဏ်ယှဉ် အမှန်မြင်ကြရုပ်နာမ်သည် အရှိတရားမဟုတ် အဖြစ်တရား၊ အပျက်သဘောမှာ လမ်းဆုံနေသော တရားဖြစ်ပါသည်။
ရုပ်နာမ်သည် ပညတ်အရ ခွဲခြားပြရသော်လည်း ပရမတ်အရ တပေါင်းတည်းဖြစ်ပြီး တပေါင်းတည်း ပျက်နေသော သဟဇာတ ပစ္စည်းဖြစ်ပါသည်။
ငါးပါးသည်လည်း ပညတ်အရ ခွဲခြားပြရသော်လည်း ပရမတ်အရ တပေါင်းတည်းဖြစ်ပြီး တပေါင်းတည်း ပျက်နေသော (သဟဇာတ)ပစ္စည်းဖြစ်ပါသည်။
ကမ္မဌာန်းတရားတို့သည် အပြောအားဖြင့် ကွဲပြားခြားနားသော်လည်း သဘောပရမတ်အားဖြင့် ကွဲပြား ခြားနားခြင်း မရှိချေ။
သမ္မာဒိဌိဥာဏ် အမြင်မှန် မရသမျှ ပညတ်နည်းစွဲ အယူလွဲမှားနေကြခြင်းဖြစ်သည်။
ဘယ်နည်းနှင့် ရှုရှုဘယ်နည်းနှင့်အားထုတ်ထုတ် သဘောမိအောင် ရှုမှတ်ရန် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် သဘောမိမှ  ဥဒယ၀ယ မြင်နိုင်သည်။ သဘာဟုတ်မှ လောကုတ် ပညတ်အပြော မစင်လျှင် ပရမတ်သဘော မမြင်နိုင်၊ ပရမတ်သဘော မမြင်လျှင် မဂ်မ၀င်နိုင်၊ မဂ်မ၀င်လျှင် နိဗ္ဗာန် အစစ်မမြင်နိုင်ပေ။ ထို့ကြောင့် အပြောရုပ်နာမ် မရှုရ သဘောရုပ်နာမ်ရှုပါ။ အပြောစကားမရှုရ သဘောတရားရှုပါ။ အပြောမရှုရ ၊ သဘောရှုပါ။ သဘောသည် သဘာဝ၊ သဘာဝသည် ဓမ္မစစ်စစ် အမှန်ဖြစ်ပါသည်။
အရှိကို တရားရှုမှတ်သည်ဟု မယူဆဘဲ ဖြစ်ပျက်တတ်သော သဘောရှိတဲ့ ကို တရားရှု့မှတ်သည် ဟူသတိဥာဏ်ယှဉ် အမှန်မြင်ကြတရားအားထုတ်ကြပါဟု တိုက်တွန်းလိုက်ပါ၏။
စာဖတ်လို့ သိတဲ့တရား နာလို့သိတဲ့တရား သုတမယဥာဏ် သိမှ အပွားသိ(ဘာဝနာ မယဥာဏ်)ဖြစ်အောင် ကြိုးစားနိုင်ကြပါစေ။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts