Wednesday, January 8, 2014

မပါဒါန်ဂူမှ မဟာဗောဓိဆရာတော်ဘုရားကြီးသီတင်းသုံးစဉ်က အတွေ့အကြုံလေးများ



ကျမသည် နှစ်သစ်ကူးမတိုင်ခင်တရက်အလို (၃၀-၁၂-၂၀၁၄)နေ့တွင် အလုပ်အနည်းငယ်ပါးသည့်အတွက် ခွင့်(၁)ရက်ယူကာ နေရောင်ပြအင်းဘုရားသို့သွားရောက်ခဲ့ပါသည်။ နေရောင်ပြအင်းဘုရားကား တစ်ဘောင်ရှိသောဘုရားဟုဆိုလည်း မမှားပေ။ နေပြည်တော်ဟု စည်ကားလာမည်ဟု အနှစ်(၃၅)နှစ်ကာလတွင် မယုံကြည်နိုင်လောက်အောင် ကြက်ပျံမကျစည်ကားလာခဲ့သည့် တဘောင်ဘုရားဖြစ်ပါသည်။ ထိုဘုရားသည် မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်က ယာယီသီတင်းသုံးသွားသော နေရာဟု သမိုင်းကထားခဲ့သောနေရာဖြစ်ပါသည်။ ထိုဘုရားအကြောင်းကို သီးသန့်ရေးပါဦးမယ်။ နှစ်ဆန်းတစ်ရက်နေ့တွင် ထူးခြားသော နေပြည်တော် ဂန္ဘီရ စိန္တာမုနိဘုရားသို့သွားရောက်ပြီး ပူဇော်သမှုပြုခြင်း၊ ဦးဗုဒ္ဓေါတောရကျောင်းတိုက်အတွင်း ရှိ (၃၇)တောင်မြင့်သော ဗောဓိပက္ခိယ ရုပ်ပွားတော်မြတ်စွာဘုရားကြီးရှေ့တွင် တရားဖြင့်ပူဇော်ခြင်း၊ အပြီး နောက်ဆုံးပိတ် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သီတင်းသုံးသွားသော လက်လုပ်တောင် စေတီ/ကျောင်းသို့ ရောက်ခဲ့ပါသည်။ ဆ၇ာတော် ဦးခေမာမှ အပြင်ထွက်နေချိန်နှင့်ကြုံလေရာ ကျမသည် အဘိုးဦးမြသိန်းနှင့် စကားပြောနေမိပါသည်။ ထိုစဉ်ကျမဘေးတွင် ထူးထူးခြားခြားဆရာလေးတပါးကို တွေ့သဖြင့် ဆရာလေးက ဘယ်ကလဲဟု မေးမိရာ ဆရာလေးမှ သူမ၏ ဘွဲ့သည် ဒေါ်ယုစန္ဒာ၊ မနောသိန္ဓိကျောင်း၊ မိုးကုတ်မြို့မှ ဖြစ်ကြောင်းပြောပြရာ၊ ကျမလည်း ၀မ်းပန်းတသာ ဆရာတော်ဘုရားကြီးကိုမိုးမိတ်မှာဖူးရမှာပေါ့။ ဘယ်လိုလဲ အတွေ့အကြုံလေးဘာလေးမိန့်ပါဦးဆရာလေးဟုပြောမိပါသည်။ဆရာလေးမှ မိုးမိတ်မြို့ မပဒါန်ဂူအထိ ခြေလျင်ရောက်ခဲ့ကြောင်း အသွားအပြန်ခရီးမှာ (၈)နာရီခန့်ကြာမြှင့်ကြောင်း၊ ဆရာတော်ဘုရားကြီးကို ကြည်ညိုသူ ရဟန်းရှင်လူအပေါင်းတို့သည် ဆရာတော်ဘုရားကြီးဆွမ်းခံအပြန် နောက်မှ ခြေလျင်လိုက်သွားကြကြောင်း တမြို့လုံးလာဖူးကြတာ ကျိတ်ကျိတ်တိုးနေသည်ဟုပြောပါသည်။ ကျမက ဆရာတော်ဘုရားကြီးဟာ ရွှေဘိုကို ကြွသွားတာ ဘယ်သူမှမသိလိုက်ကြဘူး မနက်တံခါးဖွင့်လိုက်မှ ဆ၇ာတော်ဘုရားကြီး ကျောင်းတော်မှာမရှိတော့တာသိရတယ်ဆိုတာအခွေထဲမှာ ကြည့်ရတယ်။ တကယ် ဘယ်သူမှမသိလိုက်ဖူးလားဟုမေးမြန်းလိုက်မိပါသည်။ ကျမသည် ထိုအခွေကြည့်ပြီး အကျိုးအကြောင်းသိလို လှသည်မှာ (၅)လခန့်ရှိနေပါပြီ။ ယခုဆရာလေးကို မေးမြန်းခွင့်ရတော့ အတော်ကို ၀မ်းသာသွားသည်။ ပရိသတ်တွေက တညလုံးထိုင်စောင့်နေကြတာ။ လမ်းက တလမ်းတည်းရှိတာ။ ကျောက်တောင်ကြီး တွေကြားထဲကနေဖြတ်သွားရတယ်။ ပရိသတ်အားလုံးကဆရာတော်ကြီးကျောင်းအနီးမှာအပြည့် တစ်ညလုံးထိုင်စောင့်နေတာ ဒီတော့အထွက်လမ်းမှာအကုန်ပိတ်ပြီးစောင့်နေကြတာသလိုဖြစ်နေတာဘဲ။
ဒါပေမဲ့ မနက်ဆွမ်းခံကြွမည့်အချိန်ကြမှ ဆရာတော်ဘုရားကြီးမရှိမှန်းသိကြတာ။ အခုဆရာတော်ဘုရားကြီးကျောင်းရှိတဲ့ကျောင်းနေရာမှာ စေတီလေးတစ်ဆူတည်ထားတယ်ဟုလည်း ပြောပြပါသည်။
အခွေထဲတွင် ဆရာတော်ဘုရားကြီးသည် မကြွမှီတရက်အလိုတွင် ဓမ္မလက်ဆောင်များကို ကားပေါ်တွင်ပေးနေ သည်ကိုလည်း တိကြ်ား ဦးသန်းလှမှ မှတ်တမ်းတင်ထားခဲ့ပါသည်။ ငယ်စဉ်ကစိပ်ခဲ့သော စိပ်ပုတီးများအား ပေးခြင်း၊ ဆရာတော်ဘုရားကြီးထိုင်သော နေကထိုင်များ ချီးမြှင့်ခြင်းများဖြစ်ပါသည်။ အကယ်လို့များ ဒါကို သတိထားမိလျင် သွားဘို့ရာကြိုတင် မသိမသာ အသိပေးနေသည်နှင့်တူပါသည်။
သို့ရာတွင် ရွှေဘိုသို့ မြစ်ကြောင်းဖြင့်သွားခဲ့သည်လည်းရှိပါသည်။ စက်လှေပေါ်တွင် ဆရာတော်ဘုရားကြီး၏ ပြုံးနေသော မျက်နှာတော်သည် မေတ္တာအပြည့်ဖြစ်ပါသည်။ မြစ်ကြောင်းဖြင့်ဆန်ရာတွင် တပည့်ဒကာများကို ဘယ်လိုနေရာမှာ ဘယ်လိုစောင့်ဟု မှာခဲ့လေသနည်း။ ဆရာလေးယုစန္ဒာမှ ဆရာတော်ဘုရားကြီးက ဖုန်းလည်း မကိုင်ဘူး။ ဖုန်းလည်းမသုံးဘူးဟုဆိုပါသည်။
မည်သူမှ မသိလိုက်အောင် မည်သို့များကြွသွားပါလေသနည်း။ အဖြေသိနေသော ကျမအတွက်ကတော့ အဖြေရှိပြီးဖြစ်ပါသည်။ သို့သော် သေချာသိလိုသည့်အတွက် ဆရာလေးအားမေးမြန်းလိုက်ခြင်းဖြစ်ပါသည်။
ဆရာလေး ဒေါ်ယုစန္ဒာမှ ဆရာတော်ဘုရားကြီးနောက်သို့လာရောက်လိုက်လာသော ပရိတ်သတ်အား သက်သတ်လွတ်ကျွေးသည်ဟုဆိုပါသည်။ ကျွေးလို့မနိုင်၊ လူတွေလည်းမနိုင်ဘူး။ လှူဘွယ်ပစ္စည်းတွေ လည်းအများကြီးဘဲ။
ဆရာတော်ကြီးရေချိုးတာ အဲဒီအရပ်မှာရေရှားလို့ လှူတဲ့ရေသန့်ဗူးတွေအကုန်စုပြီးချိုးရေအဖြစ်လုပ်ပေးရတာ။ ရေသန့်ဗူးတွေဆို အများကြီး ပုံနေတာဘဲ။ တနေ့ဆွမ်းခံဘို့ဆိုတာ (၄)နာရီ အသွားအပြန်(၈)နာရီ လောက်ကြာတယ်။ ဆရာလေးတို့ ဆရာတော်ကြီးသီတင်းသုံးတဲ့ မပါဒါန်ဂူကိုလိုက်သွားတယ်။ ဆရာလေးတို့ စီးထားတဲ့ ဖိနပ်မှာ ခြေသန်းလေးတွေ ဘေးက ထွက်နေတာ အဲဒါကိုထိခိုက်တဲ့ကျောက်လေးတွေကြောင့် ရဲတွတ်ပြီး အရမ်းနာတာ။ ဆရာတော်ကြီးက ဒါကိုဖိနပ်မပါဘဲ ကြွတာ ဘယ်လောက်တောင် ကြည်ညို ဘို့ကောင်းသလဲ။
အဲဒီအရပ်က လမ်းတွေမှာ ကျောက်သေးသေးလေးတွေက သိပ်ဆိုးတာ။ ဖိနပ်နဲ့လွတ်နေတဲ့ အသားလေးတွေကို ထိရင် သိပ်နာတာ။ ဆရာလေးက မိုးကုတ်ကဆိုတော့ မိုးမိတ်နဲ့(၂၆)မိုင်ဝေးတယ်။ နောက်ထပ်တစ်ကြိမ်သွားခြင်လို့ သွားမယ်လုပ်တော့ ဆရာတော်ကြီးက မရှိတော့ဘူး ဒကာမကြီးရဲ့ဟု ပြောပြပါသည်။
ဆရာလေးနှင့် ဦးခေမာ မကြွလာမှီ စကားပြောနေရင်းဆရာတော်ဘုရားကြီး၏ သီလဂုဏ်။ သမာဓိဂုဏ်၊ ပညာဂုဏ် သာသနာ့ အာဇာနည်ဂုဏ်တို့ကို အကြိမ်ကြိမ်အဖန်ဖန် မနောဖြင့် ကြည်ညိုကန်တော့ မိပါတော့သည်။ သိပ်ကြာကြာမစောင့်လိုက်ရ ဆရာတော် ဦးခေမာပြန်ကြွလာသဖြင့် ဆရာတော့်ကို တက်ကန်တော့ရင်း ခဏမျှစကားစမြည်လျောက်ထားကာ ရေဆင်းသို့ ဆိုင်ကယ်ကိုယ်စီဖြင့် ပြန်ခဲ့ပါတော့ သည်။
ဆရာလေးမှာလည်း ဆရာတော်ဘုရားကြီးသီတင်းသုံးသောကျောင်း နေပြည်တော်တွင်ရှိသည်ဟု သိရသဖြင့် လာရောက်ခြင်းဖြစ်ကြောင်း၊ အော် တိုက်တိုက်ဆိုင်ဆိုင် ကျမ- ကျောင်းလာသော အချိန်နှင့်မှ တွေ့ရလေတယ် ဟု ဆရာတော်ကြီး ၏ မပါဒါန်ဂူသို့ ကြည်ညိုလွန်းလှသဖြင့် တကောက်ကောက်လိုက်ခဲ့ကြသော မိုးမိတ်၊ မိုးကုတ်နှင့်အနယ်နယ်အရပ်ရပ်မှ ပရိတ်သတ်ကြီးများ၏ သဒ္ဓါတရားကို အထပ်ထပ်အခါခါ သာဓု ခေါ်မိပါတော့သည်။

No comments:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး