Sunday, June 1, 2014

ရုပ်ဝတ္တုကို စွန့်လွတ်ပြီး စိတ်ကို မစွန့်လွတ်တဲ့ဒါန



မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ ဒါနပြုရာမှာ လှူတတ်ဖို့ မကြာခဏသတိပေးဆုံးမတော်မူပါတယ်။ ဒီအပြင်သံဃာလို့ မြင်တတ်ဖို့ကိုလည်း သတိပေးဆုံးမမှုတွေမကြာခဏဆိုလေ့ရှိပါတယ်။ ဆရာတော်ဘုရားကြီး ဆုံးမတဲ့အထဲက ကျမကြိုက်တာလေးတွေကို ဖေါက်သည်ချလိုက်ခြင်ပါတယ်။
တနေ့တော့ ဆရာတော်ဘုရားကြီးဆီကို ရန်ကုန်ကအဖွဲ့တွေသွားရောက်ဖူးမျှော်ကြပါတယ်။ ဆရာတော်ဘုရား ကြီးဟာ ၄င်းကြာကြာသီတင်းသုံးခဲ့ရာ နေရာက ဒကာ ဒကာမတွေကို သီးသန့်ရက်ပေးထားပါတယ်။ ရန်ကုန်က ဘယ်နေ့ ပျဉ်းမနားကဘယ်နေ့ သာစည်ကဘယ်နေ့ ရွှေဘိုကဘယ်နေ့ စသည်ဖြင့်ပေါ့လေ။
တနေ့တော့ ရန်ကုန်က အဖွဲ့တွေလာဖူးကြတဲ့အခါမှာ ဆရာတော်ဘုရားကြီးက မိန့်ပါတယ်။ ရန်ကုန်ကလည်း သူတို့ရန်ကုန်နေသွားတော့ သူတို့ဆရာတော်၊ ပျဉ်းမနားကလည်း ငါတို့လက်လုပ်တောင်ဆရာတော်၊ သာစည်ကလည်း သူတို့ရွှေကျောင်းကုန်းဆရာတော် ဒို့ဆရာတော် ဒို့ဆရာတော်နဲ့ သံဃာဆီကို မရောက်ဖူးဗျာလို့ မိန့်တော်မူပါတယ်။ (ပရိတ်သတ်က မဟုတ်ပါဘူးဘုရားလို့ပြန်လျှောက်တယ်) ။
ဆရာတော်ဘုရားကြီးက ဒါဆိုရင် ဒီပစ္စည်းတွေ ဒီအထိသယ်လာရသလား။ လမ်းမှာတွေ့တဲ့ သံဃာကို လှူလိုက်ပါလားတဲ့။
------
လှူတဲ့အခါမှာ လှူတတ်ဖို့လိုတယ်။ လှူတဲ့အခါ ပစ္စည်းကိုတော့ စွန့်လွတ်လိုက်တယ်နော်။ ဒါပေမဲ့ စိတ်ကို မစွန့်လွတ်ဖူး။ ငါတို့လှူတဲ့ကျောင်းကြီး၊ ငါတို့ဘယ်တုံးက မဟာမြိုင်ထဲသွားပြီး ဘာတွေလှူခဲ့တာလေနဲ့။ ပစ္စည်းကို စွန့်လွတ်ပေမဲ့ စိတ်ကိုမစွန့်လွတ်ဘူး။ စိတ်ကိုစွန့်လွတ်မှ အမြတ်စားအလှူဖြစ်တာ။ သံဃာ့ဂုဏ် ကိုရည်မှတ်လှူရမယ်။ သံဃာ့ဂုဏ်မရည်မှတ်ဖဲ ဒို့ကိုယ်တော်ကြီးလို့လှူရင် တပါးထဲဆီကဘဲ ရမယ်နော်။ သံဃာဂုဏ်ရည်မှတ်လှူရင် တပည်လုံး တကမ္ဘာလုံးမှာရှိတဲ့သံဃာတွေဆီက ရမှာ။ ဆွမ်းလေးတဇွန်းနဲ့လည်း သံဃာဂုဏ်ရည်မှတ်လှူရင် အများကြီးအကျိုးများသနော်။
------
တခါက ဦးနေ၀င်းကြီးက ရှင်ဇနကာဘိဝံသထံသွားပြီး လှူဘွယ်ပစ္စည်းတွေအများကြီးနဲ့လှူသတဲ့။ ရှင်ဇနကာ ဘိဝံသရဲ့ကျောင်းမှာက သံဃာ အပါး(၅၀၀-၆၀၀) ရှိတာကိုး။ ဒီတော့ ဦးနေ၀င်းကြီးကို ရှင်ဇနကာဘိဝံသက မိန့်တယ်တဲ့။ ဒါတွေလာမလှူနေပါနဲ့။ ကျောင်းရှိသံဃာ(၅၀၀)အတွက် ပဲလှော်(၅)ပိသာလှူသွားပါလို့ မိန့်သတဲ့။ အခုလည်း ဒါတွေလာမလှူနေပါနဲ့ဗျာ။ ကျောင်းမှာက ဦးသုမနကြီးဘဲရှိတာဆိုတော့ ပဲလှော်(၅)ကျပ်သားသာလှူသွားပါ။ ကုမ္ပဏီပစ္စည်းတွေဆိုကြောက်တယ်။ စီးပွားရေးသမားဟာ စီးပွားတွက် တွက်တာဘဲဗျ။

No comments:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး