Monday, July 15, 2013

လက်လုပ်တောင်မှ သံဃာအပါး ၁၅၀ တရားစခန်းပွဲ (မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ၇၂ နှစ်မြောက်မွေးနေ့ ပူဇာ)

နေပြည်တော်တိုင်း၊ လက်လုပ်တောင်တောရကျောင်းတွင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သက်တော် (၇၂)နှစ်မြောက်မွေးနေ့ကို ပူဇော်သောအားဖြင့် (၇-၇-၂၀၁၃) နေ့တွင် ကျမကျောင်းသို့ရောက်သွားသောအခါ သံဃာတော်စာရင်းအားဖြင့် (၁၂၀)ရှိနေသော်လည်း (၁၁-၇-၂၀၁၃)နေ့နှင့် (၁၂-၇-၂၀၁၃)တွင် ထပ်တိုးစာရင်းဖြင့် သံဃာအပါး (၁၅၀)ရှိသွားပေသည်။ ထို (၁၁)ရက်နေ့နှင့်(၁၂)ရက်နေ့တွင် အမျိုးသားများအား အသုတ်ခွဲပြီး ရဟန်းခံသိမ်ဆင်းပြုလုပ်ခဲ့ပေသည်။
(၁၂-၇-၂၀၁၃) ညတွင် တရားစခန်းစတင်မည်ဖြစ်သည့်အတွက် ကျမလည်း ညနေရုံးကိစ္စပြီးသည်နှင့် လက်လုပ်တောင်သို့ စီးတော်မြင်းလော့ဂျာဖြင့် အပြေးအလွှားရောက်ခဲ့ရပေသည်။
ကျမရောက်သော် သံဃာတော်များသည် မှတ်တမ်းတင်ဓါတ်ပုံရိုက်ရန် ပြင်ဆင်နေသည်ကို မြင်တွေ့ခဲ့ ရပါသော်လည်း မိုဘိုင်းဖုန်းမှာ နိုင်ငံခြားဧည့်သည်များ မှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ရသည့်အတွက် ဘက်ထရီအားနည်းနေပြီး ရိုက်မရသဖြင့် အဝေးမှသာကြည့်နေရပေတော့သည်။
ယခုတလော ကျမလည်းကံမကောင်းအကြောင်းမလှဖြစ်နေသည့်အတွက် ကိုယ့်ရှေ့တွင် ဓာတ်ပုံရိုက်ဖို့ စီစဉ်နေပါလျက်က ဓာတ်ပုံရိုက်လို့မရဖြစ်နေခဲ့ရပါသည်။
သံဃာတော်အပါး (၁၅၀)ဖြင့် ညတွင် တရားစခန်းအခမ်းအနားကို စတင်ပါတော့ သည်။  ဗောဓိရိပ်ငြိမ်ဆရာတော် အရှင် က္ကုန္ဒာစရိယမှ သြ၀ါဒ ချီးမြှင့်ရာတွင် - ဆရာတော်ဘုရားကြီး၏ ၀ိဇာတမင်္ဂလာကို ဂေါစဂမ်ရွာ(၆)ရွာမှ ဒကာများ ရဟန်းမခံလျင် မပြုလုပ်။ လက်လုပ်တောင်မှ ဂေါပကများ ရဟန်းမခံလျင် မပြုလုပ်ဟု အနည်းငယ် ၀က်အူကြပ်ထားသည့် အတွက် မွေးနေ့ပွဲတွင် ဂေါစဂမ်(၆)ရွာမှ ဒကာများ ရဟန်းခံကြရပေတော့သည်။
နိဗ္ဗာန်ကို ဂုတ်ဖြင့်ကော်တင်သော ဆရာတော်လေး (ဂေါစဂမ်ရွာများမှ ဗောဓိရိပ်ငြိမ်ဆရာတော် အား ခေါ်ဝေါ်သောအသုံး)၏ အကြံအစည်အားလည်း ချီးကျူးမိပါသည်။ တကယ်တော့ နေပြည်တော်တိုင်း မဖြစ်မှီ လက်လုပ်တောင်သည်တောရကျောင်းသာဖြစ်သည်။ ပင်မစက်ရုံဘက်မှ တောလမ်းအတက်အဆင်း အတိုင်းလာရသည်။ တောကြိုတောကြားတွင် ထုံးကွာနေသော စေတီအဖြူ  မှိန်တိမ်တိမ်ရေးတေးတေး မထင်မရှားမြင်ရမည်။ တောင်ပတ်လမ်းလေးတော့ ရှိသည်။ ထိုအခြေအနေမျိုးတွင် ဆရာတော်သည် ဂေါစဂမ်(၆)ရွာသို့ကြွရောက်ပြီး ဆွမ်းခံရသည်မဟုတ်ပါလား။ ဆရာတော်ဘုရား ကျင့်ကြံအားထုတ်နိုင်စေရန် ခံဆွမ်းတနပ်သည် ထိုရွာများမှ ပါရမီဖြည့်ခဲ့ကြသည်မဟုတ်ပါလား။ ဆရာတော်ဘုရားကြီးသည် ထိုဆွမ်းတို့ကို သုံးဆောင် ကျင့်ကြံလေပြီ။ ရဟန်းတို့၏ သိက္ခာသုံးပါးကို မြတ်စွာဘုရားထားသည့်လမ်းစဉ်အတိုင်း ဇွဲ လုံ့လ ၀ီရိယတို့ဖြင့် ကျင့်ကြံခဲ့လေပြီ။
ထိုကြောင့် ဆရာတော်ဘုရားကြီးသည် မိမိ အကျင့်လမ်းကို ဇွဲသန်သန်ဖြင့် နေရာအမြဲမနေ ဒကာမစွဲ ပစ္စည်းမစွဲ အစွဲမှန်သမျှ ခ၀ါချကာ မိမိအကျင့်ကိုသာ အလေးထားကာ နိဗ္ဗာန်ရွှေပြည် အဆင့်ဆင့် တက်လှမ်း ခဲ့သည်။
ထိုကြောင့်လည်း ဆရာတော်ဘုရားကြီး မိန့်လေ့ရှိသော စကားတခွန်းမှာ မိမိ ကျင့်ကြံအားထုတ်စဉ် အမျိုးမျိုးသောနည်းတို့ဖြင့် ပါရမီဖြည့်ပေးခဲ့ကြသူများအား တွေ့တိုင်း (အကျွေးလိုက်တောင်းတာလား၊ အကျွေးလိုက်တောင်းတာလား) ဟု မကြာခဏ မိန့်ဆိုခဲ့ပေသည်။
ဂေါစဂမ်ရွာများသည် နာမည်ကြီးသည့်ရဟန်း၊ နာမည်ကြီးသည့် ဆရာတော်ဘုရားကြီးအနေဖြင့် ကိုးကွယ် ဆည်းကပ်ခဲ့ကြခြင်းမဟုတ်ကြ။ သံဃာတော်ဟူသောစိတ်ဖြင့် ကျင့်ကြံအားထုတ်နိုင်စေရန် ဆွမ်းလောင်း ကြခြင်းသာတည်း။ သန့်ရှင်းသောစိတ်စေတနာ မွန်မြတ်သော စိတ်ထားများဖြင့် ဆွမ်း ဝေရာဝစ္စ ကိစ္စ ကြီးငယ် အသွယ်သွယ်ကို ဖြည့်ဆည်းပေးခဲ့ကြသော ဂေါစဂမ်(၆)ရွာမှ ကြည်ညိုသူဒကာ ဒကာမအပေါ်င်းတို့ အား ဆရာတော်လေးသည် နိဗ္ဗာန်ရွှေပြည်သို့ အမြတ်ဆုံးနည်းလမ်းဖြင့် လမ်းကြောင်းတည်ပေးသော ပွဲဟု ကျမကတော့ တင်စားခြင်ပါသည်။
ဧဟိ ဘိက္ခူ ဟူသောမြတ်စွာဘုရား၏ မြင့်မြတ်သော သာသနာ့ဘောင်ကို ကိုယ်တိုင်ကိုယ်ကျ ခံစားစေသည်။ ရဟန်းဘ၀ အိုဒုက္ခဟု ဆရာတော်ဘုရားကြီး ရေးသားထားခဲ့ မိန့်ကြားထားခဲ့သော ရဟန်းတို့၏ ဒုက္ခအားလည်း သိရှိ ခံစားစေပါသည်။ သပိတ်ဖြင့် ဆွမ်းစားရခြင်း၊ အမှတ်မလွတ်အောင် သတိပေးခြင်းစသည့် အနေအထိုင် အပြုအမှုများတွင် သတိထားရမည်မှ အစပြုကာ ဆရာတော်လေး (ဗောဓိ၇ိပ်ငြိမ်)ဆရာတော်မှ သြ၀ါဒများ ည(၈)နာရီတိုင်း ဟောကြားပြသပေးခဲ့ပါသည်။
ဗောဓိရိပ်ငြိမ်ဆရာတော်နှင့် လက်လုပ်တောင်ကျောင်းဆရာတော် ဦးခေမာစာရနှင့်သံဃာတော်များ မနက်အာရုံတွင် လက်လုပ်တောင်ကျောင်းအတွင်း ဆွမ်းခံခြင်း၊ နေ့လည်တွင်ဆွမ်းခံခြင်းများပြုလုပ်ရာ တွင် ဆွမ်းလာလောင်းသူ ဒကာ ဒကာမများအား အယုတ်အလတ်အမြတ်မရွေး ကျောင်းမှ ပြန်လည်ပြီး ထမင်းကျွေးမွေးသော အစီအစဉ်များ ပြုလုပ်ထားပါသည်။ 

ယခုအခါတွင် ကျမ၏ ကွန်ပြူတာသည် ပြန်လည်ပြုပြင်ထားရသည့်အတွက် မိုဘိုင်းဖြင့် ရိုက်ထားသော ဓာတ်ပုံများအား တင်မရဖြစ်နေပါသည်။ ကျမကိုယ်တိုင်လည်း (၇-၇-၂၀၁၃)နေ့တွင် ရေဆင်းနှင့် (၁၂)မိုင် ခန့်ဝေးသော လက်လုပ်တောင်ကျောင်းသို့ သွားရောက်ပြီး (၈-၇-၂၀၁၃)နေ့တွင် အိမ်မှအတက်ကုန်းတွင်  စီးတော်မြင်းမှောက်ထားသဖြင့် ဒဏ်ရာဒဏ်ချက်များမရသောလည်း ခန္ဓာကိုယ်တွင် နာကျင်သော ဝေဒနာ လက်ဆစ်ယောင်နေသော ဝေဒနာကိုခံစားနေရပါသည်။
သို့သော်ဆရာတော်ဘုရားကြီး၏ မွေးနေ့အကြိုတရားစခန်းကို အလွတ်မပေးနိုင်ပါသောကြောင့် စိတ်ထဲတွင် ကြောက်ကြောက်လန့်လန့်နှင့်ပင် ဘုရား တရား သံဃာ အာရုံပြုပြီး (၁၂-၇-၂၀၁၃)ည တရားစခန်းပွဲအစသို့ အရောက်သွားခဲ့ပါတော့သည်။
 ကျောင်းတွင်ပင် ညအိပ်- ကျောင်းတွင် ဝေယျာဝစ္စ ကုသိုလ်တို့ကို သပြေကုန်းရွာမှ အလှည့်ကျ ဆွမ်းချက်သူ အဖွဲ့နှင့်အတူ (၁၂)ရက်နေ့ညမှ (၁၄)ရက်နေ့နေ့ခင်းဆွမ်းစားအပြီး သိမ်းဆည်းပြီးမှ ရေဆင်းသို့ ပြန်ခဲ့ပါသည်။
 ဆွမ်းများလည်း အလျံပယ်ပိုနေသဖြင့် ဆရာတော်များ၏ အစီအစဉ်အရ ကုတင်(၁၀၀၀)ဆေးရုံ နေပြည်တော်သို့ သွားေ၇ာက်ဝေငှခဲ့ရာတွင်လည်း လိုက်ပါသွားခဲ့ပါသေးသည်။
ဓာတ်ပုံများကို လည်း သီးသန့်တင်ပေးပါမည်။ ဓာတ်ပုံအချို့အား www.facebook.com/Fred Thet တွင် တင်ထားပါသည်။ စိတ်ဝင်စားကြသော ဓမ္မမိတ်ဆွေများ facebook တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်ရှင်။





No comments:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး