Monday, October 7, 2013

လောကဓံကြားမှာ အတက်လမ်းရှာ။တစ်ဆူကြိုက်လိုက်မလား၊ လူအကြိုက်လိုက်မလား



တက္ကသိုလ်ပြီးဆုံးအောင်မြင်ပြီး အလုပ်ထဲတန်းဝင်ခဲ့ရတဲ့အခါမှာ ကျောင်းဆရာကဲ့သို့သော ဆရာများ မဟုတ်တော့ဘဲ၊ အလုပ်လုပ်ရင်း အတွေ့အကြုံတွေကိုသင်ပေးခဲ့တဲ့ ဆရာတွေအဖြစ် ဆရာသမားများကို ကြည်ညိုလေးစားခဲ့ကြရပါတယ်။ တဦးနဲ့တဦး ရိုးသားဖြောင့်မတ်မှု၊ စိတ်ထားစင်ကြယ်မှု၊ တပည့်တွေကို ချစ်ခင်မှုတွေဟာ ဆရာတဦးနဲ့တဦး မတူကြပါဘူး။
မိသားစုတွေလိုဆက်ဆံတဲ့ဆရာမျိုးတွေနဲ့ ကြုံရသလို မရလို့ မပေးလို့ ညစ်ပတ်တဲ့ဆရာတွေ လည်း အများကြီးကြုံခဲ့ရပါတယ်။ အော်ဟစ်ဆဲဆို ဆူပူသောင်းကျန်းတဲ့ ရှားရှားပါးပါး ဆရာမျိုးတွေလည်း ကြုံခဲ့ရပါတယ်။ ယခုတလောမှာ မထင်မှတ်ဖဲ ကျမအော်ဟစ်ဆူပူတာခံလိုက်ရပါတယ်။ အမျိုးသမီး တယောက်ကို အပ်ထားလို့ဆိုပြီး ကျမကိုသွားတိုင်လို့အော်ဟစ်ဆူပူတာခံရတာပါ။ အရင်တုံးကလည်း ဒီအမျိုးသမီးဟာ လူကြီးတစ်ဦးကို အပိုင်ပေါင်းပြီး အဲဒီအရှိန်ဝါနဲ့ အသုံးချခဲ့တဲ့သူပါ။ အခုလည်း ဘယ်ကြီးကြီးမာစတာရဲ့အရှိန်အ၀ါကိုသုံးပြီး အဲဒီဆရာကို ပြေးကပ်ထားတယ် မသိပါဘူး။ သက်သာချောင်ချိရေးကိုကြိုက်နှစ်သက်တတ်တဲ့ သူမျိုးဟာ ကိုယ့်ရဲ့ အစွမ်းအစထက် သူအဆင်ပြေဘို့ အနေခြောင်ဘို့ weight သုံးတာပါဘဲ။ ကျမကတော့ သူတို့လို တိုင်တတ်တောတတ် ဂုံးထိုးတတ်တဲ့သူ မဟုတ်တော့ သူတို့ ထိုးသမျှဟာ အကျွေးဆပ်ရတယ်ဘဲ မှတ်ပါတယ်။ စားပွဲခုံကို ရိုက်ပေမဲ့ အဲဒီလူကြိးရှေ့လည်း ရောက်ရော မရိုက်ပါဘူးလို့ ဗြောင်ညာသွားတဲ့ မိန်းမစားမျိုးပါ။
သို့သော် ဘ၀ဆိုတာခေါင်းတွေပြောင်းနေတာလို့ သိနေတဲ့ သူတွေ ထူးထူးခြားခြားပါရမီ ရှိသူတွေအတွက်ကတော့ ဘ၀ဆိုတာကို သူများတွေထက် ပိုကြောက်တတ်ပါတယ်။
ဖြူစင်တဲ့ လူကြီးတချို့ဟာလည်း မနိုင်အင်ကာ အများထဲ အနည်းစုဖြစ်နေတဲ့အတွက် အရောင်ဆိုးခံလိုခံရ၊ အတောင်တွေနှုတ်ခံလို ခံရနဲ့။ ဘေးက ကျမတို့ အဖွဲ့တွေက ဖြူစင်သော ဆရာတချို့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။
ဆရာတွေထဲမှာ ကျမမြတ်နိုးတန်ဘိုးထားတဲ့ ပင်စင်စားသွားတဲ့ ဆရာကြီးများထဲက မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ဒကာတစ်ဦးဖြစ်တဲ့ ဒေါက်တာမြသွင် + ဒေါ်ခင်ခင်ဆွေ(သွင်ကြီး+ဆွေကြီး) တို့ဒီနေ့နေပြည်တော် ပျဉ်းမနားကိုရောက်လာကြပါတယ်။ ကျမလည်း ဆရာ့သမီးဖြစ်သူဝေသွင်ချိုဆီက ဖုန်းရရခြင်း ပိတ်ရက်လည်းဖြစ်တာကြောင့် ပျဉ်းမနားကို ဆိုင်ကယ်လေးနဲ့ အပြေးလာဖြစ်လိုက်ပြီး ဆရာတို့ မိသားစုလေးနဲ့အတူ ရှိနေခဲ့ပါတယ်။ အေးချမ်းလိုက်တာလို့ ရင်ထဲနှလုံးသားထဲမှာ ဖြစ်မိ သလို ဒီအရိပ်လေးရဲ့ ကျေးဇူးကိုလည်း ပြန်တမ်းတမိခဲ့ပါတယ်။
ဆရာတို့ မိသားစုဟာ အင်မတန်လိုက်ဖက်ညီတဲ့ မိသားစုလေးပါ။ ဘာသာရေးနဲ့ပတ်သက်လာရင် လည်း ညီညွတ်တဲ့မိသားစုလေးဖြစ်ပါတယ်။ မိမိတင်မက မိမိရဲ့တပည့်တဘမ်းများကို မိမိလို ကုသိုလ်ရ အောင် မိမိကြောင့်ကုသိုလ်ရအောင် လုပ်ပေးခဲ့တဲ့ ဆရာသမားဆိုရင်လည်း မမှားပါဘူး။ ကျမတင်မက အခြားသောတပည့်များကိုပါ လုပ်ပေးခဲ့ပေမဲ့ တန်ဘိုးသိမှ တန်ဘိုးရှိတယ်ဆိုသလိုပါဘဲ။ တန်ဘိုးထားတတ်မှ တန်ဘိုးသိတာဖြစ်ပါတယ်။
ဆရာနဲ့စကားပြောရင်းကနေ ကျမက မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ဆရာတော် ဘ၀ိမလ(ဘုန်းဘုန်း ဦးဝိမလ)အကြောင်းမေးဖြစ်ပါတယ်။ ဘ၀ိမလဟာ သမထ ၀ိပသနာ (၂)ဖက် သွားတဲ့ဆရာတော်ဖြစ်ကြောင်းပြောပြပါတယ်။ ဆရာတော်ဘုရားကြီးကလည်း ၄င်းကိုယ်တိုင်ရေး ထေရုပ္ပတ္တိတွင် သဂါဒါဂမ်အဆင့်ရှိ ထွက်ရပ်ပေါက်သွားသော ဘ၀ိမလအကြောင်းကို ရေးသားထား ပါတယ်။ ဆရာတော်က အကုန်ဗြောင်ရေးတာကွ ဟုဆရာကပြောပါတယ်။
စစ်ကိုင်းတောင်တွင်ဆရာတော်သီတင်းသုံးနေစဉ်ကာလက ကျမဆရာလည်း သူ၏တပည့်ဖြစ်သူ ကျမသူငယ်ချင်း ဦးစိုးမြင့်(ကွယ်လွန်)နှင့် လိုက်သွားကြတယ်လို့ပြောပြပါတယ်။ ဆရာတော်က အဲဒီအချိန်မှာ  တရားဟောကြွဘို့ရှိပါသတဲ့၊ ဒီတော့ ဆရာတို့ကဆရာ့တော်ဘုရား အရင် ခြေလျင်နဲ့ ဆရာတော်တရားဟောကြွမဲ့ ဓမ္မရုံကိုသွားနှင့်ပါသတဲ့။ အဲ ဓမ္မရုံနဲ့ မနီးမဝေးလည်းရောက်ရော ဓမ္မရုံပေါ် ဆရာတော်တရားဟောသံကိုကြားရပါတော့တယ်။ ဆရာက ကိုစိုးမြင့်ကို ဟိုမှာဆရာတော် တရားဟောနေပြီး မြန်မြန်သွားစို့လို့ ပြောပြီး နှစ်ယောက်သား ဓမ္မရုံ ရောက်သွားပါသတဲ့။ ဒါပေမဲ့ ဆရာစိတ်ထဲမှာ ဘ၀င်မကျဘူးဖြစ်နေတယ်။ လမ်းကလည်း တစ်လမ်း ထဲဘဲရှိတယ်။ အခြားလမ်းကလည်းမရှိ။ မိမိတို့ကလည်း ခြေလျင် ဆရာတော်လည်း ခြေလျင်ကြွတယ်။ ဘာကြောင့်ရင်ရောက်နှင့်နေပါသနည်း။ ဆရာ၇င်ထဲတွင် မေးခွန်းများ ပေါ်လာခဲ့ပါတယ်။ ဆရာက ဆရာတော်ဘုရားကြီးကို ဒီကိစ္စကို ဗြောင်သွားလျောက်ထားပါတယ်။ ဗြောင်လျောက်ထားတဲ့အခါမှာ ဆရာတော်ကြီးက အခုလိုပြန်မိန့်ပါသတဲ့။ ဒို့ကဒီတလမ်းထဲက သွားတာပါ။ ဒကာကြီးတို့ အပေါ်က ကျော်သွားတာဘဲဗျလို့ ပြန်မိန့်ပါသတဲ့။ ဆရာက တပည့်တော် တို့အပေါ် က ကျော်တယ်သာပြောတာပါ၊ တပည့်တော်တို့ဖြင့် မမြင်လိုက်ပါဘုရားဆိုတော့ ဘယ်မြင်မတုံး၊ ဒကာကြီးတို့က ခေါင်းကြီးငုံပြီး လမ်းလျှောက်တာကိုးလို့ ပြန်ဖြေပါသတဲ့။
နောက်တခါထူးခြားတာက ဆရာတော်ဘုရားဟာ ရန်ကုန်ကို ကြွပြီး သီတင်းသုံးတဲ့ကာလမှာ ဖြစ်ပါသတဲ့။ အဲဒီအချိန်မှာလည်း လူတွေက များလွန်းမက များတော့ ဆရာတော်ဘုရားသီတင်း သုံးတဲ့ကျောင်းကို အပြင်ကနေတံခါးပိတ် သော့ခတ်ပြီး ခပ်လှန်းလှန်းကနေ ဦးမြင့်ဆွေက စောင့်ရပါသတဲ့။ အဲဒီလိုစောင့်နေတဲ့အခါမှာ ဆရာတော်က အတွင်းခန်းထဲမှာ တရားရှုမှတ်နေတာဖြစ်ပါတယ်တဲ့။ အဲဒီလိုအချိန်အတွင်းမှာဘဲ ဆရာတော်ဘုရားဟာ ဆီးသွားဘို့ဆိုပြီး အပြင်ထွက်သွား လိုက်၊ ပြန်အထဲဝင်သွားလိုက် ဦးမြင့်ဆွေက သူ့မျက်စေ့နဲ့ မြင်နေရပါသတဲ့။ သို့သော် ဦးမြင့်ဆွေက အဲဒါကိုကြည့်ပြီး ကြက်သေသေနေသလို ဖြစ်နေပါသတဲ့ရှင်။
ဆရာတော်ဘုရားထံ ၀င်ခွင့်ရတော့ ဦးမြင့်ဆွေက လျောက်ပါတော့သတဲ့။ တပည့်တော် တံခါးကို သော့ခတ်ထားပါရက်ကယ်နဲ့ ဆရာတော် ဘယ်လိုလုပ်ပြီး ၀င်ထွက်လုပ်ပါသလဲဘုရားပေါ့။ ဆရာတော်ဘုရားကြီးက အင်း စိတ်ညွတ်လိုက်ရင် ၀င်လို့ထွက်လို့ ရတာပါဘဲဗျာ။ တံခါးပွင့်စေလို့ စိတ်ညွတ်လိုက်ရင် ပွင့်သွားတာပါဘဲလို့ ပြန်မိန့်ခဲ့ဘူးပါသတဲ့။
တကယ်တော့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် မိမိအနီးအနားတွင် ရှိရှိသမျှ ကျွတ်ထိုက်ကြကုန်သော ဝေနေယျများအား အားကျစေလိုခြင်း၊ မြတ်စွာဘုရား၏ တရားတော်များ တကယ်ကျင့်အဟုတ်ဖြစ်၊ လက်တွေ့ပြသခြင်းသည်သာဖြစ်ပါသည်။ စိတ်ကိုပိုင် အကုန်ပိုင်ဆိုသကဲ့ သို့။ ကျမတို့သည်လည်း ဆရာတော်ဘုရားကြီး၏ တန်ခိုးတော် စိတ်တန်ခိုးမှဖြစ်သော ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်လောက်သော အရာတို့ကိုမျက်ဝါးထင်ထင်မြင်တွေ့ရသောအခါတွင် သဒ္ဓါတရားဖြစ်ပေါ်မှုသည်ကား မတူ။ သို့သော် ဆရာတော်ဘုရားကြီး ကျမတို့ ရေဆင်းတွင် တရားလာဟောစဉ် ကျမ၏မနောမှတဆင့်တောင်းသောဆုအား ပြန်မိန့်သော စကားတခွန်းရှိပါသည်။
တောင်းသည့်ဆုကတော့ အမြင့်ကြီး သေသေချာချာတော့ မလုပ်ဖဲနှင့်ဟူ၍ ဖြစ်ပါသည်။
ကျမဆရာပြောသောစကားတို့အား ကြားနာခဲ့ရပြီး ကျမသည် အိမ်ရောက်သော် သာဓု အကြိမ်ကြိမ်ေ ခ်ါမိပါသည်။ ကျမတို့သည် ဆရာတော်ဘုရားကြီး၏ အိမ်မက်ကထာ စာအုပ်အကြောင်း လည်းပြောဖြစ်ပါသည်။ ကျမပို့စ်တင်ထားသော အလောင်းတော် ကသဖ မထောရ်မြတ်ကြီး၏ ဂူတွင်းသို့ မနောဖြင့် ၀င်ရောက် ရေးသားထားပြီး နောက်ဆုံးတွင် အိမ်မက်ဟုနိဂုံးချုပ်သွားသည့် အကြောင်းများဖြစ်ပါသည်။ ၀ိနည်းအား စောင့်ထိမ်းခြင်းပေတည်း။
ထိုအကြောင်းများကို ဆရာတော် ဦးဗောဓိ(ဗောဓိရိပ်ငြိမ်ဆရာတော်)သည်လည်း တရားထဲတွင် ထည့်သွင်းဟောပြောဖူးပါသည်။ ကျမတို့သည်လည်း မိမိဆရာဒေါက်တာမြသွင်မိသားစုအား တန်ဘိုးထားသည်ဆိုရခြင်းမှာ ဆရာသည် မိမိတို့ မိသားစု ကုသိုလ်ရယုံတင်မက တပည့်သားမြေးများအား ကုသိုလ်ရအောင် သာသနာတော်ကိုကြည်ညိုတတ်စေရန် ဆုံးမသွန်သင်ခဲ့သောကြောင့်ပါတည်း။
အကြောင်းကိုမှီပြီး အကျိုးဖြစ်ခဲ့သလို ဆရာတို့မိသားစုကိုမှီပြီး ရရှိခဲ့သော လောကီကောင်းကျိုး ထက် လောကုတ္တရာအကျိုးများစွာရှိခဲ့ပါသည်။ တချို့ဆရာများသည် အင်မတန် သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်နှင့် ပြည့်စုံသော သံဃာတော်များ အရိယာများအား ကိုးကွယ်ပါသော်လည်း လောကီချမ်းသာ ၊ လတ်တလောအဆင်ပြေကောင်းစားရေးကို ဦးစားပေးပြီး မတရားတာများ လုပ်ကိုင် နေကြ သည်။ ကျောသားရင်သားကိုလည်း ပက်ပက်စက်စက်ခွဲခြားထားကြသည်။ ကိုယ်တိုင်လည်း သီလပျက်၊ သူတပါးကိုလည်း ဖျက်သည့် သူများလည်းရှိကြပါသည်။
ထို့ကြောင့် ပတ်ဝန်းကျင်ကောင်း၊ ဆရာကောင်း ၊ ကလျာဏမိတ္တကောင်း များနှင့် ပေါင်းသင်းနေ ထိုင် ခြင်းသည် မင်္ဂလာတပါးဖြစ်သည်ဟု မြတ်စွာဘုရားက အသေ၀နစ၊ ဗာလနံ နှင့်စတင်ပြီး မင်္ဂလာသုတ္တံ အားဖွင့်ခဲ့ခြင်းဖြစ်ပါသည်။
ပြီးခဲ့သည့်အပတ်က ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သော လက်လုပ်တောင်ကျောင်းကို ခဏ၀င်ခဲ့ဖြစ်ပါသည်။ ဗောဓိရိပ်ငြိမ်ကျောင်းမှ တရားစခမ်းပွဲပုံများအား အင်တာနက်တွင် ဆရာတော်လေး၏ ကဗျာများနှင့်အတူတွဲသုံးရန် လျာထားခဲ့ပါသော်လည်း အကြောင်းကြောင်း ကြောင့် မသုံးဖြစ်တော့ သဖြင့် ပြန်ပို့ခြင်းဖြစ်ပါသည်။ ဆရာတော် ဦးခေမာအား ၀တ်ပြုပြီး။ ဆရာတော်ဘုရားကြီး၏ သီတင်းများ ကြားလိုကြားငှား မေးမြန်းကြည့်ရာ သူတို့လည်း ဘာမှ  မကြားရပါဟု သိရပါသည်။ သို့သော် ဆရာတော်လေး၏ မှော်ဘီ ဗောဓိရိပ်ငြိမ်ကိုတော့ သီတင်းကျွတ်လဆန်း (၂)ရက်နေ့တွင် သွားမည်ဟုသိရပါသည်။
ကျမအားလည်း Skynet interview တွင်ဆရာတော်ဘုရားကြီး မွေးနေ့ကိုမှားပြောသည်ဟု ပြောပါသည်။ မှန်ပါသည်။ ပြောပြီးပြီးခြင်း အမှားပြင်ရန်သိသဖြင့် Skynet interviewer ကို လိုက်ရှာသော်လည်း ဆရာတော်လေး ဆွမ်းခံရာနောက်တွင် လိုက်ပြီး ရိုက်နေသဖြင့် ပြင်မည့် ကိစ္စကို မပြင်ဖြစ်ခဲ့လိုက်ပါ။ အမှန်တကယ်မွေးနေ့မှာ ၀ါဆိုလပြည့်ကျော်(၁)ရက်နေ့ဖြစ်ပါသည်။အိမ်လခလာ တောင်းရာ မရသည့်အပြင် အိမ်ငှား၏ခလေးမှာ ခြေထောက်စက်ဘီးညှပ်ထားကြောင်း ပြောမိသဖြင့် ဆရာတော် ဦးခေမာ၏ မေတ္တာစကားတုန့်ပြန်မှုလေးကို မှတ်သားစရာအဖြစ် မှတ်တမ်းတင်လိုက် မိပါသည်။
ဆရာတော်ဦးခေမာက ခင်ဗျားလည်း ဆရာတော်ဘုရားကြီးတပည့်ဘဲဗျာ။ စက်ဘီးညှပ်နေတယ် ဆိုတော့ သူဆေးကုဖို့ တစ်သောင်းလောက်ပြန်ထုတ်ပေးလိုက်ဦးဟု ဖြစ်ပါသတည်း။
ကဲ အဲဒီလိုမေတ္တာထားနိုင်ပါ့မလား။ ဆရာတော်ဘုရားကြီးကား လောကဓံ၏ ဒဏ်ရာဒဏ်ချက်ကို သူ့စီးပွားရေးနှင့်အရင်းပြုပြီး တချီခံလိုက်ရယုံနှင့် ပါရမီအဟုန်ဇောတွေကြောင့် ကာမဂုဏ်အာရုံက ထွက်လမ်းရှာ ၀ည၀ါသီတောအရပ်မှီပြီး ရှိသမျှ ဝေနေယျကို အပြုံးတွေချွေ တရားတွေချွေ ကယ်ချွတ် နေလေပြီ။
ကျမတို့တွေကော ဟိုဘုန်းကြီး နာမည်ကြီး ကိုးကွယ်လိုက် ၊ ဘုန်းကြီးကွယ်ရာလည်းရောက်ရော မဟုတ်တာတွေအများကြီးလုပ်၊ ပြီးလျင် အကျိုးပေးတယ်လို့ပြော။ မဟုတ်မဟပ် မတရားလုပ် မကောင်းတာတွေကြံ မတရားတာတွေ လုပ်တယ်။ ကိုယ့်ကိုကိုယ်ကောင်းကောင်းသိကြပါတယ်။ ပြင်ရအခက်ဆုံးက ကိုယ်လုပ်တာ ကိုယ်မှန်တယ် ထင်တာ ပြင်ရအခက်ဆုံးပါဘဲ။
အတက်ကိုလှမ်းခြင်တယ်ဆိုရင်တော့ အများထဲမှာ တယောက်ဘဲဖြစ်ဖြစ် ကြံ့ကြံ့ခံနိုင်ရပါမယ်။ စည်းဝိုင်း အပြင်လည်းရောက်ခြင်ရောက်သွားမှာပါဘဲ။ သို့သော် သံသရာကြောမှာတော့ အကျွေး ဆပ်စရာ နည်းပါးသွားပါလိမ့်မယ်။ ခေါင်းပြောင်းတဲ့ အကြိမ်လျော့နည်းလာပါလိမ့်မယ်။ အကျွေးနည်းလေ အမြင့်ရောက်ဖို့ ခိုင်သောလှေကားတွေ ဖြစ်လေလေပါဘဲ။
တစ်ဆူကြိုက်လိုက်မလား၊ လူအကြိုက်လိုက်မလားဆိုတဲ့စကားကို  ကျမဆရာမ ဒေါ်ရင်မေ (ရွှေပေါ်ကျွန်း)ကလည်း မကြာခဏ ကျမကိုမေးပါတယ်။ တစ်ဆူကြိုက်လိုက်ရင် အများနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားနိုင်တယ်။ သို့သော် ပါရမီအခံ ဥာဏ်ပါသူတွေ၊ ဆုပန်ချက်ကြီးတဲ့သူတွေဟာ လူအကြိုက်ထက် တဆူကြိုက်လိုက်ကြတယ်လို့လည်း မကြာခဏ ကျမကိုဆုံးမပါတယ်။
ခေါင်းပြောင်းခဲ့တဲ့ ဘ၀တွေကိုသိတဲ့သူဟာ သံသရာကို သူများတွေထက် ပိုကြောက်ပါတယ်။ မိမိဆုပန်ချက် ပဌာန်းဆက်အရ ထူးခြားသော အရိယာများကို ကိုးကွယ် ဆည်းကပ်ခွင့်ရတဲ့ အခါမှာ ရခဲလှတဲ့ဘ၀ကို လောကီအကြိုက်လိုက်ပြီး အတက်လမ်းကို တက်နိုင်တဲ့ အခွင့်အရေးတွေများပါရက် ကယ်နဲ့ အောက်လမ်းသွားမဲ့ အကြောင်းတွေကို မလုပ်မိစေဘို့နဲ့ မိမိကိုယ်ကိုသာ ငါမှ ငါ ။ ငါအမှန် ငါပြောတာ ငါလုပ်တာအမှန်လို့ နှစ်ဖက်မမျှ ငါ့အတ္တတွေနဲ့ မလုပ်မိစေဘို့အရေးကြီးပါတယ်။
ဆရာသမားဆိုသည်မှာ အရေးကြီးပါ၏။ လောကီ လောကုတ္တရာနှစ်ဖျာသော အကျိုးကို ပေးနိုင်ပါသည်။ လတ်တလော အကျိုးမပေးသော် ဘ၀များစွာလိုက်ပါအကျိုးပေးနိုင်ပါသည်။ ဒါကြောင့် မိမိတို့ကိုးကွယ်ဆည်းကပ်ခွင့်ရသော အရိယာသံဃာတော်များကို တန်ဘိုးထားသောအားဖြင့် ဆရာတော်ဘုရားကြီးများစကားကို အတတ်နိုင်ဆုံးလေးစားလိုက်နာ ကျင့်သုံးကြပါလို့ တိုက်တွန်း လိုပါသည်။ ငါက ဘာဘွဲ့ကြီးရတာဟူသော သညာတတ်မှ ပညာဥာဏ်တတ်သော သူဖြစ်ဖို့ ကြိုးစားသင့်ပါတယ်။
ကျမဆရာဒေါက်တာမြသွင်တို့ မိသားစုကဲ့သို့သော ဆရာသမားများနှင့် ကြုံတွေ့ရသော ကျမ၏ ကံ၊ ပဌာန်းဆက်ကိုလည်း ကျေးဇူးတင်မိပါသည်။ ဆရာသည် သညာတတ် ဒေါက်တာ ဘွဲ့ရသူဟု မှောက်မာသောဆရာမျိုးမဟုတ်ဖဲ၊ မာနကင်းကွာ ကျောသားရင်သား မခွဲခြားတတ်သူတစ်ဦးဖြစ်ပါသည်။  ဆရာ ရေဆင်းမှထွက်သွားသည်မှာ (၁၀)နှစ် ပင်စင်စားပြီး(၁၀)နှစ် အနှစ်(၂၀)ဝေးကွာနေသော်လည်း ကျမနှလုံးသားထဲတွင် ဆရာတို့မိသားစုသည် ယခင်နှစ်(၂၀)က အတိုင်းသာတည်း။ ပြောင်းလဲခြင်းမရှိပါ။ အခွင့်ရေးပေးနိုင်သော အာဏာရှိစဉ်က တမျိုး ပင်စင်လည်း စားရော ချောင်ထိုးဆိုသော စိတ်ထားသည် ကျမတွင်မရှိ။
ဒေါက်တာမြသွင်နှင့် ဒေါ်ခင်ခင်ဆွေ (သွင်ကြီးနှင့်ဆွေကြီး)

ကျေးဇူးရှင် ဆရာတို့အား ဂါရ၀ပြုကန်တော့နေသော ကျမ


ကျမအား ကုသိုလ်တရားများဖြစ်ထွန်းစေရန်၊ တရားအားထုတ်ရန်တိုက်တွန်း ပံ့ပိုးပေးခဲ့သော ဆရာတို့မိသားစု၊ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးထံ ရေဆင်းတွင်အတူနေခဲ့စဉ်က သွားတိုင်းခေါ်သွားသော မိသားစု၏ ကျေးဇူးတရား၏ အကျိုးဆက်ကား တန်ဘိုးမဖြစ်နိုင်ပါ။ ဆရာသမားမိသားစုအား ရိုသေလေးစားစွာကန်တော့ရင်း - မရေးဖြစ်တာကြာသော ပို့စ်အား ရေးဖြစ်အောင်ရေးလိုက်မိပါသည်ရှင်။

0 ဖတ်သူများပြောစကား:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts