http://dhamatharlar.blogspot.com/

အလည်ရောက်လာသူများ ကိုယ်စိတ်နှစ်ဖျာ လန်းဆန်းပါစေ

MP3 တရားတော်များ ဒေါင်းယူ နိုင်ပါပြီ

လိုအပ်သော တရားတော်များအားတောင်းဆို နိုင်ပါသည်

လိုအပ်သော တရားတော်များအားတောင်းဆို နိုင်ပါသည်

သရဏဂုံ တည်သောခါဝယ်

နောက်လဲ ထပ်မံ လာလည်ဖို့ ဖိတ်ကြားအပ်ပါသည်

Sunday, June 17, 2012

ဒီလမှာ ကျမအကြိုက်အစားအသောက်များနှင့် အင်ဥဟင်းတခွက်


ဒီလမှာ ကျမအကြိုက်အစားအသောက်များနှင့် အင်ဥဟင်းတခွက်
ဗန်းမော်သူပီပီ အစားအသောက်ကောင်းကောင်းကိုကြိုက်တတ်တယ်လေ။ မြီးရှည်ကအစ ချက်ပုံက လုံးဝမတူဘူး။ နောက်တရုပ်နှစ်သစ်ကူးမှာမှ စားရတတ်တဲ့ လခွန်စီလို့ခေါ်တဲ့ ရေစိမ်ခေါက်ဆွဲ ၊ လခွန်စီဆိုတာ ရှမ်းနာမည်လား တရုပ်နာမည်လား ကွဲကွဲပြားပြားမသိဘူး။ ကျမတို့ဘက်မှာ အခေါ်အဝေါ်တွေက ရောနေတယ်။ ချိဖန်ဝမ်း (ပုဂံလုံး)၊ ခွိုင်စေး(တူ)ဆိုရင် တရုပ်လိုခေါ်ဝေါ်တာ။ ပကပ်စော(မုန်ညင်းချဉ်ဟင်းရေ) ရှမ်းလိုဖြစ်သွား ပြန်ရော။ မျှစ်ချဉ် ခေါက်ဆွဲတွေဟာ ကျမတို့မြို့ရဲ့နာမည်ကြီးအစားအစာထဲမှာပါလေ့ရဲ့။ ဒေညင်းသီးဆိုရင် ရှယ်ဘဲ၊ တရုပ်ဆီးသီးဆိုရင်လည်း ရှယ်ဘဲ။ ဗန်းမော်မှာ ကျွဲဒေညင်း၊ စာကလေးဒေညင်းလို့နှစ်မျိုးရှိတယ်။ ကျွဲဒေညင်း ကပြားပြားကြီးကြီး၊ စာကလေးဒေညင်းက လုံးလုံးဝိုင်းဝိုင်းသေးသေး။ မန္တလေးကိုအများကြီးသင်္ဘောနဲ့တင် ရောင်းချရတယ်။ မုန်ညင်းစိမ်းဆိုတာကလည်းပေါပါဘိသနဲ့။  မုန်ညင်းချဉ်လုပ်တာလေ။ အခုတော့ မုန်ညင်းစိမ်းက ရှားမှရှား၊ ၀တုန်လို့ ခေါ်တဲ့ ၀ပေါင်း(၀ဥကိုပေါင်းထားတာ) ဆိုရင် မြင်ကို မမြင်ရဘူးဘူး။  ၀ဥမရှိလို့လေ။ ကိုယ့်ဒေသက အစားအသောက်ကို အရမ်းလွမ်းမိပါတယ်။ မချောရဲ့ အစိမ်းရောင်လွင်ပြင်ထဲ ၀င်ကြည့်လိုက်ရင် စားခြင်တဲ့ စိတ်တွေက ခဏခဏပေါ်လာလို့ အဲဒီဆိုက်ထဲ ခဏခဏ၀င်မကြည့်ရဲဘူး။ ဟင်းချက်တဲ့နည်းမှ မဟုတ်ရင် facebook ကနေဘဲ ဖတ်ဖြစ်လိုက်တယ်။ ကျမ ဗန်းမော်စာတွေစားခြင်တိုင်း စောဝေညိုလို့ ကလောင်နာမည်ရတဲ့ နောင်ခိုက ဦးဇင်း အွန်လိုင်းတက်လာရင် မပြောဘဲမနေနိုင်ပြောပြောမိတယ်။ ဟိုဟာစားခြင်လိုက်တာ ဒါစားခြင်လိုက်တာဆိုပြီးပေါ့။ တကယ် ဗန်းမော် ပြန်ရောက်တော့ ဦးဇင်းဆီသွားကန်တော့ရင်း နောင်ခိုက မျစ်ချဉ်ခေါက်ဆွဲဟာ တမြို့လုံးမှာ အကောင်းဆုံးဆို တာမသိလိုက်ရလို့ မစားခဲ့လိုက်ရပါဘူး။
ဒီလကတော့ ကျမအလွန်ကြိုက်တဲ့ ဒေညင်းသီးပေါ်တဲ့လပါဘဲ။ ဒေညင်းသီးတွေကြည့်လိုက်ရင် အသင့်အတင့် လေးကောင်းရင် ၁၀ လုံးကို ၅၀၀ိ/တဲ့လေ။ ပိန်စိပိန်ညှပ်ဆိုရင် ၁၀ လုံး ၃၀၀ိ/-တဲ့။ တခါစားလိုက်ရ(၁၀)လုံးကို အကုန်မုန့်စားသလိုစားတာ။ အဲဒီလိုစားတာ ကျမတယောက်ထဲမဟုတ်ဖူး ကချင်ပြည်နယ် ကလူတွေက ဒီလိုချည်းဘဲ။ အကျောကတက်တော့ ဆွမ်းလောင်းမယ်လို့ အင်ဥတွေချက်ထားတာ မလောင်း လိုက်ရတော့ဘူး။ နေမကောင်းဖြစ်ပြီလေ။
ကဲ ဒီနေ့တော့ ကျမချက်တဲ့ အင်ဥဟင်းလေးအကြောင်းပေါ့။ 
အင်ဥလေးတွေကို ပြောင်အောင်ဆေးရတယ်။ ရေဆင်းက အင်ပင်တွေချည်းပါဘဲ။ အခုတော့ နေပြည်တော်ဖြစ်တော့ အင်တောလည်း ပါးသွားတာပေါ့။ အင်ဥဆိုတာ ကြာကြာလည်းမပေါ်ဘူး။အလွန်ဆုံးဒီမှာ တပတ်-၁၀ ရက်အတွင်းဘဲ တွေ့၇တယ်။ အဲဒီရက် အတွင်းမြန်မြန်ဝယ်ချက်စားမှ အင်ဥဟင်းစားရမှာ နောက်မို့ ဒီတနှစ်အတွင်းအင်ဥစားလိုက်ရမှာမဟုတ်ဖူး။ အင်ဥဆိုတာတကယ်တော့ မှိုတမျိုးပါ။ ချတောင်ဘို့တွေကို ဆန်ကွဲတွေကြဲထားရင်နောင်ကို မှိုထွက်သလိုပေါ့။ သူကလည်းအင်ဖက်တွေအောက်မှာပေါက်နေတဲ့ မှိုလုံးလေးတွေပါဘဲ။
အင်ဥကို အကြိမ်ကြိမ်အထပ်ထပ်ဆေးရပါတယ်။ ကြောက်စရာအကောင်းဆုံးက သဲရှပ်တာပေါ့။ အင်ဥကို ရေထဲအရင်ထည့်စိမ်ထား။ သဲတွေကျတော့မှ သွန်ပြီး ပြောင်အောင် အထပ်ထပ်ဆေးရတယ်။ အဲဒါတော့ လက်ဝင်တယ်လေ။ ကျမက အင်ဥအလုံးတွေကိုတခုခြင်းလက်နဲ့သပ်ကြည့်တယ် သဲပါနေရင် လက်သဲလေး နဲ့ ကော်ပစ်လိုက်တာဘဲ။
(၁) ကြက်သွန်ဖြူတစ်ဥ အခွံနွာပြီး ဒါးပြားနဲ့ရိုက်
(၂) အင်ဥတွေကို သေးရင် ထက်ခြမ်းခွဲ ကြီးရင်အကွင်းလိုက်လေးတွေလှီး
(၃) ဆား အချို့မှုန့် ဆနွမ်းမှုန့် ဆီလိုတယ်လေ။
ဆီအိုးတယ်ပြီး ကြက်သွန်ဖြူကိုထဲ့လိုက်။ ပြီးရင် ဆနွမ်းသင့်ယုံထဲ့မယ်။ ပြီးတော့မှအင်ဥကိုထည့်လိုက်။ဆား အချိုမှုန့်တို့ကို ကိုယ့်အကြိုက်ထည့်ပေါ့။ ရေကို သင့်ယုံထည့်ရမယ်။ အင်ဥရဲ့အပြင်ခွံကမာတယ်လေ။ ဒါကြောင့် နှပ်မနှပ်ကို စစ်ဆေးကြည့်ရမယ်။ အနှပ်လိုရင် ရေထပ်ထည့်ပြီးပြန်နှပ်ပေါ့။ အဲဒါဆို ဆီပြန်အင်ဥဟင်း တခွက် ရပါပြီ။
ဆွမ်းလောင်းဘို့အဆင်သင့်ပါဘဲ။ စနေ တနင်္ဂနွေမှ ဆွမ်းလောင်းဘို့အခွင့်အရေးရတာမို့ မပျက်မကွက်လောင်း လိုက်ခြင်ပါရဲ့ရှင်။

မဟာမြိုင်အမှတ်တရနှင့် ကျမအလစ်သုတ်သမား

မဟာမြိုင်အမှတ်တရနှင့် ကျမအလစ်သုတ်သမား လောကမှာ အမှတ်တရတွေက များလှပါတယ်။ ကောင်းတာဘဲဖြစ်ဖြစ်ဆိုးတာဘဲဖြစ်ဖြစ် အမှတ်တရတွေက ပေါင်းစုံနေတာပါဘဲ။ ကောင်းတဲ့အမှတ်တရတွေဟာ ပြောစမှတ်ကလေးဖြစ်ပြီး တဖန်ဖန်စမြုံပြန်လို့ ကောင်းတယ်ပေါ့။ ဆိုးတဲ့အမှတ်တရတွေကတော့ နာကျည်းစရာတွေလိုလို အခဲမကျေစရာ လိုလို လက်တုန့်ပြန်ခြင်တာတို့ တနေ့အကွက်ရရင် ပြန်ဆော်မယ်ဆိုတာတို့ အမျိုးမျိုးအဖုံဖုံပါဘဲ။ ဒါတွေအားလုံးကိုပယ်သတ်နိုင်တာဟာလည်း တရားဘဲရှိပါတယ်။ အဲဒီအမှတ်တရလေးထဲမှာတော့ ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့ ကျမရဲ့ မှတ်မှတ်ရရလေးတစ်ခုကိုရင်ဖွင့်လိုက်ခြင်ပါတယ်။ ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာ ပျဉ်းမနားလက်လုပ်တောင်ဘုရားဝန်းထဲကနေ ပျဉ်းမနားမှ မဟာဗောဓိမြိုင်ဆရာတော်ကြီးကို ဖူးကြမဲ့ ကျမတို့အဖွဲ့ဟာ ညနေ (၇း၃၀)မှာ စတင်ထွက်ခွာလာခဲ့ ပါတော့တယ်။ (၂၉-၂-၂၀၁၂) နေ့ မနက် (၅း၃၀)မှာ မုံရွာမြို့ကိုရောက်ပြီး မုံရွာက ရွှေဂူနီ၊ ဗောဓိတစ်ထောင်၊ သဗ္ဗုဒ္ဓေနဲ့ ၃၁ ဘုံဘုရားကြီးတို့ကိုရောက်ရှိပြီးဘုရားဖူးခဲ့ကြပါတယ်။ ညနေ (၅း၃၀)မှာတော့ မဟာမြိုင်တောကြီးထဲကို ဦးတည်ပြီး မုံရွာမှထွက်ခွာခဲ့ကြပါတော့တယ်။ တန့်ဆည်ကို ည (၁၁) နာရီကျော်မှရောက်တော့ စားသောက်ဆိုင်တွေကလည်းပိတ်ကုန်ပြီ မိုးလေးကလည်း ဖွဲဖွဲဆိုတော့ ကြုံတဲ့လမ်း ဘေးက ဆိုင်မှာဘဲ ကြုံသလိုစားလိုက်ရပါတော့တယ်။ ကား ၂ စီးဆိုတော့ လူတွေကလည်းအများကြီးပေါ့။ အဲဒီလိုနဲ့ဘဲ ကျမတို့ဟာ မှောင်ကြီးမဲမဲထဲမှာ မဟာမြိုင်တောကြီးထဲကို ဖြတ်ခဲ့ပါတော့တယ်။ ဘာကိုမှ သဲသဲကွဲကွဲမမြင်ရတော့ပါဘူး။ ကျမကတော့ပန်ထွာဘုရင်မကြီးလို့ ခေါ်တဲ့ ဗြိဿနိုးမယ်တော်ကြီးနန်းေ၇ာက်ရင်ကားခဏရပ်ပေးဘို့ အိပ်နေရင်လည်းနိုးဘို့ ကားဆရာကိုမှာထားခဲ့ပါတယ်။ဘာကြောင့်လည်း ဆိုတော့ ဆရာတော်ကြီးထံသွားဖူးမျော်ဘူးတဲ့ သူတွေက မယ်တော်ကြီးနန်းရောက်ရင် ပုဝါဆက်ဖို့ အမွေးတိုင် ဖယောင်းတိုင်တွေပူဇော်ဘို့ မှာကြားလိုက်ကြတဲ့အတွက် ဖြစ်ပါတယ်။ မယ်တော်ကြီးရဲ့ နန်းရင်းလို့ပြောကြတယ်။ သူ့နယ်မြေထဲဝင်ရင် သူ့ကိုအသိအမှတ်ပြုရတာပေါ့ရှင်။ တခါတလေမှာ သူ့ကိုအသိအမှတ်မပြုရင် မယ်တော်ကြီးဟာ ဆရာတော်ကြီးကို လာလျောက်တယ်လို့လဲ ကပ`္ပိယ ဦးကျော်လွင်က ပြောပြပါတယ်။ မဟာမြိုင်တောကြီးဟာ အင်မတန်မှတောကြမ်းတယ်ဆိုတာ တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရက ရေးခဲ့ဘူးပါတယ်။ ပန်ထွာမယ်တော်ကြီးအကြောင်းဆိုလည်း ခေတ်လူငယ်တွေကလွဲရင် တော်တော်များများဟာ မယ်တော်ကြီးရဲ့ကြေကွဲဘွယ်ဇတ်လမ်းကို သိပြီးသားဖြစ်ပါလိမ့်မယ်။ မဟာဗောဓိမြိုင် ဆရာတော်ကြီးကိုယ်တော်တိုင်က မဟာမြိုင်တောကြီးထဲ တောရဆောက်တည်ဘို့ မုံရွာအထွက်မှာတင် ဆရာတော်ကြီးစီးတဲ့ကားကို ဒုက္ခပေးခဲ့တာကို ဟောပြောခဲ့ဘူးပါတယ်။ ကျမတို့ကားပေါ်ကအဖွဲ့တွေဟာ နန်းလည်း ရောက်ရော ဆင်းတဲ့သူဆင်းပြီး အမွေးတိုင် ဖယောင်းတိုင်တွေနဲ့ ပသကြပါတယ်။ ကျမကတော့ မယ်တော်ကြီးတို့အဖွဲ့ လိုရာသုံးပါ မြတ်စွာဘုရားကို ပူဇော်လို့ဘဲဖြစ်ဖြစ် ဆရာတော်ကြီးကိုပူဇော်ဘို့ဘဲဖြစ်ဖြစ် ဆိုပြီး အမွေးတိုင်အတိုင် (၃၀) လောက် ထိုးစိုက်ပေးခဲ့ပါတယ်။ ဖယောင်းတိုင်တွေလည်း ထွန်းထားပေးခဲ့ပါတယ်။ အဲဒီနန်းရောက်တော့ မနက်(၃)နာရီပါ။ ဆရာတော်ကြီးဟာမနက် (၉)နာရီမှာဆွမ်းခံကြွပြီး တညအိပ်သာလက်ခံတဲ့အတွက် ကျမတို့ဟာ အဲဒီမနက်စောစော ရောက်ရင် ဆွမ်း(၂)ကြိမ်လောင်းခွင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကားကိုစောသထက်စောလျင်စွာ ကျောင်းရောက်ခြင်စိတ်ဖဲ ပြင်းပြနေပါတော့တယ်။ အဲ - အေ၇းကောင်းတော့ ပြသနာကပေါ်ပါချေပြီ။ ဒါကတော့ ကျမတို့ရဲ့ကားရှေ့မှာ ထော်လာဂျီတစီးက ကန့်လန့်ဖြတ နီးပါးပိတ်နေပါတော့တယ်။ လမ်းကကျဉ်း မြေလမ်းတွေကဖြစ် တဖက်ကလည်း ၀ါးရုံတောလျိုဆို တော့ ဘယ်ဘက်မှ မလွတ်တဲ့ကြပ်ပူးကြပ်ပိတ်ကြားထဲမှာ ရောက်သွားပါတော့တယ်။ တရားခွေတွေထဲမှာလည်း မဟာမြိုင်လာတဲ့သူတွေ ကားပျက်တာ ကားနှစ်နေတာ ဗွက်အိုင်တွေထဲက ကြိုးနဲ့ဆွဲကြတာ အမျိုးမျိုးတွေ့နေလေရတော့ ဒို့အဖွဲ့လည်းထိပြီဟ လို့စိတ်ထဲမှာဖြစ်မိပါတယ်။ ကျမက ကားဆရာလေးကို ဆင်းကြည့်ဘို့နဲ့လိုအပ်တာရှိရင်လည်း ကူညီပေးဘို့ပြောလိုက်ပါတယ်။ မကြာခင် ကားဆရာလေးပြန်တက်လာပြီး ပါလာတဲ့ဘီးပိုကလည်းပေါက်နေသတဲ့။ စိတ်လျော့လိုက်ပါ အမကြီးရာတဲ့။ ကျမလည်း ဘာမှမတတ်နိုင်ချေပါတကားလို့ ဖြစ်ပေမဲ့ တဖက်ကလည်း မယ်တော်ကြီးကိုမေတ္တာနာနာပို့ ဆရာတော်ဘုရားကြီးကိုလည်း ဆွမ်းလောင်းခြင်လွန်းလို့ပါဘုရားလို့ မကြာခဏစိတ်ထဲကလျှောက်မိတယ်ရှင်။ ဘာကြောင့်ဆိုတော့ ဆရာတော်ကြီးဟာ မနောပိုင်တယ်ဆိုတဲ့ (သူတပါး၏ စိတ်အကြံကိုသိနိုင်တာ)ကို အတွေ့အကြုံ တွေအရသိပြီးသားဖြစ်လို့ဖြစ်ပါတယ်။ ကျမဟာ မေတ္တာတွေပို့လိုက် ဆက်တိုက် ဆုတောင်းခြင်းနဲ့ စိတ်ပို့လွတ်ခြင်းကို လုပ်ပါတော့တယ်။ မလာခင် တပတ်လောက်ထဲကလည်း ကြိုတင်ပြီးအိမ်ကနေ စရဏလုပ်ခြင်း မေတ္တာပိုခြင်းများကြိုတင် လုပ်ထားပါတယ်။ သိပ်မကြာပါဘူး ကန့်လန့်ဖြစ်နေတဲ့ဘက်က ကားမီးရောင်ထိုးလာပါတော့တယ်။ အော်နောက်ကားတစီးေ၇ာက်လာတာဘဲလို့သိလိုက်ပါတယ်။ ဘယ်လိုကဘယ်လိုဖြစ်တယ်မသိ တော်တော်ကြာတော့ ကျမတို့ ကားဆရာလေးက အဆင်ပြေသွားပြီလို့ ကျမကိုပြောပါတယ်။ ကျမလည်းအံ့သြသွားပါတယ်။ တကယ်တော့ နောက်ထပ်လာတဲ့ကားနဲ့ ပျက်နေတဲ့ကားက အမျိုးအစားတူဖြစ်ပြီး နောက်ထပ်လာတဲ့ကားကကန့်လန့်ဖြစ်နေတဲ့ကား ရွေ့လို့ရအောင်လို့ သူ့ကားက ဘီးတွေဖြုတ်ပေးပြီး ကန့်လန့်ကားကိုတပ်ပေးလိုက်တော့ ရွေ့လို့ရသွားတာပေါ့။ မောင်မင်းကြီးသား တို့ကျန်းမာ ချမ်းသာပါစေလို့ ရမ်းသမ်းမေတ္တာပို့သလိုက်ရပါတယ်။ မှောင်ကြီးမဲမဲ တောကြီကနက်နက်ဆိုတော့ သူတို့ကိုလည်း ကိုယ်က မမြင်ရ။ တကားလုံးကတော့ အိပ်မောကျနေကြလေရဲ့ ကျမနဲ့ကားဆရာလေးသာ မအိပ်ဖဲရှိနေကြတယ်လေ။ သူတို့ ကူညီဆောင်မမှုကြောင့် (၃-၃-၂၀၁၂)နေ့ မနက်(၆)နာရီတိတိမှာ မဟာဗောဓိမြိုင်ဆရာတော်ကြီး သတင်းသုံးရာ ခေါင်နန်းပလ္လင် ဓမ္မေသစခန်းသို့ေ၇ာက်ရှိ ခဲ့ကြပါတော့တယ်။ မနက်(၃)နာရီကျော်ကျော်မှာ တိုက်ဆိုင်မှုလေးကတော့ အံ့သြစရာပေါ့လေ။ ပစ္စည်းချ ခဏအိပ်ပြီး ချက်ဖို့ပြုတ်ဖို့ ပြင်ဆင်ပါတော့တယ်။ ကျမက ကျမဆရာရဲ့ဇနီး မမဆွေနဲ့ မကြာခဏ ခရီးထွက်နေကြဆိုတော့ သူဘာလုပ်တယ်။ ဘယ်လိုပြင်ဆင်တယ်ကို အတုမြင်အတတ်သင် အတုခိုးလာတယ်။ Ready အသားဗူးတွေထဲက ဘဲသား၊ ဆိတ်သား၊ ငါးဖယ်ဆုပ်ဗူးတွေကို ၀ယ်လာပါတော့တယ်။ အများချက်တဲ့ဟင်းကိုမှ မကပ်လိုဘဲ ချက်ကပ်ခြင်တာကိုး။ နောက် Shitaki မှို ၊ ကြွက်နားရွက်မှို၊ ချစ်(စ်) ၊ သစ်ကြားသီးတွေပါထည့်လာတယ်လေ။ှဆီကအစ ဗူးသေးသေးလေး နဲ့ပေါ့။ ဒါတောင် လက်လုပ်တောင်မှာ မနက်အာရုံအတွက်ခွဲထားခဲ့သေးတယ်။ ကျမသယ်လာတဲ့ လှူဘွယ်က ဆရာတော်ကြီးရဲ့ဆိုင်းဘုတ်က စည်းကမ်းအတိုင်း အမွှေးတိုင်နဲ့ဖယောင်းတိုင်ထုပ်တွေပါဘဲ။ ဆရာတော်ကြီးဆီသွားမှာမို့ နိုင်ငံခြားမှာစာသင်နေတဲ့ သံဃာတော်တွေက မှာကြားတဲ့အတွက် အဲဒီသံဃာတော်တွေကိုယ်စား လှူပေးဘို့ အမွေးတိုင်ထုပ်တွေရော မနိုင်မနင်းပါ။ ပါးလိုက်တဲ့ ဖယောင်းတိုင်ထုပ်တွေ ကျမရုံးက ခလေးတွေ ကုသိုလ် ရစေခြင်လို့ နင်တို့တွေ ကုသိုလ်ပါဆိုလို့ ခလေးတွေရဲ့ အထုပ်တွေ တအင့်တမကြီးနဲ့ကျမပါ။ ဆရာတော်ကြီးဆွမ်းခံကြွလာရင်ခင်းဘို့ စိန်ကတ္တီပါစ ၂ စ၊ ပုဝါအဖြူတထည်နဲ့ မော်လမြိုင်ကလက်ဆောင်ထည့်ပေးလိုက်တဲ့ ပုဝါအစိမ်းလေး(သိပ်ပြီးစိတ်မ၀င်စားလို့ ကျမလက်ထဲရထားတာကြာနေပြီဖြစ်ပေမဲ့ မထုတ်ကြည့်မိဘူး၊ အဲဒီမှာ ခင်းမှ ကြည့် မိလိုက်တယ်။ တော်တော်လှတာဘဲလို့ သဘောလည်း အတော်ကျသွား မိတယ်)။ ကျမက လှူမဲ့အထုတ်တွေကို ဆွမ်းခံကျောင်းထဲမှာရှိတဲ့ ပလ္လင်ရဲ့ ခုံပေါ်မှာတင်ထားလိုက်တာပေါ့။ အဲဒီမှာဆရာတော်ကြီးအလှူခံ မယ်ထင်တာကိုး။ ဆွမ်းခံကြွလာတော့ ဆွမ်းလည်းလောင်းပြီးရော အဲဒီမှာအလှူမခံဘူး ဆွမ်းခံအပြန်လမ်းမှာလှူရမှာဆိုတော့ ကျမမှာ အပြန်လမ်းဘက်ကို ပြေးရပါတော့တယ်။ ဆွမ်းလင်ဘန်းကြီးကိုလည်း ကြုံတဲ့နေရာပစ်ထားခဲ့တယ်။ အဲဒီလင်ဘန်းထဲ ဓမ္မဒါန ရထားတဲ့ ဆရာတော်ကြီးတရားခွေ ၂ခွေလည်းပါရဲ့။ ဆရာတော်ကြီးသွားဘို့ခင်းထားတဲ့ အခင်းတွေကိုဖြတ်ကျော်ပြီး အပြေး တရားပလ္လင်ရှေ့ခုံပေါ်က အထုပ်ကြီး ၂ ထုပ်ကိုသယ် ဘန်းကြီးနဲ့ထည့် ယောက်ယက်ခပ်သွားပါတော့တယ်။ သူများတွေတန်းစီနေတဲ့ အဆုံးကိုပြေးရတယ်လေ။ အထုပ်တွေက များတော့ ပြုတ်ကျမလိုဖြစ်ပါလေရော. ဒီတော့ ခေါင်းနည်းနည်းသုံးလိုက်ပြီး ဟိုဘက်ဒီဘက် မျက်စေ့ကစားလိုက်ပါတယ်။ ဘယ်သူ့ကိုအကူအညီတောင်းရင်ရမလဲပေါ့။ သဘောကောင်းပုံရတဲ့ အမျိုးသမီးတယောက် သူ့ဘန်းထဲမှာလှူဘွယ်ကလည်း သင့်ယုံ။ သူ့ကိုအကူအညီတောင်းလိုက်ရတယ်။ သူမက လိုလိုလားလားနဲ့တချို့ခွဲယူပြီးလှူပေးတာမို့ အဆင်ချောသွား ခဲ့ပါတော့တယ်။ ဟော ဆရာတော်ကြီးက နီးသထက်နီးလာပါပြီ။ ဆရာတော်ကြီးပြောပြောနေတာသတိရမိတယ်။ သတိလေးနဲ့လှူ။ စိတ်တွေ ဟိုရောက်ဒီရောက်မရောက်စေနဲ့။ ရှုမှတ်မှုလေးနဲ့လှူ အမှတ်သတိလေးနဲ့လှူဆိုတာလေးကိုပါ။ စိတ်ကိုအသင့်ပြင်လိုက်တယ်။ ငြိမ်သက်သောစိတ်နဲ့ သတိလေးကပ်ပြီးလှူလိုက်ပါတော့တယ်။ အောင်မြင်သွားပါပြီ။ ဒါပေမဲ့ ………. ကျမပြန်ရောက်လာတော့ ဆွမ်းဘန်းကိုနေရာရွေ့ထားပေးတယ်။ ဘန်းထဲက အခွေ(၁)ခွေကတော့မရှိတော့ ပါဘူး။ စိတ်လေးအနှောက်အယှက်ဖြစ်သွားတာပေါ့နော်။ ဟော နောက်ပုဝါလှလှအစိမ်းလေး။ မရှိတော့ပါဘူး။ ကော်ဇောတွေ သိမ်းတော့ ကပ္ပိယတွေက အခင်းတွေအားလုံးကို ဘေးကိုသေချာပုံထားပေးခဲ့ပါတယ်။ အဲဒီအပုံထဲမှာလည်းလုံးလုံးမရှိတော့ ပါဘူး။ စိတ်ဆိုသောစိတ်က ကျမကိုကောင်းကောင်းပညာပြချေပါပြီ။ စောစောက လှူခါနီးထားတဲ့သတိဟာ ကျမမှာမရှိတော့ပါဘူး။ စိတ်ထဲမှာ ဆရာတော်ကြီးကျောင်းမှာတောင်လာပျောက်ရသလားဆိုတဲ့စိတ်ဖဲဖြစ်နေပါတယ်။ လိုက်လည်းရှာတယ်။ သို့သော် မတွေ့ပါဘူး။ ကောင်မလေးတချို့က သူတို့ဆီပါလာတဲ့မျက်နှာသုတ်ပုဝါအစိမ်းလေးလာပေးကြတယ်။ မဟုတ်ဖူးလေ။ ကျမက တဖျစ်တောက်တောက်ဖြစ်မိပါလေရော။ ကိုယ့်ပစ္စည်းမဟုတ်ဖဲနဲ့များ။ ကိုယ့်ပစ္စည်းမဟုတ်မှန်းတော့သိသင့်တယ်ပေါ့။ တကဲ့ဆရာတော်ကြီးဆီလာပြီး သူများပစ္စည်းကိုယူတယ်ပေါ့လေ။ ညနေပိုင်းရောက်လာတော့ ခေါင်းထဲကြာကြာမသိုထားတတ်တဲ့ကျမဟာ ခေါင်နန်းပလ္လင်ကျောင်းဆောင်ပေါ်မှာ တရားထိုင်ပါတော့တယ်။ မအိပ်ခင်လေးမှာတင် ကျမခေါင်းထဲအသိဥာဏ်လင်းကနဲပေါ်လာတယ်။ အ၇င်ဘယ်ဘ၀တွေကများ ဘုရားကျောင်းကန်တွေသွားရင် သူများပစ္စည်းကို လိုခြင်စိတ်နဲ့လစ်ခဲ့ဘူးပါလိမ့်နော်လို့။ ဒါကြောင့်လည်း အခုလို ဘုရားကျောင်းကန်မှာ ဒီလိုဖြစ်တာလို့။ တကယ်တန်းတွေးလိုက်ရင် ဆရာတော်ကြီးခြေချထားတဲ့ ပုဝါမို့ လိုခြင်တာဖြစ် ပါလိမ့်မယ်။ ပေးတဲ့သူကလည်း အမျိုးအစားကောင်းကောင်းလေးပေးလိုက်တာဆိုတော့လှတပတလေးပေကိုး။ ကျမက ကျမရဲ့ အလစ်သုတ်သမား(ဒါအလစ်သုတ်သမားဘဲမဟုတ်လား လစ်လို့သုတ်တာလေ မလစ်ရင်သုတ်မရဘုး) အတိတ်ဘ၀ကို တေွး မိပြီး အရင်ဘ၀က သူများပစ္စည်းအလစ်သုတ်လာတော့ ကိုယ့်ပစ္စည်းနဲ့ ဒီဘ၀ဆပ်လိုက်ရတာ အကြွေးတစ်ခုတော့ ကျေပြီလို့ စိတ်ထဲမှာ မကျေနပ်မှုတွေ အစားကျေနပ်ပီတိဖြစ်ပြီး ပြုံးစိစိ ဖြစ်မိပါတော့တယ်ရှင်။ တကယ်တော့ အလစ်သုတ်သမားက ကျမဘ၀ရဲ့ ပုံရိပ်တစ်ခုဖြစ်ခဲ့တာပါဘဲ။ ပုဝါအဖြူလေးကတော့ ဆရာတော်ကြီး ပျဉ်းမနားလက်လုပ်တောင်မှာသီတင်းသုံးစဉ်က လူတော်တော်များများက ဆရာတော်ကြီးကိုခင်းထားတဲ့ ပုဝါတွေ အခင်းတွေအောက်မှာ မုန့်လေပွေထည့်တာ မကျေဘူး။ ဆရာတော်ကြီးက ဈာန်နဲ့သွားတာနဲ့ ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။ ဆွမ်းလာလောင်းတဲ့သူတွေလည်း တနေ့ထက်တနေ့ စည်ကားလာပါတယ်။ အနီးနားရွာတွေကအစ ကားတွေနဲ့လာလောင်း ကြတာပေါ့။ အဲဒီတုံးက ကျမတို့လည်း ဆရာတို့မိသားစုနဲ့ အတူဆွမ်းလောင်း ဘို့သွားခဲ့ကြပါတယ်။ စပ်စုတတ်တဲ့ ကျမဟာ ပုဝါအဖြူလေးကိုခင်းလိုက်ပါတယ်။ ဆရာတော်ကြီးခပ်ဝေးဝေးက ဆွမ်းခံကြွလာတာကို မြင်ရတည်းက တပည့်တော်၏ ပုဝါပေါ်တွင် ဘယ်ဘက်ခြေရာတဖက်တည်းသာ ချန်ထားပေးခဲ့ပါဘုရားလို့ စိတ်နဲ့ အတွင်တွင် လျောက်တော့တယ်။ ကြွလာပါပြီ။ ဘယ်နေရာမှာမှ မြေကြီးမရှိပါဘူး။ လာရာလမ်းတစ်လျောက် အခင်းတွေအပြည့်ပါ။ ဒါကြောင့်လည်း ဘယ်လိုမှ ခြေဖ၀ါးမှာ မြေမှုန်ကပ်ပါလာစရာအကြောင်းမရှိခဲ့ပါဘူး။ ကျမရှေ့အရောက် ဆွမ်းလောင်း လိုက်တယ် ။ ဦးချတယ်။ ဘုန်းဘုန်းမေတ္တာပို့ပေးတာခံယူတယ်။ ဘုန်းဘုန်းဆက်ကြွသွားပါပြီ။ မမျှော်လင့်ထားခဲ့သောဖြစ်ရပ်က ကျမဆုတောင်းအတိုင်းပါဘဲ။ ဖြူစွပ်နေသော ပုဝါပေါ်တွင် မြေမှုန်တို့ဖြင့် ဘယ်ဘက်ခြေရာ တဖက်တည်းသာ ထင်ထင်ရှားရှား အထင်းသားပါလား။ ပျော်လိုက်သည်ဖြစ်ခြင်း။ နှစ်တော်တော်ကြာပေမဲ့ အဲဒီပုဝါကို အမြတ်တနိုးသိမ်းဆည်းထားခဲ့ပါတယ်။ အဲဒီပုဝါလေးကိုဘဲ အခုမဟာမြိုင်အထိ သယ်လာတာပါ။ ပုဝါအဖြူလေးကတော့ ကျမလက်ဝယ်ကျန်ရှိလျက်ပါဘဲ။ ဆက်ရန်- သဗေ`္ဗသတ္တာကမ္မသကာ။

မဟာဗောဓိမြိုင်ဆရာတော်ကြီးမှ (၃-၃-၂၀၁၁) နေ့တွင် ရှမ်းသာဝကများကို ဟောကြားတော်မူသောတရားတော်မှ ကောက်နှုတ်ချက် 

လားဟူလီရှော ဝေနေယျများ ဆွမ်းလောင်းလှူရန်စောင့်ဆိုင်းနေကြစဉ်
လူဦးရေက တိုးတိုးလာတယ်။မြေကမတိုးဘူး လူသာတိုးတာ်။ တယောက်စာကို ၁၀ ရောက်ခွဲစားနေရတယ် အဲဒီတော့ဈေးနှုန်းကြီးလာတယ်။ အလုအယက်များလာမယ်။ စိတ်ဆိုးစိတ်မိုက်များလာမယ်။ မြေပေါ်ကထွက် တဲ့သယံဇာတကလည်းမတိုးဘုး။ ဗုဒ`္ဓဘာသာက ခပ်အေးအေး ရှိတာနဲ့တင်းတိမ်ကြတယ်။ နောင်ကို လူဦးရေတိုးသလောက် စိတ်တွေပူလာမယ်။ အပြောပူ အလုပ်ပူတွေလုပ်တော့ ကံတွေပူလာမယ်နော်။ ဥတုမကောင်းတော့ဘူးနော်။ ဥတုမကောင်းတော့ ဥတုကိုမှီတဲ့ အစာတွေကကောင်းပါဦးမလား။ ဥတုမရ အဟာရမကောင်း မပူလွန်တော့ အစာတွေထဲ အဆီကမရတော့ဘူး ။ စားစရာမရှိတော့ ဒါချည်းစားရမှာ။ အဲဒီအခါ စိတ်တွေက ကြမ်းလာမယ်။ ကံကြမ်းတွေဖြစ်တော့မှာ။ ကံကြမ်းဖြစ်လာရင် ဥတုက ဒီထက် ဒီပူလာတော့မယ်။ ဆောင်းပါးထဲမှာ ဒို့ဘက်မှာသာသစ်ပင်တွေရှိတာ ဟိုဘက်မှာက သစ်ပင် မရှိတော့ဘူး ကတုံးဖြစ်နေပြီတဲ့။ တောင်ထိပ်အထိ ကတရာလမ်းတွေရှိတယ်တဲ့။ ရှမ်းနယ်ခြားမှာရှိတဲ့သူက စာရေးတာလေ။ အဲဒါသစ်ပင်ကအစလာခိုးတာတဲ့။ သစ်ပင်ခိုးတာစောင့်နေရတာတဲ့။ စိတ်ကြမ်းကြောင့် ကံကြမ်း ကံကြမ်းကြောင့် ဥတုတွေက ကြမ်းတော့ အစာကြမ်းတော့ စိတ်တွေကြမ်းတော့မှာ နော်။ ဒီအတိုင်း ဒို့စိတ်ကိုပစ်ထားရင် အရိုင်းကြားညှပ်ပါတော့မယ်။ ဒါကြောင့်စိတ်ကို ယဉ်အောင်ပြင်ဘို့ လိုတယ်နော်။ ၀ိပသနာက နုတယ်နော်။ ဒို့တုံးက ပုတီးနဲ့စတာနော်။ ဒို့က အရင်ဘ၀က ဒီထက်ကြမ်းတယ်။ဒို့က (၂)ဘ၀သိတယ်။ ရဟန်းတ၀ါအရမှာ သေခဲ့တာနော်။ ဒို့က အရင်ဘ၀ကနာမည် ဥာဏ်ကျော် အခုဘ၀ မောင်ငြိမ်း။ အရင်ဘ၀ကလည်း မောင်နှမ ၅ယောက်မှာ အငယ်ဆုံး အခုဘ၀မှာလည်း ၅ယောက်မှာ အငယ်ဆုံး။ ဒို့ကအကိုအလတ်ကို အတော်ချစ်ခင်တာ ဒါကြောင့် သူ့ကို ဒီဘ၀ အဖေပြန်ခေါ်ရတာ။ သိတတ်ကထဲက ဒီဘ၀ကအမေကို အမေလေးခေါ်တာ။ အရင်ဘ၀ကအမေကို အမေကြီးခေါ်တာ။ ဒို့အမေက ဒို့ကိုချစ်လိုက်တာတုန်လို့။ ဒို့ကလည်း ဒီလောက်အဖြစ်သည်းရမလားဆို မုန်းတာ။ ဒို့ကဘ၀တွေကျင်လည်လာတာပါ။ မသိလို့သာပါဗျာ။ အရင်ဘ၀က အမေက ဆံပင်ကို အုန်းဆီဆွတ်ပြီး ထုံးမပေးလို့တဲ့ ဆံပင်ကို ခါးဘန်းပေါ်တင်ပြီး ဒါးနဲ့ခုတ်တာတဲ့။ ၁၂ သားအထိ ယောင်ပေစူးနဲ့။ ဘယ်လောက်ထန်သတုံး။ အရင်ဘ၀တွေ့သူတွေနဲ့ အခုဘ၀တွေ့သူတွေမတူတော့ဘူး။ အခုအသက်က(၇၀)ကိုး။ လမ်းတွေ့တဲ့ ပုဂ္ဂိုလ်တွေလည်းမတူတော့ဘူး။ ဆုတ်ခေတ် ဆုတ်ခေတ် ကြမ်းလာတာနော်။ အသံလွင့်တာက ကမ္ဘာကြီး ဘယ်လောက်စောင်းမှာ ဘယ်လောက်စောင်းရင် အပူချိန် ဘယ်လောက်တက်မယ်လို့ပြောတာ။ ဂိတ်ဆုံးစောင်းတဲ့အခါ ကျရင် ဒို့သက်တမ်းက(၃၀)ဘဲရှိတော့မှာ။ ခပ်အေးအေးမနေနဲ့နော်။ ဒီတဘ၀ထက်မဆင်းစေနဲ့နော်။ ထပ်တွေကမှာသက်တမ်းတိုတွေလေ။ သူ့ငါလု ငါ့သူလုဖြစ်တော့မှာနော်။ ဘာသာရေးလည်း တတ်နိုင်မှာမဟုတ်တော့ဘူးနော်။ ဗုဒ`္ဓာဘာသာက စစ်လွန်းလို့ ဒီလောက်ခံနိုင်တာနော်။ ဒီကလွတ်ဖို့လိုအပ်တယ်။ ဒီဘ၀လေးနဲ့ တော်ပလား။ ရှေ့ဆက်သွား၇ဦးမှာ ကျင့်ကျစမ်းပါ။ စိတ်မြင့်ရင် ဘ၀မြင့်တာဘဲ။ ရှေးခေတ်က စာပေရေးသားတဲ့ဆရာတော်တွေက ရုက္ခဆိုး ဆုတောင်းတာများတယ်။ ဒို့ဆရာဆို ပုတီးနဲ့ ပြီးသွားတာ။ စတုမဟာရာဇ်သက်တမ်းနဲ့နေရတာကိုး။ ရှေးခေတ်က လူတွေသေရင် ရုက္ခစိုးဖြစ်တာများတယ်။ သီလစင်ကြယ်တာကိုး။ အရင်က ၀ိပသနာမရှိဘူးလေ။ လယ်တီခေတ်ရောက်မှ နည်းနည်းစလာတာ ဝေဘူတို့မဟာစည်တို့ကြမှ ၀ိပသနာကမ္ဘာအထိသိလာတာ။ ၀ါဆိုတဲ့အခါကျရင် ဒို့ရွာထဲကရွာသားတွေတစ်ရွာလုံးဝါဆိုတာဗျ။ ၀ါထွက်မှထွက်တာဗျ။ ဘုန်းကြီးတွေ ရုက္ခစိုးဖြစ်တာမပြောနဲ့။ခေတ်အဖိုးတွေဘယ်လိုလဲ။ ရှေးလူနဲ့ ခုခေတ်မတူဘူးဗျ။ ဒို့ကလွန်ဖို့လိုအပ်တယ်။ ကြိုးစားပါ။ သူများတွေမတရားသဖြင့်ကြီးပွားရင် ကိုယ်ကတရားသဖြင့်ကြီးပွားအောင်လုပ်နော်။ စုထားတဲ့ ကုသိုလ်တွေအများကြီးရှိခဲ့မှာပါ။ အတွေးကြောင့်ဒို့ပူတာ။ မတွေးဖြစ်အောင်ကျင့်ရမယ်။ ဖြစ်နေတဲ့ဒုက္ခ တကျပ်မှာ တွေးလို့ဖြစ်တာ သုံးမတ်လောက်ရှိတယ်။ ပက်ပင်းကြုံတဲ့ ဒုက္ခက ဒီလောက်မနာဘူး။ အတွေးကဆွလို့ဖြစ်တဲ့ဒုက္ခက ပိုဆိုးနေတာနော်။ တနေ့ကို မနက်တကြိမ် မနက်(၄)နာရီလောက် ဒီနေ့အတွက် အပူထုပ်ကိုခေါင်းပေါ်မရွက်ခင်နဲ့ ညအပ်ရာဝင်ခါနီး အပူထုပ်တွေခေါင်းပေါ်ကချချိန်တွေမှာ တနေ့(၂)နာရီလောက်လုပ်ပါ။ ဒို့ကစိတ်ကြမ်းတော့ ပုတီးကလာတယ်။ လက်ကခပ်ကြမ်းကြမ်း ပုတီးကကြမ်းကြမ်းနဲ့ ကိုင်ရတာ။ တလုံးထိ တလုံးသိကိုင်တာဘဲ။ နှခေါင်းက နုတယ်လေ။ တော်တော်တန်တန်သိဘို့မလွယ်ဘူး။ ဘာရဘို့ ညာရဘို့ မစဉ်းစားနဲ့။ လောဘမကြီးနဲ့ ပုတီးလောဘကြီးရင် သောကကြီးတယ်။ (၉)ပတ် ဒို့က (၂၇)ပတ်ထက်မပိုဘူး။ ဒို့တုံးက အရဟံဆိုတာ။ အသံမထွက်ဖူး။ မနှေးမမြန်။ နှေးလွန်းရင် စိတ်ထွက်တယ်။ တစ်လုံးထိ တစ်လုံးသိအောင်ကြိုးစား။ လုပ်ကြည့် မရဘူး။ ၃-၄ လုံးဆိုထွက်သွားတာဘဲ။ သတိနဲ့ကြပ်ကြပ်လေ ထွက်တာဘဲ။ စိတ်ရှည် သီးခံရမယ်။ အဲဒီမှာ စိတ်မြန်ကြောင်းပိုသိတယ်။ ထွက်ရမလားလုပ် မထွက်အောင်ကြိုးစားမယ်ကွဲ့ဆို ပိုထွက်တယ်။ ဒီကနေ (၁၀)လုံး (၂၀)လုံးလောက်မှထွက်တော့တယ်။ အဲဒီတော့မှ အတွေးနဲဖြစ်အောင် လုပ်ရတာ။ အဓိဌာန်နဲ့လုပ်ရတယ်။ အရေးမကြုံ သေရေးရှင်ရေးကြုံတတ်တယ်နော်။ ထင်းခွေမကြုံရေခပ်ကြုံရတတ်တယ်။ အဓိဌာန်နဲ့လုပ်တော့ သူတို့ဆီစာရင်းတင်ထားတယ်။ ဒီဘုရားမှာ အဓိဌာန်တင်ခဲ့ရင် ဒီဘုရားမှာ။ စိတ်ထဲကနေ လှမ်းအာရုံပြုရတယ်။ သစ္စာဆိုလို့ရတယ်နော်။ ကြိမ်စာတိုက်တာမဟုတ်ဖူးနော်။ သူတို့သိတယ် သူတို့တာဝန်နော်။ အဲဒီအထဲမှာ သနားသူတစ်ယောက်ကပေါ်လာတတ်တယ်။ အဓိဌာန်နဲ့လုပ်ကြည့်ပါ အဲဒါ ခရီးသွားဟန်လွဲပေါ်လာတာကိုပြောတာ။ ရှေ့ပေါ်လာမဲ့ဟာက ဒီထက်ပူကြမ်းမှာနော် ဒီတော့ မီးခံဘို့ မီးခံပစ္စည်းလိုတယ်နော်။ ဒို့ကပုတီးနဲ့ ၁၀၈ လုံးကို စိတ်မထွက်ဘူးဆိုရင် အတော်ကိုဟန်ကြတာ။ နေ့ခင်းက ကသိကအောင်ဖြစ်ခဲ့ရင် ညကို (၁၀၈ လုံး တစ်လုံးသိ တလုံးထိဆိုရင်) မရဘူး။ သွားရမှာ အပူကြားသွားရမှမို့ ရှမ်းတွေဆိုတော့ ရှမ်းခမောက်ဆောင်းခိုင်းတာ။ ပုတီး ၉ ပတ်ကို မနှေးမမြန် ၄၅ မိနစ်လောက်ကြာတယ်။ အတွေးမပါရင် သီလစင်ကြယ်တာဘဲ။ စာလို ၀ိသုဒ`္ဓိသီလခေါ်တယ်။ ဥပုဒ်ယူထားလို့ သတ်ခြင်စရာမြင်ရက် မသတ်ရတာ လိုခြင်တာရှိရက်နဲ့ သီလယူထားလို့ တားမြစ်ထားလို့အောင့်ထားရတာ ၀ါရိတ သီလခေါ်တယ်။ ကြက်ယက်သလိုယက်ပြီးအစာရှာစားရတော့ ဥာဏ်နီဥာဏ်နက်တွေထုတ်သုံးလိုသုံး။ သီလစင်ကြယ်ရင် မိုးကုတ် မဟာစည် ဝေဘူတို့ကြည့် သူ့အလုပ်သူလုပ်တာ ဘုန်းကံတွေပွင့်လာတာမဟုတ်လား။ ဘုန်းကြီး မို့လို့မပြောပါနဲ့။ လူလည်း လူနဲ့တန်တာရှိတယ်နော်။ ဘာသာရှိရှိ မရှိရှိ လူဖြစ်လာရင် ပေးတာကမ်းတာရှိတာချည်းဘဲ။ ရွှေလေးတစ်အောင်စလောက်ဟာ အပေါ်က အမှိုက်ပုံကြီးက ဖုံးထားတာ။ ဒို့က လောဘဒေါသ မောဟနဲ့ဖုံးထားတာလေ။ မိုးကုတ်တို့ မဟာစည်တို့ ဝေဘူတို့က ဈာန်နဲ့သွားတာလေ။ အမှိုက်ပုံကို ရှို့ပစ်တာတ်မဟုတ်လား။ သမထကြတော့ အာရုံတခုတည်းတည်တဲ့ ဈာန်။ ၀ိပသာနာက ဖြစ်ပျက်မြင်တဲ့ဈာန်။ဝင်တယ်ထွက်တယ်ဆိုတာ ၀င်တချက်မှတ် ထွက်တချက်မှတ်တာ ဈာန်ဗျ။ ဈာန်ဆိုတာ မြန်မာလို မီးရှို့ပစ်တာ။ မှတ်တယ်ဆိုတာ ရှို့ပစ်တာလေ။ အဟောင်းတွေကိုကော မရှိဘူးလား။ မဟာစည် ဝေဘူတို့က ရှို့ပစ်တော့ ပေါ်တာပေါ့။ တရက်ကို ညတစ်နာရီ မနက်တစ်နာရီလုပ်။ နေ့သားအလိုက်လုပ်။ နေ့တိုင်းမလုပ်ရဘူး နေ့တိုင်းတော့ပျင်းသွားတတ်တယ်။ အထစ်နဲ့လုပ်ရတယ်။ တဆက်တည်းလုပ်ရင် ပျင်းသွားတတ်တယ်။ ရှေ့သွားဘို့ အပူခံ ဒဏ်ခံဘို့ရယ် သွားရင်းစာဘို့ ရိက္ခာထုပ်ကို လုပ်ရမယ်။ သီလမစင်ကြယ်လို့အဲဒါမပေါ်တာ။ အတွေးလုံအောင်လုပ်ခိုင်းတာ ငါဘာလုပ်လို့ ဘာရမယ်ချည်းမမျှော်နဲ့။ သမထဆိုတာ ကိလေသာငြိမ်းတာကို ပြောတာ။ မီးလောင်ဦးမှာနော်။ မီးအမျိုးမျိုးနဲ့လောင်ဦးမှာနော်။ လောကဓံအမျိုးမျိုးနဲ့ တကြိမ်မဟုတ်တကြိမ် တကွေ့မဟုတ်တကွေ့တွေ့မှနော်။ လောကဓံနဲ့ကြုံတော့ ထွန့်ထွန့်လူးပြီး အိမ်မြောင်မီးပြတ်ဖြစ်သွားမယ်။ လုပ်ထားတော့ ဘယ်လိုအပူလာလာ ဒဏ်ခံနိုင်တယ်နော်။ တောမှာ နွားမကြီးနွားငယ်လေးပျောက်တော့ နွားမှကြီးက ၀မ်းဘဲ ၀မ်းဘဲအော်ပြီးရှာသတဲ့ တနာရီလည်းကြာ ရောတိတ်သွားသတဲ့။ ကဲ နွားမကြီးလိုနေနိုင်ပါ့မလား။ ဘုရားလက်ထက်တုန်းက တောထွက်ရဟန်း(၅)ပါး သူတို့ကိုတော်တော်ပြုစုပြီး ဆွမ်းလောင်းတဲ့ ဒကာမကြီးရှိတယ်။ သူတို့ကအတော်အားကိုးဆိုဘဲ။ တနေ့တော့ အဲဒီဒကာမကြီး သေတော့ ရဟန်း(၅)ပါး ခေါင်းခြင်းဆိုင်ပြီးငိုကြသတဲ့။ အဲဒီတော့ ဘုရားကဥပမာပေးတယ် နို့မကွာသေးတဲ့နွားငယ်လေးတွေ နွားမကြီးပျောက်လို့ ၀မ်းဘဲ ၀မ်းဘဲ အော်သလိုဘဲတဲ့။ လောကဓံဆိုတာ လောကဓမ္မတာ ဆိုးရင်ဆိုး ကောင်းရင်ကောင်း။ ဆိုးမှလောကဓံမဟုတ်ဖူး။ သူတော်ကောင်းတွေက ကြိုက်စွန်း မုန်းစွန်းမလိုက် အလယ်ကြားရောက်အောင်စိတ်ကိုထားတာလေ။ ကြိုက်လှချည့်ပယ်ထားတော့ မုန်းလှချည့်ကြတော့လည်း မရှိတော့ဘူး။ ကြိုက်လှချည့်နဲ့တွေ့ရင် မုန်းလာချည့်ကလာမယ် မကြာမှီမျှော်ပါ။ ဒို့ရှမ်းတွေပြောရတာက ဒို့ရှမ်းတွေရှေ့ကို အဆိုးတွေ ကြုံဦးမှာနော်။ ဒါကြောင့်အေးအေးမနေနဲ့ပေါ့။ မြင်တဲ့နေရာက မမြင်တဲ့နေရာက လောကနဲ့ သာသနာအတွက် မြင်အပ်တဲ့နေရာ မမြင်အပ်တဲ့နေရာက တချို့က သီးခံအလုပ်လုပ်တယ် တချို့က သီးမခံဘဲအလုပ်လုပ်တယ်။ အဲဒါကိုလက်မခံဘဲနေမှာလား။ လက်ခံနိုင်အောင် ကိုယ်ကလုပ်ရမယ်။သူတော်ကောင်းအစားစားက ကိုယ့်ပ၇ိသတ်အတွက် လုပ်နေတယ်။ ကိုယ်ကမေ့မေ့ကြီးနေပြီးလုပ်နေရင် ဟိုက ဘယ်လောက်ပို့နေနေ မရောက်ဖူးဗျနော်။ ဒို့ကဒါလေးပြောခြင်တာဗျ
=====================================================

ရှမ်းသာဝကများကို လှူတတ်စေရန် လမ်းညွှန်မှုပြုသော ဆရာတော်ကြီး၏ သြ၀ါဒ ပုဂ္ဂိုလ်ကိုခင်တော့် ဘာရမှာလဲ။ ဘာမှမရဘူး။ သံဃာဂုဏ်ကိုအာရုံပြုရမှာနော်။အကျင့်ဂုဏ်ကို အာရုံပြု အကျင့်ဂုဏ်ကို သံဃာလို့ပောာတာ။ အဲဒါဆို ဘုရားနဲ့အတူတူဘဲ ဘုရားကျင့်သလိုကျင့် ဘုရားသိသလို သိနေတာ ဥာဏ်တွေပေါင်းစုထားတာ သံဃာလို့ပြောတာ။ ဆွမ်းတစ်ပုဂံနဲ့ရှိရှိသမျှသံဃာအကုန်ပါတာဘဲနော်။ စွဲအားကြီးလို့ လိုခြင်သလောက်မရတာ။ သံဃာကိုမြင်ဘူးရဲ့လား။ အကျင့်ဂုဏ်မြင်ဘူးလို့လား။ အကျင့်ဂုဏ်အာရုံပြုလှူနော်။ ကျေးဇူးတင်လွှာ။ မဟာဗောဓိမြိုင်ဆရာတော်ကြီး မဟာမြိုင်တောကြီးအတွင်းတွင် သီတင်းသုံးစဉ် တရားဟောပြောစဉ်ကာလမှ ဟောကြားသော တရားများကို အခက်အခဲအမျိုးမျိုးကြားမှ သွားရောက်မှတ်တမ်းတင်ရိုက်ကူးပေးထားသဖြင့် ယခုကဲ့သို့ ကြားနာရ တင်ပြနိုင်ခြင်းဖြစ်ပါသည်။ မှတ်တမ်းတင်ရိုက်ကူးထားသော အောင်နီဦး (ဗွီဒီယို) ဦးသန်းရှိန်+ဒေါ်ခင်မာနှင်းမိသားစုနှင့် ရွှေဘို မုံရွာ ဇီးကုန်း နတ်တလူ ရန်ကုန်မှ သံဟိတာအဖွဲ့များအား ကျေးဇူးအထူးတင်ရှိပါကြောင်း။ စာစုများသည် ဆရာတော်ကြီး၏ တရားခွေများမှ ကောက်နှုတ်ထားခြင်းဖြစ်ပြီး ကြားနာခွင့်မရရှိကုန်သော ဝေနေယျများအား မိမိကိုယ်နှင့် ထပ်တူနှိုင်းချင့် ကိုယ်ချင်းစာနာစိတ်ဖြင့် ဘလော့တွင် တင်ခြင်းဖြစ်ပါသည်။

သိတာလေးတွေ ပြောခဲ့ပါဦး

Popular Posts